‘အဝေးရောက်အစိုးရ’ မဖြစ်ဖို့ သတိချပ်ရမယ်လို့ NUG ဝန်ကြီးတွေကို ယာယီသမ္မတသတိပေး

‘အဝေးရောက်အစိုးရ’ မဖြစ်ဖို့ သတိချပ်ရမယ်လို့ NUG ဝန်ကြီးတွေကို ယာယီသမ္မတသတိပေး

ရန်ကုန်- ၂၀၂၄ နိုဝင်ဘာ ၂၇ (မော်ကွန်း)

တော်လှန်ရေးကာလ လေးနှစ်နီးပါးရှိလာချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ “အဝေးရောက်အစိုးရ” မဖြစ်ဖို့ သတိချပ်ရမယ်လို့ ယာယီသမ္မတဒူဝါလရှီလက မနေ့ကကျင်းပတဲ့ NUG အစိုးရ အဖွဲ့အစည်းအဝေး ၂၈/၂၀၂၄ မှာ သူ့အစိုးရအဖွဲ့ ကို သတိပေးလိုက်ပါတယ်။

“အင်အားဆိုတာ ပြည်တွင်းမှာသာအခြေစိုက်ရမယ်” လို့ NUG အစိုးရအဖွဲ့ကို သူကသတိပေးပါတယ်။

NUG အနေနဲ့ နိုင်ငံတကာအသိုက်အဝန်းကို အချိန်ပေးသင့်သလောက်ပေးခဲ့ပြီမို့ တော်လှန်ရေးကို ပိုအားစိုက်ဖို့ အစိုးရအဖွဲ့ဝင် တွေအနေနဲ့ “မြေပြင်အင်အားကို စုစည်းဖို့အတွက် ပြည်တွင်းမှာအင်အားတွေလာစုဖို့၊ နိုင်ငံပြင်ပကိုရောက်ရှိနေကြတဲ့ အစိုးရအဖွဲ့ဝင်များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

လာမယ့်နှစ်အတွက်လည်း ကြိုတွက်ပြင်ထားဖို့လိုသလို ၂၀၃၀ လောက်အထိ အကြမ်းဖျင်း တွက်ချက်ပြီး ချိန်ဆ လုပ်ဆောင်တာတွေ ရှိသင့်တယ်လို့ သူက ပြောပါတယ်။

“ လက်ရှိ အခင်းအကျင်းကတော့ ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲနဲ့ နိုင်ငံရေးအရ – စစ်ရေးအရ တိုက်ရိုက်ချိတ်ဆက်မှုအားနည်းတဲ့အင်အားစုတွေမှာ ထင်မှတ်မထားတဲ့ စစ်ရေး – နိုင်ငံရေး ဖိအားတွေ ကြုံနေတာတွေ့ရပါတယ်” လို့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာ့နွေဦးတော်လှန်ရေးကို ဖိအားပေးလာတဲ့ တရုတ်နိုင်ငံကို ရည်ညွှန်းပြီး ယာယီသမ္မတက သတိပေးပါတယ်။

ဒါအပြင် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထားရလာဒ်ကြောင့် တော်လှန်ရေးအပေါ် ထိခိုက်လာမှာတွေကို မဟာဗျူဟာ ကျကျ ဖောက်ထွက်စဉ်းစားလုပ်ဆောင်ကြဖို့နဲ့ တော်လှန်ရေးအင်အားစုတွေထဲမှာ ‘တရုတ်မှီခိုရမှု’ ရှိနေတာကိုတွေ့နေရတယ်လို့ ပြောပါတယ်။ ဒီအထဲ အကြမ်းဖက်စစ်ကောင်စီလည်း အပါအဝင်ဖြစ်နေတယ်လို့ ယာယီသမ္မတက ဆိုပါတယ်။

အာဏာရှင်ကိုတော်လှန်နေတဲ့ ပြည်တွင်းကအင်အားစုတွေကို ရည်ညွှန်းပြီး “ ပျံ့နေတဲ့အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖိုလည်း တိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက အဲဒီ အစည်းအဝေးမှာ ပြောပါတယ်။

ပုံစာ- ယာယီသမ္မတ ဒူဝါလရှီလ

ဓါတ်ပုံ- ယာယီသမ္မတဖေ့စ်ဘွတ်ပေ့ချ်

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."