ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် အကျပ်အတည်းအား နိုင်ငံတကာက ကြည့်သည့်အခါ ဖြစ်စဉ်တစ်ခုလုံးကို မကြည့်ဘဲ လူ့အခွင့်အရေးရှုထောင့်တစ်ခုတည်းက ကြည့်ပြီး ကဲ့ရဲ့ရှုံ့ချဖိအားပေးလျက်ရှိရာ အဆိုပါ အခြေအနေမှ ရုန်းထွက်နိုင်ရေးအတွက် ယခုအချိန်သည် အစိုးရ၊ နိုင်ငံရေးအင်အားစုများနှင့် တပ်မတော်တို့ စည်းလုံးကြရမည့် အရေးကြီးသော အချိန်ဖြစ်ပါသည်။
တစ်နည်းအားဖြင့် မိမိတို့အကြားရှိ မတူကွဲပြားသော နိုင်ငံရေးအမြင်အယူအဆများကို ဘေးချိတ်ကာ ရခိုင်ပြည်နယ် ပဋိပက္ခပြေလည်ရေး၊ ကမ္ဘာ့အလယ်တွင် နိုင်ငံ့ဂုဏ်သိက္ခာပြန်လည်မြင့်မားလာစေရေး ရေတိုရေရှည်လုပ်ဆောင်ရမည့်ကိစ္စများကို ပူးပေါင်းအကောင်အထည်ဖော်ရမည့် အချိန်လည်း ဖြစ်သည်။
အထူးအရေးကြီးသည်မှာ မည်သည့်အဖွဲ့အစည်းကမှ ရခိုင်အရေးကို မိမိတို့အကျိုးအတွက် နိုင်ငံရေးအမြတ်ထုတ်စရာအဖြစ် သဘောမထားမိကြဖို့ ဖြစ်ပါသည်။
နိုင်ငံတကာက (အထူးသဖြင့် အစ္စလာမ္မစ်နိုင်ငံများက) မည်သို့ပင် ဖိအားပေး ကဲ့ရဲ့နေကြသော်လည်း အိမ်နီးချင်း နိုင်ငံအများစုက မိမိတို့ကြုံနေရသည့် အခြေအနေကို နားလည်သဘောပေါက်ကြရာ ၎င်းတို့၏ထောက်ခံအားပေးမှုကို မြန်မာအစိုးရအနေနှင့်မလွတ်တမ်း ဖမ်းယူထားသင့်ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နိုင်ငံမဲ့ အစ္စလာမ်ဘာသာဝင်အချို့အား သွေးဆောင်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသော ARSA အစွန်းရောက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေချေမှုန်းနေသည့် တစ်ချိန်တည်းတွင် ကိုဖီအာနန် ကော်မရှင်က အကြံပြုထားသည်များကို အစိုးရအနေနှင့် ဆက်လက် အကောင်အထည်ဖော်ရန်လည်း လိုအပ်ကြောင်း ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်နိုင်ငံသား မစ္စတာဂျက်လိုက်ဒါက မော်ကွန်းနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနှင့် အထူးသတိပြုစေလိုသည်မှာ အရပ်သားများနှင့် ရောနှောကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသော ARSA အဖွဲ့ဝင်တို့ကို နှိမ်နင်းရာတွင် အပြစ်မဲ့အရပ်သားများကို မထိခိုက်စေရေးနှင့် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်များကို စောင့်ရှောက်ပေးကြရန် ဖြစ်ပါသည်။ ထိုဒေသတွင် ARSA တို့၏ စည်းရုံးရာနောက်သို့ မလိုက်လိုဘဲ အေးချမ်းစွာနေထိုင်နေကြသူများလည်း ရှိရာ ၎င်းတို့ကို အစွန်းရောက်အဖွဲ့ဘက် တွန်းမပို့မိစေရန်လည်း လွန်စွာအရေးကြီးပါသည်။
နိုင်ငံတကာသတင်းမီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အကာအကွယ်ပေးမှုကိုရယူကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် ARSA အဖွဲ့ကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် အဖွဲ့အစည်းများကလည်း ကဲ့ရဲ့ ရှုတ်ချလာကြပြီဖြစ်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အစ္စလာမ်ဘာသာဝင်များအား အေးချမ်းစွာ နေထိုင်ကြရေးစည်းရုံးရာ၌ ၎င်းတို့၏ ပါဝင်ကူညီမှုကို အစိုးရအနေနှင့် ရယူသင့်သည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။
ယခုကဲ့သို့ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အကဲဆတ်သည့်အချိန်မျိုးတွင် အားလုံး သတိထားကြရမည့် နောက်ထပ် အရေးတစ်ခုမှာ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကြား တင်းမာမှုများ၊ ပွတ်တိုက်မှုများ မဖြစ်ပွားစေရေးပင် ဖြစ်သည်။ သို့ဖြစ်ရာ ဘာသာနှစ်ခုကြား ပဋိပက္ခများ တစ်ကျော့ပြန် ဖြစ်ပွားလာအောင် ကိုယ်နှုတ်အမူရာတို့ဖြင့် လှုံ့ဆော်သူများ၊ အမုန်းစကား ဖြန့်ဝေသူများကို ထိရောက်စွာ အရေးယူဖို့ လိုအပ်ကြောင်းလည်း ကျွနု်ပ်တို့ မော်ကွန်းက တိုက်တွန်းအပ်ပါသည်။
၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၀)မှ အယ်ဒီတာအာဘော် ဖြစ်ပါသည်။