အရာတော် – ၂၀၂၃ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာကြီးကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေပိုင်းမှာ လေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်လို့ ရွာထဲက နေအိမ်တွေ မီးလောင်ခဲ့ရတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးသမားတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“လေကြောင်းနဲ့ပစ်တော့ ထိပြီးလောင်သွားတာ၊ စစ်ခွေးတွေက ဘေးနားကပ်ရပ် ဘုန်းကြီးကျောင်းထဲမှာ ရွာထဲဝင်မလာသေးဘူး၊ မီးက အခုတော့ငြိမ်းသွားပြီ”လို့ သူကပြောပါတယ်။
ဒီနေ့ညနေ ၄း၅၀ ဝန်းကျင်က အာဏာသိမ်းအကြမ်းဖက်စစ်တပ်က Mi-17 ရဟတ်ယာဉ်နဲ့ မင်းရွာကြီးလာရောက်ပစ်ခတ်တာကြောင့် ရွာသားတွေနဲ့ အနီးအနားက ကျေးရွာတွေပါ ထွက်ပြေးနေရပါတယ်။
လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ်တချို့မီးလောင်သွားပြီး လတ်တလောမှာ ရွာထဲကိုပြန်ဝင်လို့မရသေးလို့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို မသိရသေးပါဘူး။
မင်းရွာကြီးကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ လာရောက်တိုက်ခိုက်တာဟာ နှစ်ကြိမ်မြောက်ဖြစ်ပြီး မီးလည်း နှစ်ကြိမ်ရှို့ခဲ့တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးသမားကပြောပါတယ်။
Data For Myanmar ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ ၂၀၂၁ မေလကနေ ၂၀၂၃ ဇန်နဝါရီထိ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မီးရှို့၊ ဖျက်ဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းက ပြည်သူတွေရဲ့ နေအိမ် ၄၃,၀၀၀ ကျော်အနည်းဆုံး ပျက်စီးခဲ့ရပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်ရဲ့
#Dailynews

