ရေစကြို – ၂၀၂၂ ဩဂုတ် ၁၇ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ငတမျှော်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ နံနက်ပိုင်း ၁၀:၀၀ ဝန်းကျင်ကနေ ည ၇:၀၀ နာရီဝန်းကျင်ထိ မီးရှို့နေတာကြောင့် ရွာလုံးကျွတ်မီးလောင်နေတယ်လို့ ငတမျှော်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
ငတမျှော်ကျေးရွာတစ်ဝိုက်ကို အာဏာသိမ်းစစ်တပ်က ပျူစောထီးတွေဦးဆောင်ပြီး အင်အား ၃၀၀ ဝန်းကျင်နဲ့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
” တိုက်ပွဲလည်းမရှိဘဲနဲ့ပေါ့၊ တော်လှန်ရေးအင်အားစုတွေရှိနိုင်တဲ့ ရွာတွေကို သူတို့ကသာလွန်အင်အားတွေ၊လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရှို့နေတာ၊ရည်ရွယ်ချက်ရှိရှိရှို့နေတာလို့ပဲ ကျနော်တို့တော့မြင်တယ်”လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လူနေအိမ်အိမ်ခြေ ၅၀၀ကျော်၊ လူဦးရေ ၃၀၀၀ကျော် နေထိုင်တဲ့ ငတမျှော်ကျေးရွာကို တနေကုန်နီးပါး အာဏာသိမ်းစစ်တပ်အဖွဲ့က မီးရှို့နေတာကြောင့် ရွာလုံးကျွတ်မီးလောင်နိုင်ပြီး ဒေသခံတွေကထွက်ပြေးနေရပါတယ်။
” ရွာကရှို့ခံရတာ ရွာလုံးကျွတ်နီးပါးပါဗျ၊ ခုထိမီးတွေရှို့တုန်းပါ၊ မီးခိုးမမြင်ရဘူး ညဆိုတော့၊ အနီရောင်မီးတောက်ကြီးတွေပဲမြင်ရတယ် ၊ ကျေးလက်အညာဒေသကအိမ်တွေက တစ်အိမ်နဲ့တစ်အိမ်သိပ်မဝေးဘူး၊ ကောက်ပဲသီးနှံတွေလဲ လှောင်ထားကြတော့အဲ့ဒါတွေပါလောင်ကုန်ပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ် ကစစ်သားတွေက ရွာမှာ ရှိနေသေးတာကြောင့်ဒေသခံတစ်ယောက်မှ ရွာနားကပ်လို့မရသေးဘဲ မီးလောင်ဆုံးရှုံးမှုအခြေနေကိုမသိရသေးပါဘူး။
အခုညပိုင်းမှာ ငတမျှော်ကျေးရွာအနီးတစ်ဝိုက်မှာမိုးရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ မိုးရွာထဲမှာပြေးလွှားရှောင်တိမ်းနေထိုင်နေရပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်အဖွဲ့မီးရှို့နေတဲ့
ဓာတ်ပုံ – ရေလယ်ကျွန်းသတင်း ၂
#Dailynews

