အရာတော် – ၂၀၂၁ အောက်တိုဘာ ၂၁ (မော်ကွန်း)
မနေ့က သီတင်းကျွတ်လပြည့်ညမှာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာက NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှုးဟောင်းရဲ့အိမ်အပါအဝင် နေအိမ်ငါးလုံးကို စစ်တပ်ကမီးရှို့သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးဟောင်းရဲ့ နေအိမ် ဘေးကပ်လျက်မှာနေတဲ့ သူ့ညီမတို့အိမ်လည်း ပြာကျသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သစ်ကျင်းကြီးကျေးရွာရှိ ဒလန်တစ်ဦးသတင်းပေးမှုကြောင့် လာရောက်မီးရှိူ့သွားခြင်းဖြစ်ပြီး မီးရှို့ခံရတဲ့ နေအိမ်ပိုင်ရှင် မိသားစုဝင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောပါတယ်။
မီးလာရှို့ရင်း တွေ့တဲ့ရွာသားတွေကို ရိုက်နှက်တာတွေလည်းပြုလုပ်ခဲ့ပြီး တချို့ကိုတော့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ (၁၅)ရက်နေ့ကလည်း အရာတော်မြို့နယ် မကျီးကန်ကျေးရွာအနီးမှာ စစ်တပ်ယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က မကျီးကန်ကျေးရွာတောင်ပိုင်းရှိ အိမ်နှစ်လုံးကို မီးရှို့သွားသည့်အပြင် ရွာရှိ ဆိုင်များနှင့် နေအိမ်များကိုပါ ထင်သလို မွှေနှောက်ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပုံစာ – မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်များ
ဓါတ်ပုံ-အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
#Dailynews

