ရန်ကုန်- ၂၀၂၄ ဒီဇင်ဘာ ၂၀ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်(AA)က ဒီနေ့ နေ့လယ်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒါဟာ စစ်ကောင်စီရဲ့ ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်တစ်ခုကို တော်လှန်ရေးတပ်တွေဘက်က သိမ်းနိုင်တာဖြစ်ပြီး အဲဒီမတိုင်မီ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်(MNDAA) က သိမ်းယူထားပါတယ်။
“ ဒီနေ့လယ်ပိုင်းမှာကတည်းက ရတာ။ အခု တပ်ဖွဲ့ဝင်တွေ သိမ်းဆည်း ရှင်းလင်းတာတွေလုပ်နေတယ်” လို့ အမ်းရှေ့တန်းက စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သိမ်းတဲ့ AA ထိုးစစ်အတွင်း ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချကြတဲ့ ရုပ်သံဖိုင်တွေကိုလည်း AA က သတင်းထုတ်ပြန်ထားပါတယ်။
နပခသိမ်းတိုက်ပွဲအတွင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းမိထားတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ရခိုင်သတင်းဌာနတချို့ကို ပြောပြထားပြီး ထွက်ပြေးသူတွေကို လိုက်လံရှင်းလင်းနေတယ်လို့လည်း သူကပြောပါတယ်။
ရခိုင်တောင်ပိုင်း ဂွမြို့ကတိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းတစ်ခုနဲ့ ဂွမြို့ကိုပါ AA က သိမ်းထားတယ်လို့ ဒေသတွင်း သတင်းတချို့မှာ ဖော်ပြပါတယ်။
တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့ AA ထိုးစစ်ကို ရခိုင်ပြည်နယ်မှာ ရေတပ်၊ လေတပ်နဲ့ ကြည်းတပ်တွေသုံးပြီး စစ်ကောင်စီက ခုခံခဲ့ပေမယ့် အကြီးအကျယ်ရှုံးနိမ့်နေဆဲဖြစ်ကာ ယခုဆိုရင် ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့ သုံးခုမှာသာ စစ်ကောင်စီ တပ်တွေ အခြေစိုက်နိုင်ပါတော့တယ်။
ပုံစာ- AA ထိုးစစ်အတွင်း ကြေမွပျက်စီးသွားရတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်။
ဓါတ်ပုံ- AA Info Desk

