ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း)
ဒီရက်ပိုင်းထဲ အညာဒေသမှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒီဒေသခံတချို့ရဲ့ ပြောဆိုချက်နဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို အခုရက်ပိုင်းမှာ ဒေသတွင်းတော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Southern YSO PDF) က ဒီနေ့မှာ ထုတ်ပြန်လာတာပါ။
လွန်ခဲ့တဲ့နှစ်ရက်က ရှေးဟောင်းမြို့ဖြစ်တဲ့ ပခန်းကြီးမှာ ညအိပ်ပြီး ရေစကြိုမြို့ကို ပြန်လာတဲ့စစ်ကြောင်းကို ဒေသတွင်းကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့အချိန်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ထွက်ပြေးဆုတ်ခွာသူတွေလည်း ရှိခဲ့တယ်လို့လည်း Southern YSO PDF က ထုတ်ပြန်ထားတာပါ။
ရေစကြိုမြို့နယ်မှာ ကျေးရွာရဲကင်းစခန်းတွေ၊ စစ်ကောင်စီကင်းစခန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရတာဖြစ်ပြီး အခုနှစ်ပိုင်းတွေမှာ ဒီဒေသတစ်ဝိုက် တော်လှန်ရေးတပ်တွေ ပိုအားကောင်းလာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရေစကြိုအခြေစိုက် ကျေးရွာရဲကင်းစခန်းတချို့ ဟာ အာဏာသိမ်းကာလတစ်လျှောက် ဒရုန်းနဲ့ ဗုံးကြဲခံရတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေအပြင် စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွေလည်း မကြာခဏရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာကတည်းက ချင်းတွင်းမြစ်အနောက်ကမ်းနဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဒေသတွင်း ကာကွယ်ရေးတပ်တွေ အများအပြားဖွဲ့စည်းခဲ့ပြီး ဒီနှစ်ပိုင်းတွေမှာတော့ ဒီဒေသကာကွယ်ရေးတပ်တွေဟာ ပိုပြီးအားကောင်းလာတယ်လို့ မကွေးတိုင်းအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“ပခုက္ကူ၊ ရေစကြို ဒီတကျောမှာ တော်တော်လေးအားကောင်းလာတယ်။ တိုက်ပွဲတွေလည်း စိပ်လာတယ်။ အဖွဲ့တွေလည်း တော်တော်လေးစုံတယ်လို့ ပြောလို့ရတယ်။ NUG ၊ PDF တွေရော Local အဖွဲ့တွေလည်း တော်တော်များတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
အခုလ ၉ ရက်ကလည်း မကွေးတိုင်းထဲက မြိုင်နဲ့ ပေါက်မြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒီစစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ခဲ့ပါသေးတယ်။
မကွေးတိုင်းထဲမှာ မြိုင်၊ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ မကြာခဏဆိုသလိုဖြစ်လာနေပြီး စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာအပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်တာတွေလည်း မကြာခဏ ဖြစ်ပွားလာနေတာပါ။
မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသဖြစ်တဲ့ မကွေးတိုင်းထဲမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး (က.ပ.စ) စက်ရုံတွေ အများအပြားတည်ရှိနေပြီး စစ်ကောင်စီအနေနဲ့ ဒီစက်ရုံတွေကို ကာကွယ်ဖို့ ဒေသတွင်းမှာ အင်အားဖြည့်တင်းနေသလို တော်လှန်ရေးတပ်တွေဟာလည်း မကွေးတိုင်းထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီးအရှိန်မြှင့်လာတာပါ။
ပုံစာ – ရေစကြိုမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – Southern YSO PDF

