ဂေထော
ရန်ကုန်၊ ၂၀၂၀ – ဖေဖော်ဝါရီ ၁၈(မော်ကွန်း)
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးလမ်းပွင့်သွားပြီဟု ဆိုနိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ( NCA-s EAO ) ညှိနှိုင်းအဖွဲ့ ခေါင်းဆောင်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
အစိုးရ၊ တပ်မတော်နှင့် NCA-S EAO အဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၇) ရက်မှ (၁၈) ရက်အထိ ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန( NRPC ) ၌ ကျင်းပခဲ့ရာ နိဂုန်းချုပ်မိန့်ခွန်းတွင် ဗိုလ်မှူးကြီးစိုင်းငင်းက ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။
“ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနဲ့ Public Consultation (အများပြည်သူညှိနှိုင်းခြင်း) ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီး မကြာမီကျင်းပမယ့် UPDJC အစည်းအဝေး မှာ အတည်ပြုပေးဖို့ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ငြိမ်းချမ်းရေးတွင် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် အခြားတိုင်းရင်းသားလက်နက်ကိုင် ညီနောင်အဖွဲ့များ ပါဝင်လာ ရေး ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီး ပုဂ္ဂိုလ်တစ်ဦးအရေး၊ တစ်စုတစ်ဖွဲ့အရေး၊ လူမျိုးတစ်မျိုးအရေးထက် ပြည်ထောင်စု အရေးကို ရှေ့ရှုပြီး ငြိမ်းချမ်းရေးရေးဖြစ်စဉ်ကို ဆောင်ရွက်မည်ဆိုလျှင် ဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က ကျင်းပသည့် အစည်းအဝေး၌ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို လေးကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံ မတိုင်မီ ကျင်းပရန် အဆိုပြုခဲ့ခြင်းလည်း ဖြစ်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) အရ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ၎င်းတို့နှင့်သက်ဆိုင်သည့် ဒေသများ၌ ဦးဆောင်ပြီး ပြုလုပ်ခွင့် ရှိသည်။
NCA လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)အနက် ကရင်အဖွဲ့၊ မွန်အဖွဲ့၊ ချင်းအဖွဲ့နှင့် ပအိုဝ်း အဖွဲ့တို့က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။
#Dailynews