အရွယ်ကောင်းတွေကို စစ်မှုထမ်းခိုင်းဖို့ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်

အရွယ်ကောင်းတွေကို စစ်မှုထမ်းခိုင်းဖို့ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်

ရန်ကုန်- ၂၀၂၄ မေ ၈ (မော်ကွန်း)

စစ်မှုထမ်းဖို့အရွယ်ကောင်းတွေဖြစ်တဲ့ အသက် ၂၃ နှစ်နဲ့ ၃၁ နှစ်ကြားအမျိုးသားတွေကလွဲရင် ကျန်သူတွေကို ပြည်ပအလုပ်လုပ်ခွင့် ပြန်လည်ခွင့်ပြုသွားမှာဖြစ်တယ်လို့ အလုပ်အကိုင်အေဂျင်စီတချို့ကပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဟာ ယခုလ ၁ ရက်နေ့က စပြီးတော့ အမျိုးသားတွေ ပြည်ပအလုပ်လုပ်ခွင့်ကို အကန့်သတ်မရှိ ပိတ်ထားတယ်လို့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောခဲ့ပြီးနောက် လက်ရှိမှာ အသက်ကန့်သတ်ချက်နဲ့ ပြန်ခွင့်ပြုပေးသွားဖို့ စီစဉ်နေတာပါ။

ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်ခွင့်ပြုတဲ့ အသက်ကန့်သတ်ချက်ကို စစ်ကောင်စီရဲ့ အလုပ်သမားရေးဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့ချုပ် (Myanmar Overseas Employment Agencies Federation-MOEAF) ဆီကို မနေ့က ပေးပို့ခဲ့တာပါ။

“သူတို့ တရားဝင်စာထုတ်တာတော့မဟုတ်ဘူး၊ MOEAF ကနေတစ်ဆင့် အေဂျင်စီတွေဆီ အကြောင်းကြားထားတာ” လို့ ကိုရီးယားအလုပ်အကိုင် အေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိ ပြည်ပထွက်ခွင့်ပိတ်ထားတဲ့ အသက်အပိုင်းအခြားက လူငယ်တွေကို အဓိကထားစုဆောင်းနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ စစ်မှုထမ်းသင်တန်း ဒုတိယအသုတ်ခေါ်ယူဖို့ ပြင်ဆင်မှုအနေနဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့က ရပ်ကွက်တွေမှာ အသက် ၂၄ နှစ်နဲ့ ၃၀ ကြား လူငယ်တွေရဲ့ စာရင်းတွေကို လိုက်လံကောက်ခံခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့လပိုင်း သင်္ကြန်မတိုင်မီကာလမှာ နိုင်ငံတဝန်းက လူငယ်ငါးထောင်ကျော်ကို ခေါ်ယူစုဆောင်းခဲ့ပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) ကို ဖွင့်လှစ်ခဲ့တာပါ။

လူငယ်အများအပြားဟာ စစ်မှုမထမ်းချင်တာကြောင့် ပြည်ပကို ထွက်ခွာသူတွေ ဒီကာလမှာ များပြားလာခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီဟာ အခုလို ပြည်ပထွက်ခွာမှုတွေကို စတင်ကန့်သတ်လာတာပါ။

လက်ရှိမှာ အလုပ်အကိုင်နဲ့ သွားရောက်မယ့် နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်သူတွေကို အဓိကထားပြီး ပိတ်ထားတာဖြစ်ကာ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) တွေကိုတော့ ခွင့်ပြုထားဆဲလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တစ်ဦးကတော့ “ကျွန်တော်တို့က ပြည်တွင်းမှာလည်း ဘာမှ လုပ်ကိုင်စားသောက်စရာလည်း ရှိတာမဟုတ်ဘူး။ ပြည်ပထွက်ချင်တော့လည်း ထွက်မရဘူး လမ်းပျောက်နေသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

ပြည်ပကို အလုပ်အကိုင်စေလွှတ်နေတဲ့ တရားဝင်အေဂျင်စီပေါင်း ၅၀၀ ခန့် ပြည်တွင်းမှာ ရှိနေပြီး ပြီးခဲ့တဲ့နှစ်ကစတင်ကာ လစဉ် အလုပ်သမား တစ်သောင်းဝန်းကျင်ခန့် ပြည်ပကို စေလွှတ်နေတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပုံစာ – ပြီးခဲ့တဲ့နှစ်က မြဝတီ – မဲဆောက် လမ်းကြောင်းမှ တဆင့် MoU နဲ့ သွားရောက်မယ့် မြန်မာအလုပ်သမားများ
ဓာတ်ပုံ – Myanmar Labour Attache Office

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."