ရန်ကုန်၊ ၂၀၂၀ ဇန်နဝါရီ ၁၅
ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့်အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များမပါဝင်ခြင်းကြောင့် အသစ်ဖွဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် အဖွဲ့ဟောင်းနှင့် ထူးမခြားနားဖြစ်သည်ဟု လူ့အခွင့်အရေးလှှုပ်ရှားသူ တစ်ချို့ က ဝေဖန်သည်။
နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၃/၂၀၂ဝ ဖြင့် မနေ့က ထုတ်ပြန်သည့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အသစ်တွင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီး အငြိမ်းစားဝန်ထမ်းအများစုဖြင့် ဖွဲ့စည်းထားရာ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များမပါသည့်အပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ချို့က သဘောမကျပေ။
၂၀၁၉ ဒီဇင်ဘာထဲတွင် အရပ်ဖက်အဖွဲ့အစည်း ၂၀ ကျော် စုပေါင်းကာ ကော်မရှင်ပြန်လည်ဖွဲ့စည်းရာတွင် အရပ်ဖက် အဖွဲ့အစည်းကိုယ်စားလှယ်များပါဝင်ခွင့်ပြုရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် သမ္မတထံ စာပေးပို့ခဲ့သော်လည်း ဖွဲ့စည်းလာ သည့်အခါ လျစ်လျူရှု့ ခံခဲ့ရကြောင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ကိုအောင်ဇော်ဦးက ပြောသည်။
“ လူ့အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်တဲ့နေရာမှာ ဝန်ထမ်းဟောင်းတွေနဲ့ မထိရောက်ဘူးလို့ ပြောခဲ့တာရှိတယ်။ လူ့အခွင့်အရေးပညာရှင်တွေပါရမယ်။ အမျိုးသမီးအဖွဲ့ကလူတွေပါရမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေပါရမယ်” ဟု ၎င်းက ပြောသည်။
“ အခုလို နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ဝေဖန်သုံးသပ်နေတဲ့အချိန်မှာ ဒီလိုကော်မရှင်မျိုးကို ဖွဲ့စည်းပေးလိုက်တာက အရမ်းကို စိတ်ပျက်ဖို့ ကောင်းတယ်” ဟု ဦးအောင်ဇော်ဦးက သုံးသပ်သည်။
အသစ်ဖွဲ့စည်းလိုက်သည့် ကော်မရှင်စာရင်းအရ ယခင်ကော်မရှင်ဟောင်း၏ လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်းများထက် ပိုမို ထူးခြားအောင် ဆောင်ရွက်နိုင်မည့် အခြေအနေမရှိနိုင်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှှုပ်ရှား သည့် အသံအဖွဲ့မှ မောင်ဆောင်းခက ပြောသည်။
“ အရင်လူ့အခွင့်အရေးကော်မရှင်တုန်းကလည်း လုပ်ပေးနိုင်မယ်လို့ ၊ ရပ်တည်ပေးနိုင်မယ်လို့ ယူဆခဲ့ရတဲ့ လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုတောင်မှပဲ လျစ်လျူရှုခဲ့တယ်။ အစိုးရဘက်မှာပဲ ပြောင်ပြောင်တင်းတင်း ရပ်တည်ခဲ့တာတွေ ရှိခဲ့ တယ်။ အဲလိုမျိုးပဲ အခုလူ့အခွင့်အရေးကော်မရှင်လည်းပဲ အဲဒီပုံစံအတိုင်းပဲ ကျိန်းသေသွားလိမ့်မယ်လို့ မြင်တယ်။ ဒီလူပုံစံ အတိုင်းဆိုရင်ပေါ့” ဟု မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တွင် အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များကို ထည့်သွင်းဖွဲ့စည်းလိုပါ က ဖွဲ့စည်းနိုင်ရန် ၂၀၁၄ ခုနှစ်တွင် ပြဌာန်းသည့် ယင်းကော်မရှင်ဥပဒေ အခန်း(၃) တွင် ထည့်သွင်းပြဌာန်းထားသည်။

