အရာတော် – ၂၀၂၃ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီကနေ့မှာ ကန်ရင်းရွာကို လေကြောင်းနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကျေးရွာတချို့ကိုလည်း မီးပတ်ရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
ဒီကနေ့ မွန်းလွဲ ၂း၀၀ နာရီလောက်မှာ အာဏာသိမ်းစစ်တပ်ဟာ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ကန်ရင်းရွာကို ပစ်ခတ်တိုက်ခိုက်ဝင်ရောက်လာပြီး နောက်ကနေ Mi-17 ရဟတ်ယာဉ် သုံးစီးနဲ့ စစ်သား ၁၀၀ လာချသွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ကန်ရင်းကိုရောက်လာတဲ့ အကြမ်းဖက်စစ်တပ်အဖွဲ့ဟာ နမသင်းအရှေ့ရွာ၊ အနောက်ရွာတွေကို မီးဝင်ရှို့သွားတာကြောင့် အရှေ့ရွာမှာ နေအိမ် ၅၀ ဝန်းကျင်နဲ့ အနောက်ရွာမှာ ၄၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရွာတွေကိုမီးပတ်ရှို့နေတာကြောင့် နမသင်းအရှေ့ရွာ၊ အနောက်ရွာ၊ ကန်ရင်း၊ မင်းရွာနဲ့ ညောင်ပင်ရွာက ပြည်သူတွေ စစ်ဘေးရှောင်နေကြရပါတယ်။
မနေ့ကလည်း မင်းရွာကို အာဏာသိမ်းစစ်တပ်က Mi – 17 ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။
Data For Myanmar ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ ၂၀၂၁ မေလကနေ ၂၀၂၃ ဇန်နဝါရီထိ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မီးရှို့၊ ဖျက်ဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းက ပြည်သူတွေရဲ့ နေအိမ် ၄၃,၀၀၀ ကျော်အနည်းဆုံး ပျက်စီးခဲ့ရပါတယ်။
ပုံစာ – အရာတော်တွင်မီးရှို့သွားသဖြင့်ပျက်စီးသွားရသောနေအိမ်များ။
ဓါတ်ပုံ – Mawkun Magazine
#Dailynews

