ရွှေဘို – ၂၀၂၂ ဇန်နဝါရီ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလာလို့ ကျေးရွာ ခြောက်ရွာက ပြည်သူ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ရွှေဘိုမြို့ အနောက်ဘက် ၁၀ မိုင်ခန့် အကွာ သန်းတောရွာဘက်ကို အာဏာသိမ်းစစ်တပ်ဟာအင်အား ၁၅၀ ခန့်နဲ့ ခြေလျင် စစ်ကြောင်းထိုးလာခဲ့တာပါ။
ဒီလိုရောက်လာလို့ ရွှေဘိုမြို့ အနောက်ဘက်ရှိ သန်းတောရွာ၊ သံပုရာခြံရွာ၊ ဝါးရုံကန်ရွာ၊ ထူးကြီးရွာ၊ တည်ပင်ရွာနှင့် ရေကြည်ဝရွာများမှ ဒေသခံ ၃၀၀၀ လောက် ဘေးလွတ်ရာတိမ်းရှောင် နေရတယ်လို့ စစ်ဘေးရှောင်များအား ကူညီနေသူများက ပြောပါတယ်။
သန်းတောရွာအနီးမှာ အာဏာသိမ်းစစ်တပ်တိုက်ခိုက်ခံခဲ့ရပြီး တပ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း (SNAKE EYES-PDF(SHWEBO) | C&T (SHWEBO) နဲ့ ပ.က.ဖ အဖွဲ့အစည်းများက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ဘေးရှောင်တွေဟာ ဒီပဲယင်းနယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာခံတွေက ချက်ပြုတ်ကျွေးမွေးထားကြပါတယ်။
ရန်ပုံငွေအင်အားနည်းတာကြောင့် မြို့နယ်အတွင်း လာရောက်တိမ်းရှောင်ကြတဲ့ ပြည်သူတွေကို လက်ခံစောင့်ရှောက်သည့်ကျေးရွာတွေက ဝိုင်းဝန်းကူညီပေးကြဖို့နဲ့ ထောက်ပံ့ကူညီပေးကြဖို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲဲ့က မေတ္တာရပ်ခံထားပါတယ်။
ဒီကနေ့ မနက်ခင်းပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ ထူးကြီးရွာက ဆန်စက်တစ်လုံးထဲ တပ်စွဲထားပြီး အနီးဝန်းကျင်ရှိ ရွာ များသို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ ယခင်ရက်ပိုင်းအတွင်းက ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာကို ဝင်ရောက်ပြီး မီးရှိူ့ဖျက်ဆီးပစ်ခတ်ခဲ့လို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာသားလေးဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။
#Dailynews

