(၁)
စာအုပ်အမည်ကို အင်္ဂလိပ်လို ရေးထားတယ်။ Not For Sale ။ ရေးဖွဲ့သူနှစ်ယောက်အမည်ကိုလည်း အဲဒီလိုပဲ Hla Moe နဲ့ Win Htunn အင်္ဂလိပ်လို ရေးထားတယ်။ ပန်းချီဆရာကလည်း အင်္ဂလိပ်လိုပဲ ဆိုင်းထိုးထားတယ်။ Moat Thone တဲ့။
(၂)
ဟုတ်ကဲ့။ လှမိုးနဲ့ ဝင်းထွန်းတို့နှစ်ယောက်ရဲ့ ကဗျာစာအုပ်ပါ။ မ္တနလေး အောင်မြေသာစံ၊ ၈၂ လမ်း ၁၈/၁၉ ကြား၊ ဇေယျတု စာအုပ်ထုတ်ဝေရေးက ထွက်ထားတာ။ ၂ဝ၁၆ စက်တင်ဘာ၊ ပထမအကြိမ်၊ အုပ်ရေ ၅ဝဝ၊ တန်ဖိုး ၁ဝဝဝ၊ ၁ဝ ချိုး၊ ၄၈ မျက်နှာ။ Hla Moe ၁၅ ပုဒ်။ Win Htunn ၁၃ ပုဒ်။
(၃)
အဖွင့်စာမျက်နှာမှာလည်း စာအုပ်အမည်နဲ့ ရေးဖွဲ့သူနှစ်ယောက်အမည်တို့ကို အင်္ဂလိပ်လိုပဲ ရေးထိုးထားတယ်။ ဒါပေမဲ့ ဒီကဗျာစာအုပ် Not For Sale ဟာ ခု ဒီဘက်ခေတ်မှာ အတွေ့ရများနေတဲ့ Bilingual တော့ မဟုတ်ဘူး။ ကဗျာရေးဖွဲ့သူ လှမိုးနဲ့ ဝင်းထွန်းတို့ဟာ စာပေစိစစ်ရေးမရှိတော့လို့သာ သူတို့ကဗျာတွေကို ရေးဖွဲ့ထုတ်ဝေနိုင်တာဖြစ်တယ်။ ဒါမှမဟုတ် လတ်တလောခံစားမှုတွေ ရင်ထဲ ပြည့်ညပ်နေရာက ပွင့်ထွက်လာတာလို့လည်း ယုံကြည်နိုင်ပါတယ်။
(၄)
ကဗျာပုဒ်ရေ ၂၈ ပုဒ် ပါတယ်။ ထူးထူးထွေထွေတွေ မဟုတ်ဘူး။ ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကို ရသနဲ့ စွက်ထားတဲ့ ပြည့်ဝဖျော်ရည်တွေ ဖြစ်တယ်။ ပျစ်ချွဲချွဲလည်း မဟုတ်၊ ကျဲတောက်တောက်လည်း မဟုတ်၊ ပေါ့ပျက်ပျက်လည်း မဟုတ်၊ လေးလေးပင်ပင်ကြီးလည်း မဟုတ်၊ ထူးခြားတာကတော့ လှမိုးရော ဝင်းထွန်းပါ ဘယ်ဂျာနယ်၊ ဘယ်မဂ္ဂဇင်း၊ ဘယ်စာစောင်တွေရဲ့ စာမျက်နှာတွေပေါ်ကိုမှ မဖြတ်သန်းခဲ့ကြဖူးသူတွေ ဖြစ်တယ်။ အားလုံး Brand New ။ လူသစ်၊ ကဗျာသစ်တွေပေါ့။
(၅)
စင်စစ်တော့ ကဗျာရဲ့သဘာဝက အသစ်ပါ။ ဆရာ့ဆရာတွေကလည်း အဲသလိုပဲ သတ်မှတ်ခဲ့ကြပြီးသားပါ။ မသစ်ရင် ကဗျာမမည်။ ကဗျာဟာ သမိုင်းတစ်လျှောက် အမြဲတမ်းသစ်နေခဲ့ပြီးသား။ ပုဂံခေတ်ကနေ ဒီကနေ့အထိ ကဗျာလောက်သစ်နိုင်တာ ကဗျာပဲရှိတယ်။ သစ်ခဲ့၊ သစ်ဆဲ၊ သစ်လတ္တံ့ပေါ့။ သစ်မှ ရှင်သန်တယ်။ ကဗျာက အသစ်သက်သက်၊ အသစ်စက်စက်။
ကဗျာနဲ့ပတ်သက်ပြီး ၂ဝ၁၆ အမျိုးသားစာပေဆု ရွေးကြမယ့်ကိစ္စမှာ သဘောထားကွဲလွဲမှု ပေါ်ပေါက်တဲ့အခါ အစဉ်အလာ ရိုးရာအတိုင်း ရေးဖွဲ့ကြသူတွေအတွက် ဆုတစ်ဆုနဲ့ ခေတ်အလျောက် ကာလပေါ်ခေတ်သစ်ကဗျာရေးသူတွေအတွက် ဆုတစ်ဆုရယ်လို့ ခွဲခြားချီးမြှင့်ပေးစေချင်သူတွေ ရှိနေသလို ကဗျာကို မခွဲခြားဘဲ ကဗျာပီသမှု ကဗျာအဖြစ် ခိုင်မာမှု ကဗျာရသ ထိရှနိုင်မှုတို့အပေါ်မှာပဲ ရှုမြင်ပြီး ထွက်သမျှ ကဗျာတွေထဲက အကောင်းဆုံးတစ်အုပ်ကိုပဲ ဆုပေးစေချင်သူတွေလည်း ရှိနေတယ်။ ဆွေးနွေးတင်ပြမှုအားလုံးကို သဘောထားနဲ့ ခွဲခြားလိုက်တော့ တစ်ဆုပဲ ပေးဖို့ (မူလကတည်းက အတည်ပြုခဲ့ပြီးသားပုံစံ)ဆုံးဖြတ်ခဲ့တယ်။ ပုံစံပေါ် မူမတည်ဘဲ ကဗျာဖြစ်၊ မဖြစ်၊ ကဗျာပီ၊ မပီနဲ့ပဲ ခွဲခြားကြမှာ။ ရတု ရကန် အဲ အံ လူးတား မော်ကွန်း ပျို့ လင်္ကာတွေနဲ့ ရေးမှ ကဗျာဖြစ်တဲ့ခေတ်။ သံရိုးကနေ သံဆန်းပြောင်း။ ခေတ်စမ်းကနေ ခေတ်သစ်ပြောင်း။ လေးလုံးစပ်ကို ဖောက်ထွက်။ လွတ်လပ်ကာရံ။ နရီနဲ့ နိမိတ်ပုံ။ သူ့ခေတ်နဲ့ သူတွင်ကျယ်။ နယ်နိမိတ်တွေ ပြယ်လွင့်။ L.P နဲ့ ပါဖော့မင့်နဲ့ အင်စတော်လေးရှင်းနဲ့။
ကဗျာက အမြဲပြောင်းလဲ သစ်လွင်နေမယ်။ အမြဲရှင်သန်နေမယ်။ ပုံစံက ခေတ်အလျောက်၊ စကားလုံးတွေကလည်း ခေတ်အလျောက်၊ ခံစားမှုတွေကလည်း ခေတ်အလျောက်။ တင်ပြမှုတွေကလည်း ခေတ်ကို မလွန်ဆဲနိုင်။ ခေတ်က လက်ခံရင် နေခဲ့မယ်။
(၆)
‘….သူပုန်ဖြစ်ချင်စိတ်နဲ့ နဝတခေတ်မှာ အခြေခံပညာပြီးခဲ့။ တက္ကသိုလ်မတက်ခင် သုံးနှစ်တာဖြတ်သန်းမှုမှာ ကဗျာကို ချစ်ခဲ့။ နအဖခေတ် တက္ကသိုလ်ကျောင်းသား၊ ဆရာဝန်၊ ကျောင်းဆရာ၊ ဝန်ထမ်းအဖြစ် နေထိုင်ရင်း ကဗျာအချစ်ဦးနဲ့ ဝေးခဲ့ပြီးမှ ၂ဝ၁၆ ပြည်သူ့အစိုးရခေတ်မှာ ကဗျာနဲ့ ပြန်လည်ဆုံတွေ့ ခွင့်ရခိုက်….’
Hla Moe
‘လွန်ခဲ့သော နှစ် ၃ဝ မှ ဒီနေ့အချိန်ထိ ရင်ဘတ်ချင်းရင်းနှီးဆဲ သူငယ်ချင်းနဲ့ မက်ခဲ့ဖူးတဲ့ အိပ်မက်ကလေးကို အကောင်အထည်အဖြစ် မြင်ရရုံသက်သက်ပါ’
Win Htunn
အဲဒါဟာ ကာယကံရှင် ကဗျာရေးဖွဲ့သူနှစ်ဦးရဲ့ Intro ပါ။ ပုံမှန်အတိုင်းသာလျှင် ဖြစ်တယ်။ ရိုးသားခြင်းကို ခံစားရတယ်။
သူတို့နှစ်ယောက်အတွက် ကဗျာဟာ သူတို့အသွေးအသားထဲမှာ ဟိုးရှေးခေတ်ကတည်းက တစ်ဖက်သတ်စိမ့်ဝင် လှည့်ပတ်နေခဲ့ပြီးသား ဖြစ်နေသလိုပေါ့။
Hla Moe နဲ့ Win Htunn တို့အပေါ် ‘ဝေးခေါင်’ က သံယောဇဉ်အပြည့်နဲ့ အမှာစကားဆိုရာမှာ သူတို့သုံးဦးရဲ့ အတိတ်က ကျင်လည်ရာ Life Style ကို တို့တို့ထိထိ ရှရှတတ ဖွင့်ပြထားတယ်။ ငယ်ဘဝကို လွမ်းတထားတယ်။ ‘….သမိုင်းသည် ကြောင်လိမ်လှေကားသဖွယ် တစ်ဆက်တည်း ရောက်ပြီးသားနေရာ ပြန်ရောက်ရသလို အသွင်မြင်ရမှုတစ်ဆင်တည်းပဲ သူနဲ့ ငါ (ကြည်အေး)၊ သို့သော် ရေပြင်ညီမတူ၊ မိုးကုပ်မျဉ်းအထက် တရိပ်ရိပ်မြင့်တက်လျက်၊ သူတို့ဟာ ကျွန်တော်တို့ရဲ့ ညီငယ်တွေ ဖြစ်သည်။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ဘဝအသစ်တွေ ဖြစ်သည်’လို့ ပိတ်သိမ်းထားတယ်။
(၇)
Not For Sale မှာ ပါတဲ့ ကဗျာအားလုံးရဲ့ သက်တမ်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်စွန်းစွန်းက စပြီး ထွန်းကားခဲ့တာပါ။ အချို့ကဗျာတွေမှာ စာပြီးနှစ် တချို့မှာ မပါခဲ့။ ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလအချို့ရဲ့ စွန်းထင်းမှုတွေနဲ့ ပြည့်နှက်။ သိင်္ဂါရရသတွေလည်း ပြိုးပြိုးပြက်ပြက် ရှိရဲ့။ သံဝေဂနဲ့ သင်္ခါရကိုလည်း ဖျတ်ခနဲ တွေ့ရဲ့။ အဘိဓမ္မာအချို့ကိုလည်း လင်းလက်စေခဲ့။ ဘဝရဲ့ ဖလ်ကွဲစတွေ ကြွေလွင့်နေတာကိုလည်း မြင်ရရဲ့။ သဘာဝပတ်ဝန်းကျင်ရဲ့ လွှမ်းခြုံမှုအောက် နစ်မြုပ်သွားတာကိုလည်း ကြုံရ။
ခင်ဗျားတို့ စိုက်ခဲ့တဲ့ အပင်မို့
ခင်ဗျားတို့ ပြန်နုတ်သွားသလို
ခင်ဗျားတို့ အတွေးအခေါ်
ခင်ဗျားတို့ ခံယူချက်
ခင်ဗျားတို့ သဘောထား
ခင်ဗျားတို့ အငွေ့အသက်
ခင်ဗျားတို့နဲ့ ပတ်သက်တာ မှန်သမျှ
ဒီမြေကမ္ဘာကနေ
အပြီးအပြတ် နုတ်သိမ်းပေးသွားကြပါဗျာ
မြေနာလွန်းလို့။ ။
အဲဒါက Hla Moe ရဲ့ ၂ဝ၁၆ က ကဗျာ။ ခေါင်းစဉ်ကို သူက
‘ခွာစစ်’လို့ အမည်ပေးထားတယ်။
ဖြစ်စဉ်
လမင်း
ပင်လယ်ကို မျှားသတဲ့
ဒီရေ
တအားရုန်းကြွ
ငွေ
အာဏာကို မျှားသတဲ့
မျက်ရည်
စားသုံးကြ။ ။
အဲဒါကတော့ Win Htunn ရဲ့ ၂ဝ၁၄ က ကဗျာ။
(၈)
ကဗျာရေးသူ လူသစ်နှစ်ယောက်က မ္တနလေးက။ ထုတ်ဝေသူကလည်း မ္တနလေးက။ ကဗျာနောက်ခံ ကာလဒေသ ပယောဂတွေကလည်း မ္တနလေးကပဲ ဆိုတော့။ ဒီ Not For Sale ဟာ မ္တနလေးအခြေခံအားကို အရယူထားတယ်လို့ ဆိုနိုင်ပေလိမ့်မယ်။ အသစ်အသစ်တွေကို မျှော်လင့်ရာမှာ မ္တနလေးရဲ့ ဖြည့်စွက်မှုတွေဟာလည်း အသစ်ပဲ ဖြစ်မယ်လို့ ယုံကြည်လိုက်ကြရအောင်။
၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ စာအုပ်အညွှန်း ဖြစ်ပါသည်။
သင့်နော် ရေးသည်။