ဂေထော
ရန်ကုန် – ၂၀၂၀၊ မတ် ၁၃ (မော်ကွန်း)
Covid 19 ကြောင့် စက်ရုံ၊ အလုပ်ရုံရှိ အလုပ်ရှင်၊ အလုပ်သမားများ ရင်ဆိုင်နေသည့် အခက်အခဲများကို ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေပြီဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။
ယနေ့ နေပြည်တော်၌ ပြုလုပ်သည့် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရတို့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများအပေါ် ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အလုပ်ရှင်ရော အလုပ်သမားရော တင်ပြတဲ့ကိစ္စတွေမှာ ကျွန်တော်တို့ဝန်ကြီးဌာနနဲ့သက်ဆိုင်သည်ဖြစ်စေ၊ အခြားဝန်ကြီးဌာနနဲ့ သက်ဆိုင်သည်ဖြစ်စေ တင်ပြနိုင်ပါတယ်။ ကျွန်တော်တို့ ဒီတင်ပြချက်တွေကို ယူပြီးတော့မှ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ကျွန်တော်တို့ မျှဝေပေးမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
လက်ရှိကောက်ယူထားသည့် စာရင်းများအရ ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းတွင် အပြီးပိုင်ပိတ်သိမ်းထားသည့် စက်ရုံ ၉ရုံ၊ ယာယီပိတ်သိမ်းသည့် စက်ရုံ ၃ ရုံနှင့် လုပ်သားအင်အားလျှော့ချသည့် စက်ရုံ၆ ရုံရှိသည်။
ယင်းစက်ရုံများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်သိမ်းသည်ဟုသတ်မှတ်လို့မရကြောင်းနှင့် မြေပိုင်ရှင်က မြေဆက်လက်မဌားရမ်းခြင်း၊ စီးပွားရေးတွက်ခြေမကိုက်ခြင်းနှင့် ကုန်ကြမ်းပစ္စည်းပြတ်လတ်ခြင်းတို့ကြောင့် စက်ရုံပိတ်သိမ်းရခြင်းဖြစ်သည်ဟု သူက ရှင်းပြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက Covid 19 ကြောင့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို ဝန်ကြီးဌာန ၂၂ ခုဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရန် ယနေ့ အမိန့်ကြေညာစာအမှတ် ၄၆/ ၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့သည်။
#Dailynews