အရာတော် – ၂၀၂၃ စက်တင်ဘာ ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး လေကြောင်းစစ်ကူတွေသုံးနေရကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ကျဆုံးထားတယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဆီကသိရပါတယ်။
အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက အခု ၁၅ ရက်၊ ညပိုင်းကတည်းက သိမ်းပိုက်ရရှိဖို့ တိုက်ခိုက်နေခဲ့ကြပြီး စစ်တပ်ဘက်က လေကြောင်းစစ်ကူတွေနဲ့ပါ ပြန်လည်တိုက်ခိုက််ချိန်မှာ ရဲဘော်တစ်ဦးကျဆုံးထားတာပါ။
” မိုးတွေရွာတဲ့အချိန်ကျနော်တို့ဝင်တိုက်ခိုက်ခဲ့တာ၊ မိုးလည်းစဲရော လေယာဥ်ကချက်ချင်းတက်လာတာ၊ကွင်းပြင်ထဲမှာဆိုတော့ လေယာဥ်ကြဲတဲ့ဗုံးထိပြီးရဲဘော်တစ်ဦးကျတယ်”လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။
မနေ့ကတော့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ နောင်ကြီးအိုင်ရဲစခန်းကို ည ၁၁း၀၀ နာရီလောက်ကနေ နံနက် ၅း၀၀ နာရီလောက်ထိထပ်မံတိုက်ခိုက်ခဲ့ပြီး အဲဒီအချိန်မှာလည်း လေကြောင်းကနေ Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေလာရောက် စစ်ကူခဲ့ပါတယ်။
” ကျွန်တော်တို့ စခန်းနားထိ မီတာ ၂၀ အထိ ကပ်နိုင်ခဲ့တယ်၊ ဒါပေမဲ့ လိုအပ်ချက်တွေကြောင့် စခန်းမသိမ်းနိင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပြန်သွားပြီးမှ သူတို့က လေယာဥ်နဲ့ ခဏလာပစ်သွားတာ”လို့ တိုက်ပွဲမှာပါဝင်ခဲ့သူ ရဲဘော်ကပြောပါတယ်။
လောလောဆယ် နောင်ကြီးအိုင်ရဲစခန်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦးကျဆုံးပြီး လေးဦးဒဏ်ရာရထားသလို အာဏာသိမ်းစစ်တပ်ဘက်ကလည်း သေဆုံး၊ ထိခိုက်မှုတွေရှိနိုင်ပေမယ့် တိတိကျကျမသိရသေးဘူးလို့ သူကပြောပါတယ်။
ဒီတိုက်ပွဲကြောင့် နောင်ကြီးအိုင်ကျေးရွာ ဒေသခံတွေဟာ တိုက်ပွဲစဖြစ်တဲ့နေ့ကစလို့ အနီးအနားကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
#Dailynews