“အဓိကကတော့ အောက်ခြေပြည်သူလူထုပါပဲထိမှာ၊ လုပ်ငန်းတွေကလည်း နားကြရုံ၊ ပြန်ကြရုံပေါ့”

“အဓိကကတော့ အောက်ခြေပြည်သူလူထုပါပဲထိမှာ၊ လုပ်ငန်းတွေကလည်း နားကြရုံ၊ ပြန်ကြရုံပေါ့”

အာဏာသိမ်းစစ်တပ်ထိန်းချုပ်လိုက်တဲ့ ဒေါ်လာငွေအကြပ်အတည်းကြောင့် စီးပွားရေးကဏ္ဍမှာ ဘယ်လိုတွေထိခိုက်နေပြီလဲဆိုတာကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေ တင်သွင်းရောင်းချနေတဲ့ ပြည်တွင်းကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာတစ်ဦးနဲ့ မော်ကွန်းကမေးမြန်းထားပါတယ်။

စစ်ကောင်စီက အညှိုးထားပြီး မတရားအရေးယူခံရမှာစိုးတဲ့အတွက် အမည်မဖော်ပြဖို့ မေတ္တာရပ်ခံထားပါတယ်။

မေး – ခုလက်ရှိ ပြည်တွင်းမှာလုပ်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့အတိုင်းအတာက အာဏာမသိမ်းခင်ကနဲ့ ဘာတွေကွာသွားလဲ။

ဖြေ – တကယ်တော့ နိုင်ငံခြားနဲ့ဆက်စပ်ပြီး ပို့ကုန်၊ သွင်းကုန်စီးပွားရေးလုပ်ငန်းတွေက COVID-19 ကာလမှာကတည်းက စပြီးအဆင်မပြေတာ၊ ဒါပေမဲ့ လုပ်လို့ကိုင်လို့ရခဲ့တယ်။ ထိတယ်ဆိုပေမယ့် ဒီခေတ်လောက်ထိတော့မဟုတ်ဘူး။ ဘဏ်တွေနဲ့ ဒေါ်လာအလုပ်လုပ်ရတာ အဆင်ပြေခဲ့တယ်၊ ယုံကြည်မှုရှိခဲ့တယ်။

အခုကတော့ ပို့ကုန်ရော သွင်းကုန်ရော ဒေါ်လာနဲ့လုပ်ရတဲ့စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ်ရဲ့ ဒေါ်လာကိုင်တွယ်မှု စီမံခန့်ခွဲမှုအပေါ်မှာ ဘာမှဆက်လုပ်လို့မရဘဲ ငုတ်တုတ်ထိုင်နေရတဲ့ အဆင့်ကိုရောက်နေပြီ။ ရပ်တဲ့သူတွေလည်း ရပ်ကုန်ပြီ။ မကြာခင်ထပ်ပြီးလည်း လုပ်ငန်းငယ်တွေကနေစပြီး ပြိုလဲကြဖို့ရှိတယ်။

မေး – ဒေါ်လာတွေကို ကျပ်ငွေမပြောင်းမနေရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပုံစံက ဘယ်လောက်ထိ စီးပွားရေးလုပ်ငန်းတွေကို ထိသွားလဲ။

ဖြေ – ကျွန်တော်တို့ သွင်းကုန်လောကမှာ Payment Term နှစ်မျိုးရှိတယ်။ တစ်ခုက နိုင်ငံခြားကကုမ္ပဏီနဲ့ Negotiation အဆင်ပြေလို့ ဆိပ်ကမ်းကိုရောက်မှ ငွေချေရတဲ့ TT (Telegraphic Transfer) တစ်ခု၊ နောက်တစ်ခုက ငွေသား Deposit ရာခိုင်နှုန်းအရင်ပေးထားပြီး ဒီရောက်မှကျန်တာကိုရှင်းရတဲ့ LC (Letter of Credit) ပုံစံပေါ့။

အခု ဒီစစ်တပ်ရဲ့ လုပ်ပုံအရ နှစ်ခုစလုံးဘယ်ဟာမှလုပ်မရဘူး။ ဘာလို့လဲဆိုတော့ သွင်းကုန်သမားတွေက တစ်ဘက်ကိုပြန်ရှင်းပေးရမယ့်ကုန်ဖိုးဒေါ်လာတွေကို ဗဟိုဘဏ်က ရောင်းမပေးတော့ဘူး။ ခုက သွင်းကုန်ပါမစ်ဆို ဆေးဝါးတစ်ခုကလွဲရင် ကျန်တာဘာမှမရတော့ဘူး။ ဆေးဝါးပါမစ်ရလို့ ဒေါ်လာရမယ်မထင်နဲ့ သူ့လည်းရောင်းမပေးဘူး၊ ကျန်တဲ့သူတွေဆို ပြောမနေနဲ့တော့။

ပို့ကုန်ဆိုလည်း နိုင်ငံခြားကဝယ်မယ့်ကုမ္ပဏီတွေက မဝယ်ရသေးဘဲ ငွေအရင်ကြိုပေးပြီး မြန်မာဘက်က ဘဏ်ထဲဝင်ပြီဆိုမှ Permit ပေးတာ ED (Export Declaration) ချပေးပြီး ပို့ခွင့်ရမယ်။ သဘောကတော့ ငွေကြိုတောင်းတာပေါ့။ သူ့ငွေလက်ထဲရောက်အဝင်မှ စပို့ရမှာ၊ ဘယ်သူကရမလဲ ဒါမျိုး။ ပို့ကုန်ရော သွင်းကုန်ရော ငွေယူတာ ချေတာက စစ်တပ်ထိန်းချုပ်ထားတဲ့ဘဏ်တွေကို မဖြတ်ဘဲမရဘူး။

မေး – ဒီကိစ္စတွေကို အာဏာသိမ်းစစ်တပ်ဘက်က ဘာကြောင့်လုပ်တယ်လို့မြင်လဲ၊ နောက်ပြီး သူတို့လုပ်ခဲ့တဲ့ အဆင့်ဆင့်အပေါ် ရှင်းပြပါဦး။

ဖြေ – ဒီလောက်များတဲ့ ဒေါ်လာတွေကို စစ်တပ်က သူ့ဆီကိုယူပြီးပြန်ရောင်းမပေးတော့တာဟာ အကြောင်းရှိမှာတော့အမှန်ပါ။ အထူးသဖြင့် ဒေါ်လာလိုအပ်ချက်ရှိနေတယ် စစ်လက်နက်ဝယ်ဖို့ပဲဖြစ်ဖြစ် အရေးတကြီးလိုနေတာမျိုးရှိနိုင်တယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ ဒါကတစ်ခု၊ နောက်တစ်ခုက သူဘယ်လို အဆင့်ဆင့်လုပ်သွားလဲ။ တစ်ဒေါ်လာကို ကျပ်ငွေ ၁,၈၅၀ နဲ့ ညီမျှတယ်လို့ စစ်တပ်ဘက်က မကြေညာခင် တစ်ခုလုပ်ထားတာရှိတယ်၊ အဲဒါက အစပဲ၊ ဘာလဲဆိုတော့ ဗဟိုဘဏ်က ဒေါ်လာတွေ သန်းနဲ့ချီပြီး အရင်ထုတ်ရောင်းတာ။ ဆေးဝါး၊ စက်သုံးဆီ၊ စားသောက်ကုန် ဒီသုံးမျိုးကိုရောင်းပေးနေတယ်ပေါ့။

သူတို့က မှောင်ခိုဈေးကွက်ကို ဒီနည်းနဲ့ဖြုတ်ပြီး သူတို့ဆီဒေါ်လာတွေပြန်ဝင်အောင်လုပ်တဲ့သဘော၊ ဒါပေမဲ့ သူတို့ထင်သလို နှမ်းထွက်မကိုက်ခဲ့ဘူး။ ဒီမှာသူတို့ထပ်ပြီး ကျွန်တော်တို့ကို ဘာကြေညာလဲဆိုတော့ ခုနကပြောတဲ့ ၁,၈၅၀ တစ်သမတ်တည်းလုပ်လိုက်ပြီး ဗဟိုဘဏ်ကို လာအပ်ပါ။ မက်လုံးအကြီးကြီးကတော့ လာအပ်ပါ ပြီးရင်ပြန်ရောင်းပေးမယ်ဆိုတာပါပဲ။ အဲဒီမက်လုံးကို ထောက်ခံတဲ့ စီးပွားရေးသမားတချို့တောင် ကောင်းသလိုလို ထပြောကြတာရှိတယ်။

ဒါပေမဲ့ တကယ်လည်း ဗဟိုဘဏ်ကို ၁,၈၅၀ နဲ့သွားရောင်းလည်းပြီးရော သူတို့ကို ဟိုက ပြန်ထုတ်မရောင်းတော့ဘူး။ အဲဒီမှာ ခံရတော့တာပဲ။ ဒါနဲ့ ဒေါ်လာလိုတဲ့ ပို့ကုန်သွင်းကုန်သမားတွေ ထုံးစံအတိုင်း မှောင်ခိုဈေးကွက်ထဲ ပြေးရတာပဲ၊ ခုလည်း မှောင်ခိုဈေးကွက်ပဲ၊ ဒီဈေးကွက်ပျက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

အာဏာမသိမ်းခင်တုန်းက ဒေါ်လာဈေးဆိုတာက ဗဟိုဘဏ်ဈေးနဲ့ မှောင်ခိုဈေးက သိပ်မကွာဘူး။ ဘဏ်တွေနဲ့အလုပ်လုပ်ရတဲ့အခါ ကြားချပြီး လုပ်လို့ရတယ်။ အရမ်းမနာဘူးပေါ့။ ဘာလို့လဲဆိုတော့ ဘဏ်တွေအပေါ်မှာ လူတွေရဲ့ ယုံကြည်မှုရှိနေသေးတယ်။ ခုတော့ ဘဏ်ကို ဘယ်သူသွားလို့လဲ။

နောက်ပြီး ဘဏ်ဆိုတာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ရှိနေပြီ။ အပြင်မှာ ၂,၅၀၀ ကျော် ဘဏ်မှာ ၁,၈၅၀ ပဲလေ။ ဒီလိုနဲ့ ဒေါ်လာတွေကို ဗဟိုဘဏ်က ထုတ်မရောင်းတော့တဲ့အခါ အားလုံးတော်တော်များများစထိကြတယ်။ ထိတဲ့အထဲ စစ်တပ်ထောက်ခံတဲ့ သူတို့အသိုင်းအဝိုင်းကလူတွေ ထိပ်ဆုံးကပဲ။ တချို့ကလည်း ၁,၈၅၀ နဲ့ဝယ်ပြီး အပြင်မှာ ဈေးပြန်ကစားချင်တဲ့အကွက်လည်း မှန်းကြတယ်။ အဲဒီအချိန်ထိ တိတိကျကျညွှန်ကြားချက်မဟုတ်သေးဘူး။ ဆိုလိုတာက ဗဟိုဘဏ်ကို လာအပ်ပါ။ လာအပ်ရမယ် မအပ်လို့မရဘူးဆိုတာ မဟုတ်သေးဘူးပေါ့။

ခုနောက်ဆုံးကတော့ ကျွန်တော်တို့ လုပ်ငန်းတွေအားလုံးရဲ့ ဘဏ်အကောင့်တွေမှာရှိတဲ့ အမေရိကန်ဒေါ်လာတွေကို ကျပ်ငွေ ၁,၈၅၀ နဲ့ မလဲချင်လည်း သူ့ဟာသူအော်တိုလဲသွားတာ။ ပြောရရင် သူ့ထိန်းချုပ်မှုအောက်မှာပဲ လုယူသွားတာ။

မေး – ခုနောက်ဆုံးတစ်ခေါက် ဘယ်သူတွေ ချက်ချင်းထိသွားလဲ။

ဖြေ – ကျွန်တော်တို့က ဒေါ်လာဆိုတာ ကိုင်ထားတာမဟုတ်ဘူး ဘဏ်တွေမှာထားတာ၊ လိုမှ လိုသလို လဲတာမျိုး၊ ခုက ဘယ်သူတွေထိလဲဆို ဒေါ်လာနဲ့အလုပ်လုပ်ဖို့ ဒေါ်လာတွေ စုထားတာ၊ အပ်ထားတဲ့သူတွေအားလုံးထိပါတယ်။ တန်ဖိုး ၂,၅၀၀ ရှိတဲ့ ငွေတွေကို ၁,၈၅၀ နဲ့ ချက်ချင်းအော်တိုလဲပစ်ခံလိုက်ရတာ၊ အသေးစား၊ အလတ်စား၊ အကြီးစားအကုန်ထိပေမယ့် ကျွန်တော့်အမြင့် အသေးစားနဲ့အလတ်စားတွေ တော်တော်ထိသွားမယ်။ အကြီးစားဆိုတာက အကောင်ကြီးတယ်။

မေး – ဒါဆို ဒီလိုသတ်မှတ်ချက်တွေကြောင့် ဘယ်လောက်ထိ ဘယ်သူတွေထိ ထိခိုက်မှုတွေဖြစ်လာနိုင်မလဲ။

ဖြေ – ရပ်တော့မယ့် လုပ်ငန်းတွေ၊ ရပ်သွားတဲ့လုပ်ငန်းတွေရှိလာတယ်။ ဒေါ်လာနဲ့ ဝယ်ယူရတဲ့ ကုန်ပစ္စည်းတွေ ရှားပါးလာမယ်။ ပို့ကုန်သမားတွေလည်း ဘာမှမထူးဘူး။ တစ်ဘက်ကို ငွေအရင်ရှင်းခိုင်းပြီးမှ ပို့မယ်ဆိုတာ မဖြစ်နိုင်သလို ခုဆို မြန်မာကို ယုံကြည်မှုမရှိတော့ဘူးဆိုတော့ ပိုတောင်မဖြစ်နိုင်ဘူး။

စီးပွားရေးပိတ်ဆို့မှုတွေများတယ်။ အထူးသဖြင့် ကုန်ဈေးနှုန်းတွေတက်လာမယ် ခုလည်းတက်နေတာပဲ။ ဆီဈေးတွေကျတယ် ဒါပေမဲ့ ရေရှည်ရနေဦးမလားဆိုတာ မပြောနိုင်ဘူး။ အဓိကကတော့ အောက်ခြေပြည်သူလူထုပါပဲထိမှာ၊ လုပ်ငန်းတွေကလည်း နားကြရုံ၊ ပြန်ကြရုံပေါ့။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."