အသက်ကယ်မယ့်သွေး အမြန်ရှာပေးပါ     

အသက်ကယ်မယ့်သွေး အမြန်ရှာပေးပါ     

Photo-Aung Phay Kyi Soe  

   ညနေခြောက်နာရီခန့်က ဇနီးဖြစ်သူ ရေမြွှာ ပေါက်၍ မွေးခန်းထဲ ဝင်သွားချိန် ဦးထွန်းလှိုင် ခေါင်းပေါ်သို့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျလာ သည်။ ဆေးရုံရှိ ဆရာဝန်နှင့် သူနာပြုဆရာမများ က လိုအပ်၍ ခွဲမွေးလျှင် အသုံးပြုရန် ဘီသွေး (အနုတ်) နှစ်ပုလင်းရှာခိုင်းသောကြောင့် ဖြစ် သည်။ ထို့ကြောင့် နီးစပ်ရာဆွေမျိုးသားချင်းဆီ ဖုန်းတွေဆက်ရသည်။ သို့ပေမဲ့ သူလိုသည့် သွေး က ရှားသည့်အထဲ ပါသောကြောင့် မရ။

သူ့ဇနီးက ကလေးမီးမဖွားနိုင်သေးသဖြင့် ည ၉းဝဝနာရီ လောက်မှာ မွေးခန်းထဲက ပြန်ထွက်လာသည်။ နောက်တစ်နေ့ မွန်းလွဲ ၃းဝဝ နာရီတွင် ဗိုက်နာပြန်သောကြောင့် ဒုတိယအကြိမ် မွေးခန်းထဲ ထပ်ဝင်ရပြန်သည်။ ထိုအချိန်ထိ သွေးရှာမရသေး။

ထိုအချိန် သူ စိတ်ကူးတစ်ခုရလိုက်သည်။ ဆေးရုံရှိ သွေး လှူဘဏ်ရှေ့တွင် သွေးလှူရှင်များကို သွားရောက် စောင့်ဆိုင်းဖို့ ဖြစ်သည်။ သွေးဘဏ်ရှေ့တွင်စောင့်နေရင်း ကံကောင်းထောက်မ စွာ သွေးလှူရှင်တစ်ယောက်နှင့် ချိတ်မိလေသည်။ ထိုသူက ပရဟိတသွေးလှူရှင်အသင်းတစ်ခုမှဖြစ်ပြီး သူ့ထံမှ သွေးလှူရှင်    ဖုန်း နံပါတ်သုံးခုရခဲ့လေသည်။ ထိုဖုန်းနံပါတ်များမှ ဆင့်ပွားဆက်ရင်း သူလိုချင်သော သွေးအမျိုးအစားကို သွေးလှူရှင်တစ်ဦးနှင့်ချိတ် ဆက်မိခဲ့သည်။

ဝမ်းသာအားရနှင့်ပင် ထိုသူ့ထံ သွားရောက်ကာ ဆေးရုံသို့ ခေါ်လာခဲ့သည်။ နောက်ထပ်သွေးအလှူရှင်တစ်ဦးကိုတော့ ည ရးဝဝ နာရီကျော်တွင် မြောက်ဥက္ကလာဘက်မှ လှူမည့်သူတစ်ဦး နှင့် ချိတ်ဆက်မိလေသည်။ အလှူရှင်များရပြီး တစ်နာရီကျော် ကြာသောအခါတွင်တော့ သမီးလေးကို ရှောရှောရှူရှူ မွေးဖွား နိုင်ခဲ့လေသည်။ သူ ပင်ပန်းတကြီး ရှာဖွေရသော သွေးတော့ မလို အပ်ခဲ့ပေ။

”တစ်ခါမှလည်းမတွေ့ကြုံဖူးတော့ ခေါင်းထဲမှာ ရှုပ်ယှက် ခတ်နေတာ။ သွေးရှာရတာ ရူးတောင်ရူးချင်တယ်”ဟု ဦးထွန်း လှိုင်ကပြောရင်း ‘ဟူးခနဲ’လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ နဖူးပေါ်မှစီးကျလာသော ချွေးများကို စစ်စိမ်းရောင် မျက်နှာ သုတ်ပဝါဖြင့် သုတ်လိုက်သည်။ သူတို့ဇနီးမောင်နှံမှာ ယခုနှစ် မတ် ၁၄ ၌ ပထမဦးဆုံး သမီးငယ်ကို မီးဖွားရန် ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ တက်ရောက်ခဲ့ရင်း သွေးအခက်အခဲ ကြုံခဲ့ရခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၏ ကျန်းမာရေးဦးစီးဌာနလက် အောက်တွင် တိုက်နယ်ဆေးရုံမှ အထူးကုဆေးရုံကြီးအဆင့်အထိ ၈၃ ရုံ ရှိပြီး ပုဂ္ဂလိကဆေးရုံ ၅ဝ ကျော်ရှိသည်။ သို့သော် မြန်မာ နိုင်ငံတွင် တစ်ခုတည်းရှိသော အမျိုးသားသွေးဌာနအနေဖြင့် သွေးအသုံးပြုမှုများသော အစိုးရဆေးရုံကြီး ၁ဝ ရုံနှင့် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသို့သာ နေ့စဉ်ပုံမှန် သွေးထောက်ပံ့နိုင်ပြီး ကျန် ရှိနေသော ဆေးရုံကြီးများသို့ ထောက်ပံ့ပေးနိုင်ခြင်း မရှိသေး ကြောင်း အမျိုးသားသွေးဌာန၏ တာဝန်ခံနှင့် ကုသရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ပါမောက္ခ ဒေါက် တာသီတာအောင်က ပြောသည်။ ထို့ကြောင့် သွေးလိုအပ်သည့် လူနာများအနေဖြင့် သွေးရရှိရန်မှာ အခက်အခဲများစွာနှင့် ကြုံ တွေ့နေရဆဲ ဖြစ်သည်။

အမျိုးသားသွေးဌာနသည် သွေးယူနစ် ၂,ဝဝဝ ခန့် သို လှောင်နိုင်သည်။ (သွေးတစ်ယူနစ် (သွေးတစ်အိတ်(သို့) အရပ် ခေါ် သွေးတစ်ပုလင်း)တွင် အနီးစပ်ဆုံးသွေးပမာဏ ၄၅ဝ မီလီ လီတာ (ရေသန့်ဘူး တစ်ဝက်ခန့်) ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (World Health Organization-WHO) က သတ်မှတ်ထားသည်။)

ကမ္ဘာ့နိုင်ငံများအနက် ဝင်ငွေမြင့်မားသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်လတ်နိုင်ငံများသည် ခေတ်မီသော ဆေးပညာပိုင်း ဆိုင်ရာ ခွဲစိတ်ကုသမှုများ၌သာ သွေးသွင်းခြင်းကို အများဆုံး အသုံးပြု ဆောင်ရွက်နေသော်လည်း ဝင်ငွေနိမ့်ကျသည့် တိုင်း ပြည်များတွင်မူ လမ်းပေါ်ယာဉ်မတော်တဆဖြစ်မှုများ၊ ကိုယ်ဝန် ဆောင်နှင့် ကလေးမွေးဖွားမှုအခက်အခဲများ၊ ကလေးငယ်များ တွင် ဖြစ်သည့် ပြင်းထန်သွေးအားနည်းရောဂါ၊ ထိခိုက်ဒဏ်ရာနှင့် မွေးရာပါ သွေးရောဂါများအတွက်ပါ အသုံးပြုနေရကြောင်း WHO ၏ စစ်တမ်းများက ဆိုသည်။

တစ်ကမ္ဘာလုံး၌ ၂ဝဝ၄ တွင် အသုံးပြုသည့် သွေးယူနစ် ပေါင်း သန်း ၈ဝ ခန့်ရှိရာမှ ၂ဝ၁၆ တွင် ယူနစ်သန်းပေါင်း ၁ဝ၈ အထိ သုံးစွဲခဲ့သဖြင့် ၂၅ ရာခိုင်နှုန်း မြင့်မားလာခဲ့ကြောင်း ၂ဝ၁၆ တွင် WHO က ထုတ်ပြန်ထားသည်။

အမျိုးသားသွေးဌာနမှ ဆေးရုံများသို့ နေ့စဉ် သွေးဖြန့်ဖြူးနေပုံ           Photo-Aung Phay Kyi Soe  

သွေးလိုအပ်ချက်မြင့်လာ

မြန်မာတစ်နိုင်ငံလုံးတွင် သွေးအသုံးပြုမှုမှာ ၂ဝ၁၃ က ယူ နစ်ပေါင်း သုံးသောင်းခွဲကျော်သာရှိခဲ့ရာမှ ၂ဝ၁၆ တွင် ယူနစ် ပေါင်း တစ်သိန်းတစ်သောင်းကျော်အထိ သုံးစွဲမှုသုံးဆကျော်မြင့် တက်လာခဲ့သည်ဟု အမျိုးသားသွေးဌာန၏ စာရင်းများတွင် ဖော်ပြထား၏။

ပြည်သူ့ဆေးရုံကြီးများတွင် အခမဲ့ကျန်းမာရေးစောင့် ရှောက်မှုများ ရှိလာခြင်းကြောင့် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်မြို့ နယ်များမှ လွှဲပြောင်းလာသည့် လူနာများ ပြည်သူ့ဆေးရုံများသို့ ရောက်ရှိမှုပိုမိုများပြားလာခဲ့ခြင်းနှင့် ပြည်သူ့ဆေးရုံကြီးအချို့ ၌ ခွဲစိတ်ကုသပေးသည့် ဌာနများတိုးချဲ့တည်ဆောက်လာခြင်းများကြောင့် သွေးအသုံးပြုမှုများပြားလာရသည်ဟု ကျန်းမာရေး ပညာရှင်များက သုံးသပ်သည်။

ယင်းသို့ ဆေးရုံများတွင် လူနာဦးရေတိုးမြင့်လာသည့် နည်းတူ ပုံမှန်သွေးဖြန့်ဖြူးမပေးနိုင်သည့်မြောက်ဥက္ကလာပဆေးရုံ၊ ကလေးဆေးရုံကြီး(ရန်ကုန်)၊ ရန်ကင်းကလေးဆေးရုံ၊ အင်း စိန်ဆေးရုံ၊ သင်္ဃန်းကျွန်းစံပြဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး များတွင် လစဉ်ပုံမှန် သွေးယူနစ် ၂,ဝဝဝ ကျော် လိုအပ်နေသည်ဟု ပါမောက္ခ ဒေါက်တာသီတာအောင်ကဆိုသည်။

”နောက်ထပ်သွေးလှူရှင်တွေ ထပ်တိုးလာရင်တော့ အဲဒီ ဆေးရုံတွေပါ အဆင်ပြေသွားနိုင်ပါတယ်”ဟု သူက ရှင်းပြသည်။အမျိုးသားသွေးဌာနမှ ပုံမှန်သွေးဖြန့်ချိပေးသည့် စာရင်းတွင် မပါ ဝင်သော ဆေးရုံကြီးခြောက်ရုံရှိ သွေးဘဏ်များတွင် သွေးလှူ ရှင် ရှာပေးနိုင်သည့် စည်းရုံးရေးမှူးများ မရှိခြင်းနှင့် တာဝန်ကျ ဝန်ထမ်းများမှာလည်း သွေးဘဏ်ကိစ္စများအပြင် ဓာတ်ခွဲခန်းမှရောဂါရှာဖွေရေးလုပ်ငန်းများပါ ပူးတွဲတာဝန်ယူထားရသော ကြောင့် သွေးလှူရှင်စုဆောင်းမှုအပိုင်းတွင် အခက်အခဲများရှိ ကြောင်း ယင်းဆေးရုံများမှ တာဝန်ရှိသူများကဆိုသည်။

အရေးပေါ်သွေးလိုအပ်သည့်ချိန်၌ ဆေးရုံမှဆရာဝန်၊ အလုပ်သင်ဝန်ထမ်းများမှာ အခါအားလျော်စွာ သွေးလှူဒါန်းနေ ရကြောင်း ဗဟိုအမျိုးသမီးဆေးရုံံကြီး(ရန်ကုန်)၊ သွေးလှူဘဏ် မှ ရောဂါဗေဒအထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာ ခင်ရွှေမာက ရှင်းပြသည်။

Source: အမျိုးသားသွေးဌာန

ထို့ကြောင့် ဆေးရုံများ၏သွေးလှူဘဏ်တွင် လှူဒါန်းရာမှ စုဆောင်းထားသည့် သွေးအမျိုးအစားလေးမျိုးကို လူနာများ လို အပ်ပါက အသုံးပြုနိုင်ပြီး သုံးသည့် သွေးပမာဏအလိုက် နောက်လူများ အရေးပေါ်အသုံးလိုလျှင် သုံးစွဲနိုင်ရန် သွေးလှူရှင် ရှာ၍ ပြန်လည်အစားထိုးပေးရသည့်စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသည်။

သွေးလိုအပ်မှုများရှိနေသည့် တစ်ချိန်တည်းမှာပင် လက်ရှိ သွေးဘဏ်များမှ အလှူခံရရှိသည့် သွေးများကို ပြန်လည်အသုံး ပြုရာတွင် စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် လေလွင့်မှုများစွာ ရှိနေသည်ဟု ကျန်းမာရေးပညာရှင်များက ထောက်ပြကြသည်။

လေလွင့်သွားသော သွေးများ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဗဟိုအမျိုးသမီးဆေးရုံကြီး တို့သည် အမျိုးသားသွေးဌာနမှ သွေးများတောင်းခံရာတွင် လို သည်ထက်ပိုမိုတောင်းခံနေပြီး အသုံးမပြုဖြစ်သောသွေးများမှာ သက်တမ်းကျော်လွန်ကာ စွန့်ပစ်နေရသည်ကို တွေ့ရှိနေရ ကြောင်း ယခုနှစ် ဇန်နဝါရီက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ၄၅ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ ဆေးသုတေသန ညီလာခံ၌ ဆရာဝန်ကိုးဦးပါသောအဖွဲ့က သုတေသနစာတမ်း တစ်စောင်တင်ပြခဲ့သည်။

ထိုသုတေသနကို ရန်ကုန်ပြည်သူ့ဆေးရုံံကြီးနှင့် ဗဟိုအမျိုး သမီးဆေးရုံကြီးတို့တွင် ၂ဝ၁၆ တစ်နှစ်တာကာလအတွင်း ပြု လုပ်ခဲ့ပြီး ယင်းသုတေသနမှ တွေ့ရှိချက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ လူပုဂ္ဂိုလ်များအပေါ် စမ်းသပ်ခြင်းဆိုင် ရာ ကျင့်ဝတ်ကော်မတီက အတည်ပြုခဲ့သည်။

သုတေသနအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာစုစု ပေါင်း ၁,၉၉၅ ဦးသည် သွေး ၆,၁၄၂ ယူနစ် တောင်းခံခဲ့ပြီးအသုံး ပြုမှုမှာ ၄,၃၁၄ ယူနစ်သာ ရှိခဲ့ကာ ၃ဝ ရာခိုင်နှုန်းနီးပါး လေလွင့် သည့်သဘောဖြစ်သည်။

အရိုးကုသဆောင်မှလွဲ၍ သွေးတောင်းခံမှု၏ ၆ဝ ရာခိုင် နှုန်းကျော်သည် အမှန်တကယ်အသုံးပြုနေသော်လည်း ဆေး ကုသဆောင်များမှ သွေးတောင်းခံခြင်းနှင့်သွေးအသုံးပြုမှုများတွင် အရေးပေါ်မဟုတ်သော ပုံမှန်ခွဲစိတ်မှုများအတွက် မလိုအပ် ဘဲ တောင်းခံခြင်း များပြားနေကြောင်း ဖော်ပြထားသည်။

အမျိုးသားသွေးဌာနတွင် လာရောက်သွေးလှူဒါန်းသည့် သွေးလှူရှင်တစ်ဦး     Photo-Aung Phay Kyi Soe  

ဗဟိုအမျိုးသမီးဆေးရုံကြီးတွင်လည်း လူနာစုစုပေါင်း ၇၂၁ ဦးသည် သွေး ၁,၅၄၂ ယူနစ်တောင်းခံခဲ့ပြီး အသုံးပြုမှုမှာ ၃၆၂ ယူနစ်သာရှိခဲ့ရာ ၇၅ ရာခိုင်နှုန်းကျော် လေလွင့်ခဲ့သည့် သဘော ဖြစ်သည်။

(ခွဲစိတ်ကုသမှုများ၌ သုံးသည့် သွေးဥမွှား၊ သွေးနီဥစသည့် သွေးအစိတ်အပိုင်းများအားလုံး ပါဝင်သည့် သွေး(Whole Blood) သည် ၃၅ ရက်အထိ ထားသိုနိုင်ပြီး အေးခဲထားသည့် သွေးရည်ကြည် (Fresh Frozen Plasma)မှာ သုံးရက်ထိသာထားသိုနိုင်သည်ဟု အမျိုးသားသွေးဌာနက သတ်မှတ်ထားသည်။)

ထို့ကြောင့် သုတေသနပြုလုပ်သည့်အဖွဲ့က သွေးတောင်းခံခြင်းနှင့် သွေးအသုံးပြုမှု ပမာဏများစွာ ကွာခြားခြင်း မရှိစေရန်နှင့် အလေအလွင့်နည်းပါးစေရန် လမ်းညွှန်ချက်များ ပိုမိုတိကျစွာပြုလုပ်သင့်ကြောင်း အကြံပြုထားသည်။

အမျိုးသားသွေးဌာနအနေဖြင့်လည်း ၂ဝ၁၇ ၊ ဖေဖော်ဝါရီ၁ ရက်မှစတင်ကာ ပုံမှန်သွေးဖြန့်ဖြူးပေးလျက်ရှိသော ဆေးရုံ၁၁ ရုံကို ဂျပန်နိုင်ငံမှ ပြုလုပ်ပေးသည့် ကွန်ပျူတာဆော့ဖ်ဝဲ စနစ်ဖြင့် ချိတ်ဆက်ကာသေချာစိစစ်နေသောကြောင့်သွေးလေလွင့်မှုများနည်းပါးလာကြောင်းပါမောက္ခဒေါက်တာသီတာအောင်ကရှင်းပြသည်။

”ဒါ(ဖြန့်ဝေသည့်သွေးပမာဏ)တွေကို ဘယ်ဆေးရုံတွေက ဘယ်ရောဂါတွေမှာ သုံးတာလဲဆိုတာ စိစစ်ပါတယ်။ ဆေးရုံတွေက အလေအလွင့် ဖြစ်တာတွေ့ရင် အရေးယူသွားပါမယ်”ဟု သူက ဆိုသည်။

၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သော ၄၅ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံမှသုတေသနစာတမ်းပါ ဆေးရုံနှစ်ရုံ၏ အမှန်တကယ် သွေး အသုံးပြုမှုပြ ဇယား

အမျိုးသားသွေးဌ ာန၏ သွေးအလှူခံမှု

အမျိုးသားသွေးဌာနသည် သွေးပြတ်လပ်မှုမဖြစ်စေရန်သွေးအမျိုးအစားတစ်မျိုးလျှင် နှစ်ရက်စာပမာဏဖြစ်သော ၁၄ဝယူနစ်ခန့်ထက် မလျော့နည်းစေရန်စိစစ်မှုများလုပ်နေကြောင်းပါမောက္ခဒေါက်တာသီတာအောင်ကမော်ကွန်းကိုရှင်းပြသည်။လက်ရှိအမျိုးသားသွေးဌာနတွင် နေ့စဉ် လာရောက်လှူဒါန်းသည့်သွေးလှူရှင်များမှာ ပျမ်းမျှအားဖြင့် ၅ဝ ဦးမှ ၁ဝဝ ဦး ကြားနှင့်တစ်လလျှင် စုပေါင်းသွေးလှူဒါန်းပွဲ အနည်းဆုံး ၂ဝ ပွဲ ခန့်ရှိသည်။

ထို့အပြင် ဆေးရုံများသို့ သွေးဖြန့်ဖြူးရာတွင်လည်း အရေးပေါ်အခြေအနေကြောင့် လတ်တလော သွေးအသုံးပြုရမည့် လူနာများနှင့် သွေးသွင်းကုသမှ အသက်ရှင်မည့်လူနာများ (သွေးကင်ဆာသမားစသဖြင့်) ကို သွေးပြန်လည် အစားပေးစရာမလိုဘဲကူညီပေးသော်လည်း ခွဲစိတ်ကုသရန် ကြိုတင်ချိတ်ဆက်၍ရောက်ရှိလာသည့်လူနာများကိုမူ အသုံးပြုမည့် သွေးအတွက်ပြန်လည် အစားထိုးရှာခိုင်းသည့်စနစ်ဖြင့် သွေးပြန်လည် ရရှိစေရန် ဆောင်ရွက်ထားသည်။

ရှားပါး(အနုတ်)သွေးနှင့် ပတ်သက်၍အကူညီတောင်း ခံပါက သက်ဆိုင်ရာဆေးရုံမှ ဆရာဝန်၏ သွေးတောင်းခံလွှာဖြင့်အမျိုးသားသွေးဌာနတွင် အကူအညီတောင်းခံနိုင်သည်။

၂ဝ၁၄၊ ဇွန် ၁ ရက်တွင် မြန်မာနိုင်ငံအနေဖြင့် စေတနာ့သွေးလှူရှင်များ၏ လှူဒါန်းမှုနှုန်း ၉၈ ရာခိုင်နှုန်းခန့်ထိ တိုးတက်လာသောကြောင့် နိုင်ငံတကာသွေးသွင်းခြင်းဆိုင်ရာ လူမှုအဖွဲ့အစည်း(International Society of Blood Transfusion)က ချီးမြှင့်သော သွေးသွင်းကုသမှုနှင့် ပတ်သက်၍ တိုးတက်သည့်နိုင်ငံဆု (Developing Country Award) ကို ရရှိခဲ့သည်။သို့သော် သွေးလိုချက်မှာ ရှိနေဆဲဖြစ်ကြောင်း ပါမောက္ခဒေါက်တာသီတာအောင်က ဆိုသည်။

     

ပရဟိတအဖွဲ့များ သွေးလှူဒါန်းမှု

အမျိုးသားသွေးဌာနအနေဖြင့် ဆေးရုံများ၏သွေးလိုအပ် ချက်အရ ရာနှုန်းပြည့်တာဝန်မယူနိုင်သေးခင် အရေးပေါ် လိုအပ် သည့်သွေးများအတွက် ပရဟိတအသင်းများအပေါ် မှီခိုနေရ ကြောင်းသွေးမေတ္တာပရဟိတအသင်း-ရန်ကုန်၏ ဥက္ကဋ္ဌ ဦးမြတ် ကျော်က ရှင်းပြသည်။

သူသည် ၇၄ ကြိမ်မြောက်သွေးလှူရှင်တစ်ဦးဖြစ်ပြီး သွေး မေတ္တာပရဟိတအသင်းကို ၂ဝဝ၃ ၊ ဇန်နဝါရီ ၁ ရက် တွင် စတင် တည်ထောင်ခဲ့သူတစ်ဦးဖြစ်ကာ လက်ရှိအသင်း၌ သွေးလှူရှင် ပေါင်း တစ်သောင်းကျော်ထိ စုဆောင်းနိုင်ခဲ့သူလည်း ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့တွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများမှ လူနာရှင်များ သွေးလိုအပ်ပါက ချက်ချင်း ကူညီပေးနိုင်ရန် နေ့စဉ်သွေးလှူရှင် ၁ဝ ဦးခန့်ကို အသင့်ထားရှိ သည်ဟု ဦးမြတ်ကျော်က ဆိုသည်။

”အရေးပေါ်သွေး(Fresh Blood)ကို အဓိကထားပြီး လှူ ပေးတာပါ။ နောက်ပြီး ဆေးရုံက သွေးကိုလည်း ယူသုံးလိုက်လို့ ဆင်းခါနီး ပြန်ပေးဖို့ အခက်အခဲဖြစ်တာတွေဆိုရင်လည်း ကျွန် တော်တို့က သူတို့အတွက် သွေးကြွေးဆပ်ပေးရပါတယ်”ဟု သူ က မော်ကွန်းကို ရှင်းပြသည်။

ပရဟိတသွေးလှူရှင်အဖွဲ့များသည် အမျိုးသားသွေးဌာန နှင့် သွေးလှူဘဏ်များက သွေးလိုအပ်ချက်ရှိ၍ အကူအညီ တောင်းခံပါက သွေးလှူရှင်အသင်းများ ချိတ်ဆက်ကာ စုပေါင်း သွေးလှူဒါန်းခြင်း၊ ဆေးရုံတက်စဉ် သွေးလိုသည့်လူနာများက အကူအညီတောင်းလျှင် သွေးလှူဒါန်းပေးနေရကြောင်း ပရဟိတ အဖွဲ့များက ဆိုသည်။ ရန်ကုန်မြို့ရှိ ဆေးရုံများ၏ သွေးလိုအပ်ချက် ၇ဝ ရာခိုင်နှုန်းခန့်ကို အမျိုးသားသွေးဌာနကထောက်ပံ့ပေးထားနိုင်ပြီး ကျန်လိုအပ်ချက် ၃ဝ ရာခိုင်နှုန်းကို ပရဟိတသွေးလှူသည့် အဖွဲ့၊ အသင်းပေါင်းစုံက ကူညီပေးနေရသည်ဟု သွေးမေတ္တာ ပရဟိတအသင်း၏ ဥက္ကဋ္ဌ ဦးမြတ်ကျော်က သုံးသပ်ထားသည်။

သွေးပွဲစားများ

ဆေးရုံများရှိသွေးလှူဘဏ်များတွင် လိုအပ်သည့် သွေး ယူနစ်ကို မရသည့်အချိန်နှင် သွေးအစားထိုးပြန်ပေးရန်အတွက် သွေးလှူရှင်များကိုဆက်သွယ်၍ အကူအညီတောင်းခံသည့် အချိန်မျိုး၌ အဆင်မပြေသည့်အခါ လူနာရှင်များမှာ သွေးပွဲစား များ၏ ငွေကြေးဖြင့် ရောင်းဝယ်မှုမျိုး ကြုံတွေ့လာနိုင်သည်ဟုကျန်းမာရေးပညာရှင်များနှင့် သွေးလှူရှင် အဖွဲ့အစည်းများမှ ပရဟိတသမားများက သုံးသပ်ကြသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂ဝ၁၆၊ ဒီဇင်ဘာက အဆုတ်ရောဂါခွဲစိတ်ရန် အသက် ၄၄ နှစ်အရွယ်ဒေါ်အေးအေး သင်းတစ်ယောက် ပဲခူးတိုင်းဒေသကြီးမှ ရောက်ရှိလာသည့်အခါ တွင် အရေးပေါ်သွေးလိုလာသည်။ သူနှင့်အတူပါလာသော မပိုး အိဖြူက အမျိုးသားသွေးဌာနမှ ပေးသည့် သွေးလှူရှင်များ၏ဖုန်းနံပါတ်ကို ဆက်သွယ်ရာ အဆင်မပြေသောကြောင့် သွေးပွဲ စားတစ်ဦးနှင့် ကြုံတွေ့ ခဲ့ရသည်။

နေ့စဉ် သွေးယူနစ် ၂၀၀ မှ ၃၀၀ကြား ဖြန့်ဖြူးပေးလျက်ရှိသည့် အမျိုးသားသွေးဌာန      Photo-Aung Phay Kyi Soe

ထိုသို့ရှာနေစဉ် သူ့ထံသို့သွေးပွဲစားတစ်ဦး လာရောက်ချဉ်း ကပ်လာကာ ”သွေးလိုသလား၊ ဘာအမျိုးအစားလဲ” ဟုမေးကာ လိုတဲ့သွေးကို သူတို့ရှာပေးမည်၊ ငွေနှင့်ဝယ်ရမည်ပြောပြီး လူတစ် ဦးကို အမျိုးသားသွေးဌာနသို့ခေါ်ဆောင်လာသည်။ ထိုသူမှ ဌာနသို့ သွေးတစ်ပုလင်းဖောက်ထုတ်လှူဒါန်းခဲ့သည်။ ထို့နောက် သွေးအတွက် ၎င်းတို့ကို ငွေကျပ် သုံးသောင်းပေးခဲ့ရသည်ဟု မပိုး အိဖြူက ပြောပြသည်။

သွေးရှာရသည့်လူနာရှင်များမှာ သက်ဆိုင်ရာဆရာဝန်၊ ဆရာမများကသွေးရှာခိုင်းသည်နှင့်သွေးချက်ချင်းမရရှိလျှင် မိမိ၏ လူနာ အသက်ဆုံးရှုံးမည်ဟု ထင်မှတ်နေမှုများကြောင့် သွေးပွဲစားများနှင့် ဆက်သွယ်ဝယ်ယူနေရကြောင်း အမည်မဖော် လိုသူ သွေးလှူရှင်တစ်ဦးက ဆိုသည်။

ဒါနဥပပါရမီ သွေးအလှူရှင်အဖွဲ့မှအမည်မဖော်လိုသူ သွေးလှူရှင်တစ်ဦးက ”သွေးက အခုချက်ချင်းလိုသလား၊ဆောင်ထားဖို့လား အဲဒါတွေပြောဖို့ အများကြီးလိုပါတယ်။ ဆရာ၊ ဆရာမတွေကလည်း သေချာမရှင်းပြနိုင်တဲ့အတွက် သွေး ရှာထားပါဆိုရင် လူနာရှင်တွေက ပြာနေပြီ”ဟု မော်ကွန်းကို ရှင်းပြသည်။

သွေးပွဲစားများကို လုံးဝပပျောက်သည်အထိ ထိန်းချုပ်ရန် မဖြစ်နိုင်သော်လည်း အနည်းနှင့် အများ လျော့နည်းစေရန် ပြည် သူ့ဆေးရုံကြီးများ၏ လူနာဆောင်တိုင်း၌ အမှန်တကယ် သွေကူညီမှုပေးနေသည့် သွေးလှူရှင်အဖွဲ့အစည်းများနှင့် ပရဟိတ အသင်းများ၏ ဖုန်းနံပါတ်များကို ထားရှိပေးစေလိုကြကြောင်း သွေးလူမှုကူညီပေးသည့် ပရဟိတအဖွဲ့များက ဆိုသည်။

သွေးလိုအပ်သဖြင့် သွေးပွဲစားသို့ ဆက်သွယ်၍ သွေးဝယ် မည်ဆိုပါက မည်သို့ပင် ခက်ခဲသည့်ရှားပါးသွေးဖြစ်စေကာမူ သွေးပွဲစားများအနေဖြင့် လိုချင်သည့် သွေးရရှိရန် ရှာဖွေပေးနိုင် သည့်အပြင် ၎င်းတို့ခေါ်လာသည့်လူမှာလည်း သက်ဆိုင်ရာ သွေး လှူဘဏ်များ၌ စစ်ဆေးလျှင် သွေးလှူနိုင်သည့်အရည်အချင်း သတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း သွေးဝယ်ယူခဲ့ဖူးသည့် လူနာရှင်တစ်ဦးက ပြောသည်။

ရန်ကုန်ဆေးရုံကြီးမက သွေးအိတ်များအား လာရောက်ထုတ်ယူနေစဉ်             Photo-Aung Phay Kyi Soe

သွေးပိုမိုရရှိစေရန်

အမျိုးသားသွေးဌာနအနေဖြင့် သွေးပိုမိုဖြန့်ဖြူးပေးနိုင်ရန် နှင့် သွေးလိုအပ်သည့် ဆေးရုံများသို့ တိုးချဲ့ပေးလာနိုင်စေရန် ရည်ရွယ်၍ တစ်နေ့လျှင် သွေးလှူရှင်၂၇ဝ ဦးအထိ ကြိုတင်စာရင်း ပေးကာ လှူဒါန်းနိုင်ရေးအတွက် ၂ဝ၁၇ ၊ မတ် ၁၈ ရက်မှ စတင် ကာ ဝက်ဘ်ဆိုက်အသစ် (www.donatebloodmyanmar.org) ကို ဖွင့်လှစ်ခဲ့သည်။

ယင်း ဝက်ဘ်ဆိုက်တွင် အမျိုးသားသွေးဌာနရှိ သွေးအမျိုး အစား တစ်မျိုးချင်းစီ၏ သွေးလက်ကျန်စာရင်းကို ဖော်ပြပေး ထားခြင်းကြောင့် လိုအပ်သည့် သွေးအမျိုးအစားများကို သွေး လှူရှင်များမှ ဖြည့်ဆည်း လှူဒါန်းနိုင်ကြမည် ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် သွေးလှူရှင်များ တိုးလာ စေရန် ပြည်ထောင်စုဝန်ကြီးအပါအဝင် အဖွဲ့ဝင်၂၁ ဦးပါသော အမျိုးသားသွေးနှင့် သွေးပစ္စည်းဆိုင်ရာကော်မတီကို အတည်ပြု နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ အဆိုပြုလွှာ တင်ထားခဲ့သည်။

”ကော်မတီဖွဲ့စည်းပြီးသွားရင် အခု တစ်ကျောင်းတစ်ဂါထာလို ဖြစ်နေတဲ့ သွေးဘဏ်လုပ်ငန်းတွေက စနစ်တစ်ခုတည်းနဲ့ တစ်ပြည်လုံးကို အရည်အသွေးတွေနဲ့ တစ်တန်းတစ်စားတည်း သွားနိုင်အောင် မူဝါဒတွေ ချမှတ်တာတို့ အတည်ပြုတာတို့ လုပ် နိုင်မယ်”ဟု ပါမောက္ခဒေါက်တာသီတာအောင်က ဆိုသည်။

လှူဒါန်းသည့် သွေးအမျိုးအစားများကို ကူးစက်ရောဂါများ ရှိ၊ မရှိ စစ်ဆေးနေစဉ်         Photo-Aung Phay Kyi Soe

သွေးလှူဘဏ်၏ လုပ်ငန်းဆိုင်ရာ မူဝါဒနှင့် နည်းဥပဒေ များပြဋ္ဌာန်းခြင်းဖြင့် သွေးလှူရှင်များ ပိုပိုရရှိစေရန် WHO က လည်း ကူညီပေးရန် ဆက်သွယ်ထားပြီး ယင်းမူဝါဒနှင့် နည်း ဥပဒေများ ရေးဆွဲနိုင်ပါက ဆေးရုံများရှိ သွေးဘဏ်များတွင် ယခင် ဓာတ်ခွဲခန်းမှ ဝန်ထမ်းနှစ်ဦး၊ သုံးဦးခန့်ဖြင့် ဆောင်ရွက်ပေး ရသည့် အခြေအနေမျိုး မဟုတ်တော့ဘဲ ဒေသအလိုက် သွေးလှူ ဘဏ်တိုင်း၌ သွေးလှူဘဏ်တာဝန်ကို တိကျပြတ်သားစွာ ဆောင်ရွက်မည့် ဝန်ထမ်းများ ခန့်အပ်လိုက်နိုင်ပြီး သွေးလှူရှင် ရှာဖွေစုဆောင်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

(လက်ရှိသွေးလှူဘဏ်လုပ်ငန်းများကို ဝန်ထမ်းများဖြင့် စနစ်တကျ ဆောင်ရွက်ပေးနိုင်သည်မှာ အမျိုးသားသွေးဌာနနှင့် မ္တနလေးမြို့ရှိ အမျိုးသားသွေးလှူဘဏ်သာ ရှိသေးကြောင်း ကုသရေးဦးစီးဌာနက အတည်ပြုသည်။)

ဝေးလံခေါင်ဖျားဒေသများမှ အရေးပေါ် ရှားပါးသွေးလို အပ်ခဲ့ပါက အမျိုးသားသွေးဌာနအနေဖြင့် ကူညီပံ့ပိုးပေးနေသည့် အပြင် ဒေသအလိုက် ရှားပါးသွေးလိုအပ်ပါက အခက်အခဲမဖြစ် စေရန်အတွက်နေပြည်တော်၊ မ္တနလေး၊ မကွေး၊ မော်လမြိုင်၊ မြစ် ကြီးနား၊ ပုသိမ်၊ တောင်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ်တွင် အမျိုးသားသွေးဌာနခွဲရှစ်ခုကို ဖွင့်လှစ်နိုင် ရန် စီစဉ်နေကြောင်း သူက ပြောသည်။

”ရှားပါးတဲ့သွေးဆိုရင် ဘယ်ကပဲလာလာ အကူအညီပေး ပါတယ်။ လိုအပ်တာကို ကူညီပေးဖို့ ဒီနေရာတွေမှာ ဒေသအလိုက် ဖွင့်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ ယင်းမြို့ကြီးများရှိ အထူးကုဆေးရုံံကြီးများတွင် သွေးလှူဘဏ်များရှိပြီး သွေးလိုအပ်ချက်များ ရှိပါက သက်ဆိုင် ရာ ဆေးရုံ၏ တာဝန်ခံဆရာဝန်များ၏ တောင်းခံလွှာဖြင့် အကူ အညီတောင်းလျှင် အမျိုးသားသွေးဌာနထံက ပံ့ပိုးပေးသည်။

(ရှားပါးသွေးဆိုသည်မှာ သွေးအမျိုးအစား လေးမျိုးဖြစ် သော အေ၊ ဘီ၊ အိုနှင့် အေဘီသွေး(အနုတ်)များဖြစ်ပြီးမြန်မာ နိုင်ငံ အနေအထားအရ သွေး(အပေါင်း)ရှိသော လူ ၁,ဝဝဝ ဦလျှင် (အနုတ်)သွေး နှစ်ဦးခန့်သာ ရှိကြောင်း အမျိုးသား သွေး ဌာနက သတ်မှတ်ထားသည်။)

ပြည်သူ့ကျန်းမာရေးပညာရှင် ဒေါက်တာစစ်နိုင်က သွေး အလှူရှင် ပိုမိုရရှိစေရန် ပရဟိတလုပ်ငန်းများကို အစုလိုက် အဖွဲ့ လိုက်လုပ်ဆောင်နေသော လူငယ်များကို သက်ဆိုင်ရာ တာဝန် ရှိသူများက စည်းရုံးဆွေးနွေးသင့်သည်ဟု ၎င်း၏အမြင်ကို ပြောသည်။

”အခုခေတ်မှာ လူငယ်တွေက ပရဟိတလုပ်ငန်းတွေမှာ အဖွဲ့လိုက်၊ အစုလိုက် စုပေါင်းလှုပ်ရှားကြတာတွေရှိတော့ အဲဒီ လှုပ်ရှားမှုတွေမှာ ဒီလိုအပ်ချက်လေး၊ ဒီအသိလေးတွေ ထည့်ပေး ဆွေးနွေးနိုင်ရင် ပိုကောင်းမယ်ထင်တယ်”ဟု သူက ပြောသည်။

သွေးမလှူမီ လိုအပ်သည့် အချက်အလက်များ ဖြည့်စွက်နေစဉ်                Photo-Aung Phay Kyi Soe

အမျိုးသားသွေးဌာန၏ ပုံမှန်သွေးဖြန့်ဖြူးမှုတွင် မပါဝင် သော ဆေးရုံကြီး ခြောက်ရုံမှ သွေးလှူဘဏ်များအနေဖြင့်လည်း နောက်ပိုင်းတွင် ကိုယ်တိုင်သွေးလှူရှင်ရှာစရာ မလိုအပ်တော့ဘဲ အမျိုးသားသွေးဌာနမှ ဖြန့်ချိသည့်သွေးကိုသာ အသင့်ယူနိုင်မည့် အခြေအနေကို မျှော်လင့်နေကြောင်း ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ သွေးလှူဘဏ်မှ ရောဂါဗေဒအထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာခင်ရွှေမာက ဆိုသည်။

”သူ(အမျိုးသားသွေးဌာန)တို့ဘက်က သွေးလှူရှင်တွေ များများရပြီးတော့ ဒီဆေးရုံအားလုံးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးလာတာမျိုး လုပ်လာနိုင်ရင် အတိုင်းထက်အလွန်ပေါ့”

ဇနီးဖြစ်သူမှာ သွေးသွင်းစရာမလိုဘဲ အောင်မြင်စွာ မီးဖွား နိုင်ခဲ့သော်လည်း သွေးလှူရှင်ရရှိရေးအတွက် အခက်အခဲများ ရင်ဆိုင်ခဲ့ရသော ဦးထွန်းလှိုင်ကတော့ ဇနီးဖြစ်သူ ကလေးချော့ သိပ်နေသော အိမ်ခန်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ရင်း ယခုလိုပြောလိုက်သည်။

”နောက်လူတွေ ဆေးရုံတက်တော့မယ်ဆိုရင် သွေးလှူရှင် ကို ကြိုရှာထားစေချင်တယ်။ အဲဒါမှ ကျွန်တော်တို့ ကြုံတွေ့ ခဲ့ရတဲ့ အခက်အခဲမျိုး မကြုံရမှာ”။     ။

 

အမျိုးသားသွေးဌာန၊သတင်းနှင့်မီဒီယာ ပြန်ကြားရေးတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာနွယ်နွယ်ဦး နှင့် အင်တာဗျူး

Photo- အမျိုးသားသွေးဌာန

မော်ကွန်း။ ။ သွေးလိုအပ်နေတဲ့ လူနာတစ်ယောက်က သွေး ဘယ်လိုရှာလို့ရပါမလဲ။

ဒေါက်တာနွယ်နွယ်ဦး။ ။ သွေးလိုအပ်တယ်ဆိုရင် အမျိုးသားသွေးဌာနသို့ ဆက်သွယ်ရပါမယ်။ အမျိုးသားသွေး ဌာနမှာ (ယခင် သွေးလှူပြီး) လေးလပြည့်ပြီးသား သွေးလှူရှင်တွေ စာရင်းကို ကွန်ပျူတာမှာ ထည့်ထားလို့ ကွန်ပျူတာကနေ ထုတ်ပေးလို့ရပါတယ်။ အဲဒီ ဖုန်းနံပါတ်ကတစ်ဆင့် ဆက်သွယ်ပြီး သွေးလှူရှင်ကို ရှာဖွေယူလို့ ရပါတယ်။ ရှားပါးတဲ့(အနုတ်)သွေး လိုအပ်တယ်ဆိုရင် ဆရာဝန်ကနေပြီးတော့ အရင်ဆုံး ဒီကို ဖုန်းဆက်ရပါတယ်။ ကျွန်မတို့က လူနာအတွက်(အနုတ်) သွေးပေးဖို့ လိုအပ်တယ်လို့ ဒီက ဆုံးဖြတ်ရင် သက်ဆိုင်ရာ ဆရာဝန်က သွေး တောင်းတဲ့ စာရွက်စာတမ်းနဲ့ လာရပါတယ်။

မော်ကွန်း။ ။ လူနာကိုသွင်းမယ့် သွေးတွေကို ဘယ်လိုစစ်ဆေးပါသလဲ ။

ဒေါက်တာနွယ်နွယ်ဦး။    ။သွေးလှူရှင်ရဲ့ သွေးကို ရောဂါပိုး အရင် စစ်ဆေးပေးတယ်။ လူနာကို သွင်းတော့မယ်ဆိုရင် သွေးလှူရှင်ရော၊ လူနာရောကို သွေးအုပ်စု အရင် စစ်ဆေးပေးတယ်။ ပြီးလို့ရှိရင် သွေးလှူရှင်ရဲ့ သွေးနဲ့ လူနာရဲ့ သွေး တည့်၊ မတည့်ကို ပြန်ပြီးတော့ တိုက်ဆိုင် စစ်ဆေးပေးပါတယ်။

မော်ကွန်း။ ။ ဆေးရုံများတွင် လူနာများ သွေးအသုံးပြုပြီးပါက သွေးပုလင်းများ ဘာလို့သွေးကြွေး      ပြန်ဆပ်ရပါသလဲ။

ဒေါက်တာနွယ်နွယ်ဦး။ ။ သွေးပြန်ပေးရတာက ကျွန်မတို့ဆီမှာ သွေးလက်ကျန်စာရင်း(Stock) အလုံအလောက် ရှိနေတယ်ဆိုရင် သွေးပြန်ပေးရတာမျိုး မရှိပါဘူး။ တစ်ခါတစ်လေ(Stock) က အလုံအလောက် မဖြစ်တဲ့အခါမျိုး ဆိုရင် အရေးပေါ်အတွက် နောက်လူနာတွေ အသုံးပြုလို့ရအောင် အစားပြန်ပေးရတာ ဖြစ်ပါတယ်။

မော်ကွန်း။ ။ လက်ရှိဆေးရုံတွေကို သွေးအကူအညီပေးနေတဲ့အခါ ဘယ်လိုလူနာမျိုးတွေကို အများဆုံး တွေ့နေရ ပါသလဲ။

ဒေါက်တာနွယ်နွယ်ဦး။ ။ အဲဒါက ဆေးရုံတစ်ရုံနဲ့ တစ်ရုံ ကွာပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆိုရင် အရေးပေါ် အတွက်ရှိမယ်၊ ကင်ဆာရောဂါလူနာတွေအတွက်ရှိမယ်၊ ပြီးလို့ရှိရင် သွေးရောဂါ ဝေဒနာရှင်တွေရှိမယ်။ အခုအသစ် ဖွင့်တဲ့ ခုတင် ၅ဝဝ ရန်ကုန် အထူးကုဆေးရုံကြီးဆိုရင် အသည်းရောဂါဝေဒနာရှင်တွေ ယူသုံးတာများတယ်။ ကလေးဆေးရုံတွေဆိုရင် သွေးရောဂါ ကလေးလူနာတွေ များတယ်။ ပြီးလို့ရှိရင် ဗဟိုအမျိုးသမီးဆေးရုံတွေဆိုလို့ ရှိရင်တော့ မီးဖွားတဲ့အချိန်မှာ သုံးတယ်၊ ပြီးလို့ရှိရင် ကိုယ်ဝန်ခွဲစိတ်မွေးဖွားတဲ့နေရာမှာ သုံးတယ်၊ နောက်ကိုယ် ဝန်ပျက်ကျတာ (Abortion)စတဲ့ သွေးလိုအပ်မယ့် နေရာတွေမှာ သုံးတာများပါတယ်။ ဆေးရုံတစ်ရုံနဲ့ တစ်ရုံ လို အပ်မှုကြောင့် ကွာသွားပါတယ်။ ကြည့်မြင်တိုင် အရိုးဆေးရုံဆိုရင်လည်း ခွဲစိတ်ကုသမှုအတွက် လိုအပ်တာများ ပါတယ်။       ။

၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

အောင်ဖေကြည်စိုး ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."