အဝင်အထွက်ပိတ်ပြီးနောက် တီးတိန်မြို့တွင် ဆန်ဝယ်ယူရန်ခက်ခဲ

အဝင်အထွက်ပိတ်ပြီးနောက် တီးတိန်မြို့တွင် ဆန်ဝယ်ယူရန်ခက်ခဲ
ဗညားအေးကျော်
ရန်ကုန်- ၂၀၂၀ မတ် ၂၄ (မော်ကွန်း)
 
မြို့ပေါ်မှာ COVID-19 ပိုးတွေ့ရှိသူတစ်ဦးရှိလာပြီးနောက် ဒီမနက်ပိုင်းမှာ တီးတိန်မြို့အပါအဝင် လူနာသွားလာခဲ့တဲ့ ကျေးရွာအဝင်အထွက်တွေကို ပိတ်လိုက်တာကြောင့် ချင်းပြည်နယ်မြောက်ပိုင်းက ဒီမြို့တွင်းမှာ ဆန်အပါအဝင် အခြေခံ စားသောက်ကုန်တွေ ဝယ်ယူဖို့ ခက်ခဲသွားတယ်လို့ တီးတိန်လူငယ်မိတ်ဿဟာရအဖွဲ့က အထွေထွေအတွင်းရေးမှူး ဦး C.S. မုံ က ပြောပါတယ်။
 
ပရဟိတအသင်းအဖွဲ့တွေအနေနဲ့ မြို့ပေါ်မှာ ဆန်ပြတ်လပ်တဲ့ အခြေအနေဖြစ်လာရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့က မိတ်ဖက်အသင်းတွေနဲ့ ချိတ်ဆက်ပြီး ဆန်မရှိတဲ့သူတွေကို ဝေငှဖို့လည်း စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။
 
“လက်ရှိ ဆိုင်တော်တော်များများက ပိတ်နေပြီ၊ ဆန်ကလည်း ဝယ်ဖို့ခက်နေပြီ” လို့ ဒီနေ့လည်ပိုင်း တီးတိန်အခြေအနေကို သူက ပြောပါတယ်။
 
နေ့လည်ပိုင်း မြို့အဝင်အထွက်ပိတ်လိုက်ချိန်မှာတော့ မြို့တွင်းက ဈေးဆိုင်ကြီးတစ်ချို့မှာ ဆန်ဝယ်ယူဖို့ ပြတ်လပ်သွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီမနက်ပိုင်းမှာ ဆန်တစ်အိတ်ဈေးဟာ မနေ့ကထက် ကျပ် ၃၀၀၀ ခန့် အထိ ဈေးနှုန်းလည်း မြင့်တတ်သွားတယ်လို့ သူက ပြောပါတယ်။
 
“ စီးပွားရေးသမားတွေကလည်း ဒီလိုအချိန်ကို အခွင့်ကောင်းယူတတ်ကြတယ်လေ။ အခွင့်ကောင်းယူ ပြီးတော့ lock down ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ ဈေးတက်ခိုင်းမဲ့ အနေအထားမှာ ရှိတယ်။ ဒီအတွက်စိုးရိမ်မှုတော့ ရှိနေတယ်” လို့ သူက ဆက်ပြောပါတယ်။
 
ဒီကနေ့ မနက်ပိုင်းမှာ COVID-19 တွေ့ရှိခဲ့တဲ့ ချင်းအမျိုးသားရဲ့ ဇာတိရွာနဲ့ သူနဲ့ထိတွေ့ဆက် ဆံခဲ့တဲ့ ဓါတ်ပုံဆိုင် အပါအဝင် သူသွားရောက်ခဲ့တဲ့ နေရာတွေက မိသားစုဝင်တွေကို Lock Down (သို့) Community Quarantine စတင်လုပ်ဆောင်နေပြီလို့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ်နှင့်ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သူ့ရဲ့ ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
 
ဒါ့အပြင် တီးတိန်မြို့နယ်ကနေ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်ကို ဆင်းလာသူတွေကိုလည်း ကန့်သတ်ထားပြီး ကလေး-တီးတိန် အဝင်အထွက်တွေကို ကန့်သတ်ဖို့နဲ့ စစ်ကိုင်းတိုင်းအဝင်တံတားတွေမှာ ကျန်းမာရေးစစ်ဆေးဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ရေးသားထားပါတယ်။
 
ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဦးပေါင်လွန်မင်းထန်ကတော့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ သွားရောက်ခဲ့တဲ့ ကျေးရွာ တွေကို ကန့်သတ်ပိတ်ဆို့လိုက်ပေမယ့် ဒီကျေးရွာတွေမှာ အခြေခံစားသောက်ကုန်တွေ ဝယ်ယူနိုင်မှု မပြတ်လပ်အောင် အစိုးရအဖွဲ့က စီစဉ်ပေးမယ်လို့ မော်ကွန်းကို ပြောပါတယ်။
 
ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့အတွက် အခြေခံစားသောက်ကုန်စည်တွေကို ကလေးမြို့၊ မုံရွာ၊ မန္တလေးမြို့စတဲ့မြို့တွေက တင်သွင်းတာ ဖြစ်ပါတယ်။
 
ပုံစာ- တီးတိန်မြို့ပေါ်တွင် ‌ယနေ့နေလည်ပိုင်းက ဆန်ဝယ်ယူနေကြသူများ
Photo – Moan Pi


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."