၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Book Review ဖြစ်ပါသည်။
သင့်နော်
(၁)
ဟုတ်ကဲ့။ မြန်မာအဘိဓာန်ပါ ခင်ဗျ။ မြန်မာကိုတော့ အဓိပ္ပာယ် ဖွင့်စရာ မလိုဘူး ထားပါတော့။ အဘိဓာန် ကို အဓိပ္ပာယ်ဖွင့်တဲ့အခါ သူဟာ နာမ်ဖြစ်တယ်။ အသံထွက်ရင် အဗိတ်ဒန်လို့ ထွက်တယ်။ အဗိဓာန် လို့လည်း ထွက်တယ်။
‘ဘာသာစကားတစ်ခု သို့မဟုတ် ပညာရပ် တစ်ခုရှိ စကားလုံးတို့ကို အက္ခရာဝလိစဉ်ကာ မူလ ဘာသာစကားဖြင့် ဖြစ်စေ၊ အခြားဘာသာစကား တစ်မျိုးမျိုးဖြင့် ဖြစ်စေ အနက်အဓိပ္ပာယ် ဖွင့်ဆို သောကျမ်း’ကို အဘိဓာန်လို့ ခေါ်တယ်။
(၂)
မြန်မာအဘိဓာန်ရဲ့ သမိုင်းကြောင်းက ရှည် လျားလွန်းတယ်။ ထွေပြားလွန်းတယ်။ ဦးဝန်က စတယ်လို့ အသိများတယ်။ ဒုတိယက္ဘာစစ်အတွင်း တည်ထောင်တဲ့ ‘မြန်မာနိုင်ငံ ပညာတံခွန်အသင်း’ ရဲ့ လက်အောက်မှာ အဘိဓာန်ဌာနကို ဖွဲ့စည်းပြီး ကျောင်းသုံး၊ ရုံးသုံး အဘိဓာန်ငယ်တစ်စောင်ကို (င) အက္ခရာ တစ်ဝက်လောက်အထိ အချောပြုစုနိုင် ခဲ့တယ်။ ၁၉၄၅ ဧပြီမှာ အဘိဓာန်လုပ်ငန်းကို လုံးဝ ရပ်စဲပစ်လိုက်ရတယ်။ ကျန်တဲ့ ပြုစုပြီး စာကြမ်းတွေ ဟာ စစ်အတွင်းမှာ ပျက်စီးပျောက်ဆုံးခဲ့တယ်တဲ့။
(၃)
၁၉၄၈ လွတ်လပ်ရေးရပြီးတော့ ပညာ့တံခွန်အသင်းရဲ့ အဘိဓာန်လုပ်ငန်းအရပ်ရပ်ကို ရန်ကုန်တက္ကသိုလ်လက်ထဲ လွှဲ ပေးတယ်။ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေး ဌာနက အလယ်အလတ် မြန်မာအဘိဓာန်တစ်စောင် ဖြစ်အောင် အားထုတ်တယ်။ ကကြီးကနေ ဆလိမ်အထိ ပုဒ်ပေါင်း ၁၃,၁၂ဝ ပါတဲ့ ‘တက္ကသိုလ် မြန်မာအဘိဓာန်’ ငါးပိုင်းထွက်လာတယ်။ ဇ-ဏကို အကြမ်းပြီးအောင် စီစဉ်ထားဆဲမှာ တော်လှန်ရေး ကောင်စီ တက်လာတော့ ခေတ်ပြောင်းတော်လှန်ရေးနဲ့ ပက်ပင်း တိုးပြီး အိုးနင်းခွက်နင်း ဖြစ်ကုန်တော့တာပေါ့။
(၄)
ဒီလိုနဲ့ ၁၉၆၃ ဒီဇင်ဘာမှာ ‘မြန်မာစာပေပြုစုရေးနှင့် ဘာ သာပြန်ကော်မရှင်’ ပေါ်လာတယ်။ ၁၉၆၄ ဖေဖော်ဝါရီမှာ အဲဒီ ကော်မရှင်ရဲ့ လက်အောက်မှာ ‘အဘိဓာန်နှင့် ရေးထုံးကော်မတီ’ ကို ထပ်ဖွဲ့တယ်။ ကော်မတီက ‘မြန်မာရေးထုံးကျမ်း’ စာစောင် ပြုစုသေးတယ်။
၁၉၇၁ မှာတော့ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ် ဝေရေးဌာနက လုပ်နေဆဲ အဘိဓာန်လုပ်ငန်းကို မြန်မာစာကော် မရှင်လက်ထဲ လွှဲလိုက်ရတယ်။ တက္ကသိုလ်ဘာသာပြန်နှင့် စာ အုပ်ထုတ်ဝေရေးက စုထားတဲ့ အဘိဓာန်ဝေါဟာရ စာချပ် ၆၅ဝ,ဝဝဝ ထဲက အဘိဓာန်ပုဒ်ရေ ၁ဝ၅,ဝဝဝ ကျော်ပါ ဝေါဟာရ စာရင်းကို လုပ်သားနဲ့ ဗိုလ်တထောင်မှာ တနင်္လာနဲ့ သောကြာနေ့ တိုင်း ထည့်ပြီး လိုတိုးပိုလျှော့ ဖြည့်စွက် ဖြုတ်နုတ်နိုင်ဖို့ ပြည်သူကို ၁၉၇၁ စက်တင်ဘာ ၁၆ ရက်ကနေ မေ ၅ ရက် ၁၉၇၂ အထိ ထည့် သွင်းဖော်ပြပေးတယ်။ ဝေါဟာရတွေကို အသေအချာ လေ့လာ ပြီး ပြင်လိုက ပြင်၊ ဖြည့်လိုက ဖြည့်၊ ဖျက်လိုက ဖျက်နိုင်အောင် စီစဉ်ပေးတာပါ။ ရဟန်းရှင်လူ အသိပညာရှင် အတတ်ပညာရှင် တွေ အပါအဝင် လုပ်သားပြည်သူတွေဆီက ဝေါဟာရ ငါးသိန်း ကျော်နဲ့ အကြံပြုစာ ၂ဝဝ ကျော် တုံ့ပြန်ခဲ့ကြသတဲ့။
(၅)
၁၉၇၁ တုန်းက ဖွဲ့စည်းခဲ့တဲ့ ‘မြန်မာစာကော်မရှင်’ကို နောက်လေးနှစ်အကြာမှာ ‘မြန်မာစာအဖွဲ့’လို့ နာမည်ပြောင်း တယ်။ လူထုက စုပို့ထားတဲ့ ဝေါဟာရတွေထဲက တည်ပုဒ်တွေ သေချာရွေးတယ်။ အရင်သတင်းစာတွေထဲမှာ ဖော်ပြပြီးသား တွေနဲ့ ပေါင်းပြီး အက္ခရာဝလိ စီတယ်။ အဲဒီ အဘိဓာန်ဝေါဟာရ စာရင်း အသစ်တစ်စောင်ကို ပုံနှိပ်ပြီး မြန်မာစာအဖွဲ့ အဖွဲ့ဝင်တွေ၊ မြန်မာစာအဖွဲ့ လက်အောက်က အဖွဲ့အသီးသီးရဲ့ အဖွဲ့ဝင်တွေ၊ မြို့နယ် မြန်မာစာအဖွဲ့တွေနဲ့ အခြားစိတ်ပါဝင်စားသူတွေဆီကို ပို့ ပေးပြီး ဖြည့်စွက်နုတ်ပယ် ပြုပြင်ပေးဖို့ တောင်းခံတယ်။
၁၉၇၂ ဇွန်မှာ မြန်မာအဘိဓာန် ပြုစုရေးဆိုင်ရာ ယေဘုယျ အခြေခံမူတွေကို ချမှတ်ပြီး ဒဂုန်ဦးလှဖေ၊ ဦးလှမောင်နဲ့ ဆရာ မင်းသုဝဏ်တို့ပါတဲ့ အဘိဓာန် တည်ပုဒ် ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့ စည်းတယ်။ တည်ပုဒ်ရွေးဖို့ အစည်းအဝေး ၂၈၇ ကြိမ် လုပ်ကြရ တယ်။ စာတည်းအဖွဲ့ သုံးဖွဲ့ ဖွဲ့တယ်။
(၆)
စာတည်းတွေ ပြုစုထားတဲ့ အဘိဓာန်မူကြမ်းတွေကို အဘိ ဓာန်ဝန်ဆောင်မှုအဖွဲ့ လေးဖွဲ့က စေ့စေ့စပ်စပ် သေသေချာချာ ဖတ်ပြီး စစ်လို့ ဆေးလို့ ပြုပြင်လို့နဲ့ အပြန်ပြန်အလှန်လှန် ရေကုန် ရေခန်း အားထုတ်ပြီးမှ ၁၉၇၈ စက်တင်ဘာမှာ မြန်မာအဘိဓာန် (အကျဉ်းချုပ်) ပထမတွဲ ထွက်လာတယ်။ (က-စ)။ ၁၉၇၉ သြဂုတ် မှာ ဒုတိယတွဲ (ဆ-န)။ ၁၉၇၉ ဖေဖော်ဝါရီမှာ တတိယတွဲ (ပ-ယ)။ ၁၉၈ဝ ဖေဖော်ဝါရီမှာ စတုတ္ထတွဲ (ရ-ဠ) နဲ့ ၁၉၈ဝ ဇူလိုင်မှာ ပဉမ တွဲ (အ) တို့ ထွက်လာတယ်။
(၇)
အဘိဓာန်ဆိုတာ ဘာလဲ။ အဘိဓာန်ရဲ့ တန်ဖိုးဆိုတာ ဘာ လဲဆိုတာတွေ သိပြီးသားမို့ ပြောမနေတော့ပါဘူး။ ဆရာမင်းသု ဝဏ် မျိုးစေ့ချခဲ့တဲ့ အဘိဓာန်ဟာ နှစ်ပေါင်းသုံးဆယ့်ခြောက်နှစ် အကြာမှာ ရုပ်လုံးပေါ်လာတယ်။ ပေါ်လာတဲ့ ရုပ်လုံးဟာ (အကျဉ်း ချုပ်) ပဲ။ မြန်မာစာအဖွဲ့လည်း ခြေကုန်လက်ပန်းကျသွားပုံ ရပါ တယ်။ မြန်မာအဘိဓာန်ဟာ ခုထိ အကျဉ်းချုပ်ဘဝက မလွတ် မြောက်နိုင်သေးပါဘူး။ အကျဉ်းချုပ်ငါးတွဲကိုလည်း ပထမအကြိမ် တစ်တွဲ အုပ် ၃ဝ,ဝဝဝ ဆီကနေ နောက်ထပ်တစ်ခါမှ မ တစ်ခါနိုင် သေးပါဘူး။ ဒုတိယအကြိမ် ပြန်လည်ပုံနှိပ်ခြင်း မပြုနိုင်။ ထပ်မံ ဖြည့်စွက်ပြင်ဆင်ခြင်း အဆင့်ဆင့် မပြုနိုင်။ အကျဉ်းချုပ်ဘဝက မလွတ်နိုင်ဘဲ နေနေခဲ့တာ ခုဆို ၃၈ နှစ်တင်းတင်း ပြည့်ပြီးခဲ့ပြီ။
(၈)
ဘာမှ ရှေ့မဆက်နိုင်ဘဲ ငါးတွဲ အကျဉ်းချုပ်ထဲက ကောင်း နိုးရာရာ အသုံးများရာရာကို ရွေးပြီး ပေါင်းချုပ်တစ်အုပ် လုပ် ရောင်းတယ်။ (ခုဆို စီဒီတစ်ချပ်ပါ တွဲရောင်းတယ်။ တန်ဖိုး ၈,ဝဝဝ ကျပ် ပေးရတယ်။) အဲဒါနဲ့ မပြီးသေးဘူး။ နောက်ထပ် ခရီးဆောင်ဆိုပြီး အလွယ်တကူ သယ်သွားနိုင်တဲ့ ဏသခုနအ ှငဖန ကလေးတစ်အုပ် ထပ်လုပ်ရောင်းပြန်တယ်။ ၂,၅ဝဝ တန် အသေး လေးပေါ့။ ပုံနှိပ်ထားတာ စာလုံးသေးသေးလေးတွေနဲ့ ြ>ွပတ်ညပ် နေတယ်။
(၉)
ဘယ်တော့များမှ မြန်မာအဘိဓာန်ဟာ အကျဉ်းချုပ်ဘဝ က လွတ်မြောက်ပြီး ပြည့်ပြည့်စုံစုံ ဆိုဒ်ပြည့် ဂိုက်ပြည့် အဘိဓာန် အကောင်းစားကြီး အပျံစားကြီး ဖြစ်လာမယ် မသိ။ မျှော်တော် ဇောနဲ့ မောလှပြီပေါ့။