အရပ်သားထိန်းချုပ်မှုအောက်မှာ တပ်မတော်ရှိရေး စိုးရိပ်ဖွယ်မရှိဟု ဒေါက်တာမင်းဇော်ဦးဆို

အရပ်သားထိန်းချုပ်မှုအောက်မှာ တပ်မတော်ရှိရေး စိုးရိပ်ဖွယ်မရှိဟု ဒေါက်တာမင်းဇော်ဦးဆို

Photo – Kay Htaw    စာအုပ်နှင့်ပတ်သက်သည့်အကြောင်းများကို သိရှိလိုသူများက မေးမြန်း၍ ဒေါက်တာမင်းဇော်ဦးက ဖြေကြားနေစဥ်

ဂေထော၊ ရန်ကုန်
၂၀၂၀ – ဖေဖော်ဝါရီ ၁၉ (မော်ကွန်း)

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်နေရာ၌ အရပ်သားထိန်းချုပ်မှုအောက်မှာ တပ်မတော်ထားရှိရေးသည် တပ်မတော်အနေဖြင့် စိုးရိပ်စရာမရှိကြောင်း မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု ၊ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

ယမန်နေ့က မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု (MIPS) က ဦးဆောင်ပြီး ရန်ကုန်မြို့၌ “ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဠာန်းဥပဒေများတွင် ပြဠာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဥ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဥ်စားစရာများ” စာအုပ်မိတ်ဆက်ပွဲတွင် မီဒီယာများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပါဝင်သည့် ၄၅ ဦးကော်မတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတွင် အရပ်သား ထိန်းချုပ်မှုအောက်မှာ တပ်မတော် ထည့်သွင်းရေးဆိုသည့် အချက်ကို ထည့်သွင်းထားခြင်း‌
ကြောင့်လည်းဖြစ်သည်။

“အဓိကက သူက ငါ့အပေါ်မှာ ဘယ်လိုရှိလဲဆိုတာထက် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို ဘယ်လိုချောမွေ့ပြေပြစ်အောင် လုပ်နိုင်လဲဆိုတဲ့ပေါ်မှာ အခြေခံပြီးတော့ အကောင်ထည်ဖော်သွားတာတွေ့ရတယ်။ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင်တော့ တပ်မတော်အနေနဲ့ ဒီကိစ္စက စိုးရိပ်စရာမရှိဘူးလို့ ပြောလို့ရတယ်”ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈ တွင် “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင် ရှိရမည်”ဟု ပြဠာန်းထားသည်။

သို့သော် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့စစ်များနှင့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေများကို ပြည်ထောင်စုလွှတ်တော်က ပြဠာန်းခွင့်ပြုရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူအားဖြင့် ပြဠာန်းခြင်းကို ရွေးချယ်စရာအဖြစ် ထည့်သွင်းစဥ်းစားနိုင်ကြောင်း MIPS ၏ သုတေသနပြုထားသောစာအုပ်ထဲမှ အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံ၊ တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးအတွက် ထည့်သွင်းစဥ်းစားသင့်သည့် မူဘောင်များထဲတွင် အကြံပြုရေးသားထားသည်။

ယင်းစာအုပ်ထဲမှ နိုင်ငံ (၅) နိုင်ငံကို လေ့လာသည့်အခါ အရပ်သားထိန်းချုပ်မှုအောက်မှာ တပ်မတော်ရှိရေးဆိုသည့် သဘောတရားသည် အရပ်သားများက အကုန်လုံး လုပ်ချင်တာ လုပ်မည်ဆိုသည့်သဘောမဟုတ်ဘဲ အထူးသဖြင့် တပ်မတော်နှင့် ပတ်သက်ပြီး မူဝါဒချမှတ်သော ကိစ္စများ၌ တပ်မတော်၏ခေါင်းဆောင်နှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးတော့မှ ဆုံးဖြတ်ချက်ချတာကို တွေ့ရကြောင်း ဒေါက်တာမင်းဇော်ဦးက ဆိုသည်။


#Dailynews


 

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."