စစ်ကိုင်းတိုင်း – ၂၀၂၂ ဇန်နဝါရီ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ ဘုတလင်နယ်တွေမှာ စစ်တပ်နဲ့ ရဲစခန်းကို လက်နက်ကြီးများနဲ့ပါပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့နံနက် ၆:၀၀ နာရီခန့်က အမှတ် ၁၀-လေ့ကျင့်ရေးတပ်အတွင်းသို့ အဝေးပစ်လက်နက်ကြီး လေးလုံးပစ်သွင်းခဲ့ကြောင်းဒေသခံက ပြောပါတယ်။
ဒီလို ပစ်ခတ်ခြင်းမခံရမီ တပ်ထဲမှာ အသံချဲ့စက်နဲ့ ပဋ္ဌာန်းတရားများဖွင့်ထားပြီးတရားပြီးသွားချိန် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းနဲ့ တပ်ထဲမှာအရာရှိဟောင်းများ၊ ပျူစောထီးများ ရဲနဲ့စစ်သားဇနီးတွေကို သင်တန်းပေးနေကြောင်း ဒေသခံများက ပြောပါတယ်။
တပ်ထဲမှ အော်ဟစ်သံများဆူညံသွားပြီး ထိခိုက်မှုအခြေအနေမသိရသေးဘဲ တပ်တွင်းမှ အသံပေးပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြောက်ကျားရဲဘော်များမှာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။
အဆိုပါပစ်ခတ်မှုကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)တို့ ဦးဆောင်ကာ Knights Of The Red Land (KORL)ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE) ညီနောင် (၈) ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
မနေ့ညပိုင်း ၁၂:၀၀ နာရီခန့်ကလည်း ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို ဘုတလင်နဲ့ ဒီပဲယင်းမြို့နယ်က ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ည ၁ နာရီခွဲခန့်မှာ ငြိမ်သက်သွားကာ ဒီကနေ့မနက်ပိုင်းမှာတော့ ကူတော်ရွာကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးမီးရှိူ့နေကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဘုတလင်နဲ့အရာတော်အပြင် နယ်ချင်းဆက်နေတဲ့ ဒီပဲယင်း၊ ရေဦးဘက်တွေမှာပါ တိုက်ခိုက်ခံနေရပါတယ်။
#Dailynews

