အစိုးရအနေနဲ့ရော၊ ဗမာတွေအနေနဲ့ရော ရခိုင်လူမျိုးတွေ နှစ်ပေါင်းများစွာ ခံစားလာရတဲ့ ဟာတွေကို အသိအမှတ်ပြုပေးဖို့လိုတယ်

အစိုးရအနေနဲ့ရော၊ ဗမာတွေအနေနဲ့ရော ရခိုင်လူမျိုးတွေ နှစ်ပေါင်းများစွာ ခံစားလာရတဲ့ ဟာတွေကို အသိအမှတ်ပြုပေးဖို့လိုတယ်

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Interview ဖြစ်ပါသည်။

 

ဒေါက်တာမင်းဇော်ဦး

အမှုဆောင်ဒါရိုက်တာ

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အင်စတီကျု

ကျော်ဇေယျ မေးသည်။

ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရေးရှင်းအဆင့် လိုချင်တယ်ဆိုတဲ့ ရက္ခိုင့်တပ်မတော် – AAရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပြောကြားမှုအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ တွေ၊ နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တချို့ကြား အမြင်မတူတဲ့ သုံးသပ်မှုတွေ အခုတလော ညံလာပါတယ်။ ရက္ခိုင့်တပ်မတော်-AAရဲ့ ဒီကွန်ဖက်ဒရေးရှင်း တောင်းဆိုမှုဟာ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် အကျိုးသက်ရောက်မှု တွေ၊ ဒီတောင်းဆိုချက်ရဲ့ ဦးတည်နိုင်တဲ့ အလား အလာတွေနဲ့ ရက္ခိုင့်တပ်မတော်-AA အဖွဲ့ရဲ့ ရက္ခိုင့်နိုင်ငံတော်အိပ်မက် အကောင်အထည် ပေါ်နိုင်မှုအလားအလာတွေကို မြန်မာငြိမ်းချမ်း ရေးနှင့်လုံခြုံရေးအင်စတီကျုက အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးနဲ့ ရခိုင်အမျိုး သားပါတီရဲ့ အထွေထွေအတွင်းရေးမှူးဦးထွန်း အောင်ကျော်တို့ကို မော်ကွန်းမဂ္ဂဇင်းက မေးမြန်း ထားသည်များကို ကောက်နုတ်ဖော်ပြလိုက် ပါတယ်။

မော်ကွန်း။  ။ ရက္ခိုင့်တပ်မတော်(AA)ဘက်က အခုဆို ကွန်ဖက် ဒရေးရှင်းပုံစံ ရခိုင်ပြည်နယ်ကို လိုချင်တယ်ဆိုပြီး ပြောလာတာ ရှိပါတယ်။ လက်ရှိမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း တစ်ခုလည်း ရှိပါတယ်။ ဒီဟာကို နှိုင်းယှဉ်ကြည့်ရင်ဘယ်လိုတွေ များ ဆက်ဖြစ်လာနိုင်ပါသလဲ။

ဒေါက်တာမင်းဇော်ဦး။ ။ မြန်မာပြည်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲမှာ ကွန်ဖက်ဒရေးရှင်းလို့ ပြောတဲ့ အဖွဲ့၊ လောလောဆယ် AA တစ်ဖွဲ့ပဲ ရှိပါသေးတယ်။ UWSA( “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) လို အဖွဲ့မျိုးတောင် ကွန်ဖက်ဒရေးရှင်းဆိုတဲ့ဟာမျိုးကို မသုံးဘူးလေ။ သူတို့ သုံး တာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကိုပဲ သုံးတာပေါ့။

ကွန်ဖက်ဒရေးရှင်းဆိုတာကတော့ နိုင်ငံတစ်ခုပုံစံမျိုး ဖြစ် သွားတာပေါ့။ အဲဒီတော့ လက်ရှိမှာက တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းအကုန်လုံးလိုလိုနဲ့ အစိုးရနဲ့ကြားမှာ သဘော တူထားတာကတော့ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုတာကို သဘောတူထားပြီးပြီပေါ့။ အဲဒီတော့ ဖက်ဒရယ်စနစ်ကို သွားဖို့ အတွက် ဘယ်လို ဖက်ဒရယ်မျိုးလဲဆိုတာကို ညှိနှိုင်းနေတဲ့ အဆင့်ဖြစ်တယ်ပေါ့။

ကွန်ဖက်ဒရေးရှင်းဆိုတဲ့ဟာက နိုင်ငံတစ်နိုင်ငံပုံစံမျိုး ဖြစ် သွားတဲ့အတွက်ကြောင့်မို့လို့ အစိုးရဘက်ကရော၊ တပ်မတော် ဘက်ကရော ဒါကို လက်ခံဖို့ဆိုတာတော့ မရှိဘူးလို့တော့ ပြော လို့ရတာပေါ့။ အဲဒီတော့ ဒီလို ကွန်ဖက်ဒရေးရှင်းလို့ ပြောလိုက် ခြင်းအားဖြင့် နိုင်ငံရေးတောင်းဆိုချက်ကို ဘယ်လိုမှ လက်မခံ နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကို ရောက်သွားတာပေါ့။ တစ်နည်း အားဖြင့်ဆိုရင် တိုက်ရုံပဲ ရှိတော့တယ်ဆိုတဲ့ အနေအထားကို ရောက်သွားတာပေါ့။

တခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ကျတော့ ဖက်ဒရယ်ဆိုတဲ့ ဘုံရပ်တည်ချက်ကို ရလိုက်တယ်။ အဲဒါကြောင့် ဘယ် လိုဖက်ဒရယ်မျိုး ဆွေးနွေးမလဲဆိုတဲ့ ညှိနှိုင်းလို့ရတဲ့ နေရာလေး တစ်ခု နှစ်ဖက်စလုံးက ရလိုက်တော့ အဲဒီနေရာမှာ ဝိုင်းညှိတယ် ဆိုရင်တော့ အဖြေထွက်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တော့ ရှိတာပေါ့။

မော်ကွန်း။  ။ ပထမ NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာသဘောတူစာချုပ်) ဆွေးနွေးကြတုန်းကလည်း AA ပါတယ်လို့ သိရပါတယ်။ အခုအခါမှာ ကွန်ဖက်ဒရေးရှင်း ဆို တာကို AA ဘာကြောင့် ထုတ်ပြောလာသလဲလို့ သုံးသပ်နိုင်ပါ မလဲ။

ဒေါက်တာမင်းဇော်ဦး။ ။ ဒီဟာကိုတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်သိသလောက်က AA က NCCT (တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ ) မှာပါတယ်။ NCA ညှိနှိုင်းတုန်းက လည်း သူတို့ပါတယ်။ ဖက်ဒရယ်စနစ်ကိုသွားမယ်လို့ ပြောတဲ့ အထဲမှာလည်း သူတို့တွေပါတယ်။ အစိုးရနဲ့ NCCT ညှိတော့ ညှိတဲ့အဆင့်တွေက အများကြီးလေ။ အစည်းအဝေးပေါင်း မြောက်မြားစွာ လုပ်ကြတာ။ ကျွန်တော်သိသလောက်က ဒီ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို အစိုးရလက်ခံအောင် ညှိခဲ့တဲ့ အချိန်တုန်းကလည်း AA ဟာ NCCT မှာပါတယ်။ အဲဒီတုန်းက တော့ အားလုံးရဲ့သဘောထားဟာ ဖက်ဒရယ်ပေါ့။ အခုကျတော့ ကွန်ဖက်ဒရေးရှင်း။ သူတို့ဘယ်လိုဖြစ်သွားသလဲဆိုတာ ကျွန်တော်တော့ မပြောတတ်ဘူး။

မော်ကွန်း။  ။ တခြားတိုင်းရင်းသားဒေသတွေမှာလည်း သူ့ ဒေသအလိုက် တိုင်းရင်းသားလက်နက်ကိုင်တွေရှိကြသလိုပဲ AA ဟာလည်းရခိုင်ပြည်နယ်မှာ အခြေစိုက်လာတယ်ပေါ့။ အဲဒါကို အစိုးရနဲ့ တပ်မတော်ဘက်က လက်မခံနိုင်ဘူးပေါ့။ ဒါကရော အစိုးရနဲ့ တပ်မတော်အပိုင်းက ဘယ်လိုစဉ်းစားချက်တွေကြောင့် လို့ သုံးသပ်နိုင်မလဲ။

ဒေါက်တာမင်းဇော်ဦး။ ။ နံပါတ်တစ်ကတော့ လုံခြုံရေးအမြင်က ကြည့်တာပေါ့။ လုံခြုံရေးအမြင်အရကြည့်တဲ့အခါမှာ လက်နက် ကိုင်အဖွဲ့ မရှိတဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့ ဝင်လာတာက ခြိမ်း ခြောက်မှုအသစ်ဆိုတဲ့ဟာမျိုး စဉ်းစားကြတာပေါ့။ တပ်မတော် ဘက်က စဉ်းစားတာကျတော့ ရခိုင်ပြည်နယ်ထဲမှာ လက်နက် ကိုင်ပဋိပက္ခ မဖြစ်ပွားတာက ဆယ်စုနှစ်ပေါင်းများစွာကြာပြီ။ ဟိုအရင်တုန်းက ရခိုင်ပြည်နယ်ထဲမှာ အခြေစိုက်ဖို့ လုပ်ခဲ့တဲ့ အဖွဲ့တွေရှိတယ်၊ မအောင်မြင်ခဲ့ဘူး။ ဟိုးအရင် ရခိုင်ပြည်နယ် ထဲမှာ လှုပ်ရှားဖို့လုပ်ခဲ့တဲ့ အဖွဲ့တွေကျတော့လည်း တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲပြီး လက်နက်ဖြုတ်သွားကြတယ်ပေါ့။ လက် နက်ကိုင်အဖွဲ့အစည်းအသစ်တစ်ခု ဝင်လာပြီးလှုပ်ရှားမယ့်ဟာကို တပ်မတော်ဘက်က လုံခြုံရေးအမြင်အရကြည့်ရင် သူလက်မခံ နိုင်ဘူး ဆိုတာပေါ့။

နောက်တစ်ခုကကျတော့ ရခိုင်ပြည်နယ်မှာက လူမျိုးစု ပြဿနာရှိတယ်။ အထူးသဖြင့် မွတ်ဆလင်ဘင်္ဂါလီတွေနဲ့ ရခိုင် လူမျိုးတွေနဲ့ ကြားထဲမှာ ပြဿနာတွေရှိတယ်။ ပြဿနာရှိတော့ ဒီလိုမျိုး လူမျိုးစုပြဿနာတွေ နောက်တစ်ခါဖြစ်လာတဲ့အချိန်မှာ ပဋိပက္ခမှာ ပါတဲ့ လူမျိုးစုအဖွဲ့တစ်ဖွဲ့က လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုပုံစံနဲ့ ရပ်တည်ပြီးနေတယ်ဆိုလို့ရှိရင် ဒီလိုပဋိပက္ခတွေဟာ ပိုကြီးသွားတတ်တဲ့ ပြဿနာတွေ၊ သာဓကတွေဟာ ကမ္ဘာမှာ လည်းရှိတယ်။

ဥပမာ-ကမ္ဘာမှာဖြစ်ခဲ့တဲ့ဟာကို လေ့လာချက်တွေအရ ဆို ရင် ဒီ Genocide (လူမျိုးတုံးသတ်ဖြတ်မှု) နဲ့ တိုက်ရိုက်ချိတ် ဆက်တာက ဒီ Paramilitary Force လို့ပြောတဲ့ ဒီအစိုးရတပ်နဲ့ တိုက်ရိုက်မဟုတ်ဘဲနဲ့ အစိုးရတပ်နဲ့ နီးစပ်ချင်လည်း နီးစပ်မယ်၊ ဆက်စပ်ရင်လည်း ဆက်စပ်မယ်။ ဒါပေမဲ့ သမားရိုးကျ မဟုတ်တဲ့ တပ်တွေက ဒီ Genocide နဲ့ ပိုပြီး ပတ်သက်လေ့ရှိတာကို သွား တွေ့ရတယ်။ တွေ့ရတယ်ဆိုတော့ ဒီလူမျိုးစုပြဿနာဖြစ်တဲ့ ဒေသတွေမှာ သမားရိုးကျမဟုတ်တဲ့တပ်တွေ ရှိတဲ့ဟာက ဒီ အကြမ်းဖက်မှုတွေအတွက် ပိုပြီးတော့ဆိုးရွားနိုင်တယ်ဆိုတဲ့ အချက်အလက်တွေလည်း ရှိတယ်ပေါ့ဗျာ။ ဆိုပါစို့ဗျာ၊ ရခိုင်မှာ လည်း AA လို လက်နက်ကိုင်အဖွဲ့အစည်းမျိုး ရှိမယ်။ အဲဒီ အဖွဲ့အစည်းကလည်း လူမျိုးစုတစ်ဖွဲ့နဲ့ ပိုနီးစပ်မယ်။ နောက် တစ်ခါသာ လူမျိုးရေးပြဿနာတွေ ဖြစ်လာမယ်ဆိုလို့ရှိရင် ဒီရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းကြားမှာ အကြမ်းဖက်မှုတွေ ပိုဖြစ် လာမယ်ဆိုလို့ရှိရင် နိုင်ငံတကာကြားထဲမှာ ပိုပြီးပြောစရာဖြစ် မယ်ဆိုတဲ့ဟာမျိုးလည်း အစိုးရဘက်က စိုးရိမ်ပုံရပါတယ်။

နောက်ပြဿနာတစ်ခုကကျတော့ ဒါက ဘင်္ဂလားဒေ့ရှ်နဲ့ လည်း အများကြီးသက်ဆိုင်တဲ့ကိစ္စပေါ့လေ။ အခုက မြန်မာ အစိုးရဘက်ကပြောတာ AA ရော၊ ARSA ရောဟာ ဘင်္ဂလား ဒေ့ရှ်ဘက်မှာ အခြေစိုက်ပြီးတော့ စခန်းတွေရှိတယ်။ အဲဒီဘက် မှာ အခြေစိုက်ပြီး ဒီဘက်မှာ လာလှုပ်ရှားတယ်ဆိုတာမျိုး ပြော တာရှိတယ်။ အဲဒီဟာကလည်း အတိုင်းအတာတစ်ခုအထိ  မှန် တယ်ဆိုတာကိုလည်း တွေ့ရတယ်။ ဘာကိုသွားတွေ့ရလဲဆိုတော့ ဟိုတစ်ခေါက်က ဘင်္ဂလားဒေ့ရှ်နယ်မြေထဲကနေပြီးတော့ မြန်မာ နယ်မြေထဲကို ပစ်တာခတ်တာတွေ လုပ်တာတွေရှိတယ်။ နောက် တစ်ခုက AA နဲ့ ပတ်သက်ပြီးတော့ ဓာတ်ပုံတချို့ကို အင်တာ နက်ပေါ်မှာ ဖြန့်တဲ့ဟာတွေရှိတယ်လေ။ အဲဒီဓာတ်ပုံတွေထဲမှာ ဆိုရင် ဟိုဘက်နယ်စပ်၊ ဒီဘက်နယ်စပ်မှာ အပင်တွေခုတ်ချပြီး တော့ ဟိုဘက်ဒီဘက်ကျော်ပြီး လှုပ်ရှားနေတဲ့ ဓာတ်ပုံတွေလည်း ထွက်လာတယ်ဆိုတော့ ဒါကလည်း ဖြစ်နိုင်တယ်။

ဘာကြောင့်လဲဆိုရင် မြန်မာပြည်ရဲ့လက်နက်ကိုင်ပဋိပက္ခကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းအတော်များများ က အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ အခြေပြုပြီးလှုပ်ရှားကြတယ်ဆိုတဲ့ဟာကိုလည်း တွေ့ရပါတယ်။ ဘာကြောင့် အိမ်နီးချင်းနိုင်ငံတွေလိုလဲဆိုတော့ ဒီလက်နက်ခဲယမ်းမီးကျောက်ဝယ်တဲ့ကိစ္စ တွေ၊ သွင်းတဲ့ကိစ္စတွေ၊ အနိမ့်ဆုံးအဆင့်ကတော့ ဒဏ်ရာရပြီ ဆိုရင် ဘယ်သူပုန်ကမှ မြန်မာပြည်ထဲမှာ မကုနိုင်ဘူး။ နောက်ဆုံး KIO တို့လိုအဖွဲ့အကြီးကြီးတွေ၊ KNU တို့လိုအဖွဲ့အကြီးကြီး တွေတောင် မကုနိုင်ကြဘူး။ တရုတ်ပြည်တို့ ဘာတို့ကို ပို့ပြီး ကုသရတယ်။ KNU ဆိုရင် ထိုင်းနိုင်ငံဘက်ကိုပို့ပြီး ကုရတာပေါ့။ ဒီတော့ နယ်စပ်အပေါက်မရှိဘဲနဲ့ စစ်တိုက်ဖို့ဟာ နည်းနည်းခက်ပါ တယ်။ စစ်တိုက်လို့မရဘူးလို့ ပြောရင်တောင်ပြောလို့ရတယ်။ တိုက်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ လူနာကတော့ အမြဲပါတာပါပဲ။ ဒါ ဆိုရင် အဲဒီလူနာတွေကို ဘယ်လိုဆေးကုမလဲ။ ဆေးကုဖို့ အတွက်ဆိုရင် နယ်စပ်အပေါက်တွေရှိရတယ်။ နယ်စပ်အပေါက် ကနေ ထုတ်ရတယ်။ ဒီလိုလုပ်နိုင်ဖို့က တစ်ဖက်နိုင်ငံနဲ့ ကိုယ်က နားလည်မှုတွေ ယူရတာရှိတယ်။ ဒါမျိုးကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတော်တော်များများက လုပ်ကြတာ ရှိပါတယ်။ ထိုင်းနယ်စပ်ကအဖွဲ့တွေရော၊ တရုတ်နယ်စပ်ကအဖွဲ့ တွေရော လုပ်ကြတယ်။

နောက်တစ်ခုက ဘင်္ဂလားဒေ့ရ်ှနယ်စပ်မှာ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခု ရှိလာတော့မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို လည်ပင်းညှစ်လို့ရတဲ့ ဖဲချပ်တစ်ချပ်ကို ရသွား တယ်ဆိုတဲ့ သဘောပဲ။ ဒါကို မြန်မာအစိုးရအနေနဲ့လည်း စိုးရိမ် မှာပဲ။ ဆိုလိုတဲ့သဘောက ဒီလက်နက်ကိုင်ကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ကိုအနိုင်ကျင့်လို့ ရသွားတဲ့သဘောပေါ့။ အိမ်နီးနားချင်း နိုင်ငံနဲ့ ကိုယ်နဲ့ ကြားထဲမှာရှိတဲ့ ဆက်ဆံရေးမှာ အိမ်နီးနားချင်း နိုင်ငံဟာ ကိုယ့်တိုင်းပြည်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုကို သူက တစ်စုံတစ်ရာနဲ့ ရှင်သန်လို့ရအောင်လုပ်ပေးပြီး တော့ ကိုယ့်ကိုပြန်ပြီး အကျပ်ကိုင်တာမျိုး လုပ်ကြတဲ့သဘော ပေါ့ဗျာ။

အဲဒီတော့ ရခိုင်ပြည်နယ် နယ်စပ်မှာ လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုကို နေခွင့်ပေးလိုက်တာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနဲ့ပတ်သတ်ရင် ဒီဟာကို ဖဲတစ်ချပ်လို ကိုင်ကစားနိုင်သွား မယ်။ အခုလည်း သူက လုပ်နေတဲ့သဘောပေါ့ဗျာ။ အခုဆိုရင် ARSA ကိုလည်း ပေးနေတဲ့သဘောရှိတယ်။ AA ကိုလည်း သူ ပေးနေထားတာရှိတယ်။ ဟိုဘက်ဒီဘက်ကို နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးလုပ်တာပေါ့။ ဒီဟာက ဘင်္ဂလားဒေ့ရှ်အတွက် ဖဲ တစ်ချပ်လို ဖြစ်လာတာပေါ့။ နောက်အဓိကတစ်ခုက အဲဒီနေရာ တွေမှာ အဲဒီနိုင်ငံက ထောက်လှမ်းရေးတွေကလည်း အများကြီး ကစားလို့ရတာပေါ့။ ဒီထောက်လှမ်းရေးတွေကိုယ်တိုင်က ဒီ အဖွဲ့အစည်းတွေကိုသုံးပြီးတော့ မြန်မာပြည်ရဲ့ သတင်းအချက် အလက်တွေကို ကောက်ကြတာပေါ့။ ဒါမျိုးက လုပ်နေကျပါပဲ။ ဥပမာ-တရုတ်နယ်စပ်မှာဆိုရင် လည်းဒီလိုပဲ။ ထိုင်းနယ်စပ်မှာ ဆိုရင်လည်း ဒီလိုပဲ။

မော်ကွန်း။  ။ AA ဘက်က ကွန်ဖက်ဒရေးရှင်းလို့ ထုတ်ပြော လာတဲ့အခါမှာ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်း သားလက်နက်ကိုင် ခေါင်းဆောင်တချို့က ဒါဟာမဖြစ်နိုင်ဘူးလို့ သုံးသပ်ကြတာ ရှိပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်ကြသူတွေကလည်း ဒါဟာ ရခိုင်ပြည်နယ်မှာဆိုးရွားတဲ့စစ်ပွဲတွေပေါ်လာ မယ့် အစတစ်ခုလို့ သုံးသပ်ကြတာရှိတယ်။ ဆရာ့အနေနဲ့ရော ဘယ်လိုသုံးသပ်မလဲ။

ဒေါက်တာမင်းဇော်ဦး။ ။  ကျွန်တော့်အမြင်ကတော့ (စစ်ပွဲတွေ) အဲဒီလောက်ကြီး ပြင်းထန်လာလိမ့်မယ်လို့ မထင်ပါဘူး။ နိုင်ငံရေး အရလည်း မဖြစ်နိုင်ဘူးဆိုတာကိုတော့ အခုအချိန်မှာတော့ ပြော လို့ရပါတယ်။ ဒါပေမဲ့ ဆိုးရွားတဲ့စစ်ပွဲတွေ ဖြစ်မလားဆိုတဲ့သုံး သပ်ကြတဲ့အနေအထားမှာ ပြန်ကြည့်ရင် ရခိုင်ပြည်နယ်မှာ လက် နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတစ်ခု လုပ်ဖို့ဆိုတာက နံပါတ် တစ်အခက်အခဲက ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ကိုယ့်ရဲ့ တပ် တွေကို ခဲယမ်းမီးကျောက် ဘယ်လိုပံ့ပိုးမလဲဆိုတဲ့အခက်အခဲ။ စစ်တိုက် တယ်ဆိုတာ တစ်ပွဲတည်းတိုက်လို့မရဘူး။ စစ်တစ်ပွဲတိုက်ပြီးရင် အဲဒီကုန်သွားတဲ့ ကျည်ကို ပြန်ဖြည့်ရတာကိုး။ အဲဒီတော့ ဘယ် ကနေ အဲဒီကျည်ဆန်လိုအပ်ချက်ကို ပြန်ဖြည့်မလဲ။

ဥပမာ- KIA (ကချင်လွတ်မြောက်ရေးတပ်မတော်)ဆိုရင် သူ့လိုင်ဇာဌာနချုပ်မှာ ကျည်ဆန်လုပ်တဲ့စက်ရုံရှိတယ်။ တရုတ် နယ်စပ်ကနေ မှောင်ခိုဈေးကွက်သူဝယ်လို့ရတာရှိတယ်။ ထိုင်း နယ်စပ်မှာဆိုရင်လည်း ဒီလိုပဲ။ KNU (ကရင်အမျိုးသား အစည်းအရုံး)ဆိုရင် သူ့ရဲ့ လက်နက်ခဲယမ်းမီးကျောက်ဝယ်လို့ ရတဲ့ လမ်းကြောင်းတွေ ရှိတယ်။

ဒါပေမဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရှိတဲ့ အဖွဲ့တွေကျ တော့ လက်နက်ခဲယမ်းမီးကျောက်ပြဿနာဟာ ဟိုးအရင်က တည်းက ရှိခဲ့တာ။ အခုမှမဟုတ်ပါဘူး။ လူက ရှာလို့လွယ်တယ်။ AA ဟာ ဖားကန့်တို့၊ ဘာတို့မှာ လူစုခဲ့တာတွေလည်း ရှိတယ် လေ။ အဲဒီလိုပဲ ၁၉၉၀ ကျော်နှစ်တွေထဲမှာလည်း ရနောင်းတို့၊ မဟာချိုင်တို့။ အဲဒီမှာအလုပ်လာလုပ်ကြတဲ့ ရခိုင်လူမျိုး တော် တော်များများကို စုပြီးတော့ အခုလိုအတွေးအခေါ်မျိုးပေါ့၊ ရခိုင် ပြည်နယ်ကိုသွားပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်မယ်ဆို တဲ့ အတွေးအခေါ်မျိုးနဲ့ လူတွေကိုစုပြီး စစ်သင်တန်းတွေ ပေးခဲ့တာ မျိုးတွေ ရှိခဲ့တယ်။ ABSDF (ကျောင်းသားတပ်မတော်) ထဲ မှာတောင် အဲဒါမျိုး လုပ်ခဲ့ကြတာရှိတယ်။ ဒါပေမဲ့ အဲဒီအတွေး အခေါ်တွေ မအောင်မြင်ခဲ့ရတဲ့ အဓိကအကြောင်းရင်းက ပိုက်ဆံ မရှိတာပဲ။ နံပါတ်နှစ်က တချို့လူတွေ (ရခိုင်ပြည်နယ်) ရောက်သွားခဲ့ပေမယ့်လည်း လက်နက်ခဲယမ်းမီးကျောက် ထောက်ပံ့ပေးမယ့် လမ်းကြောင်း မရှိတာဘဲ။

ဒီလိုအခြေအနေမှာ (ရခိုင်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှု လုပ်ရင်) ဘင်္ဂလားဒေ့ရ်ှအခန်းကဏ္ဍဟာ အရေးကြီးလာတယ်။ အရင်တုန်းကတော့ ဘင်္ဂလားဒေ့ရှ်က မြန်မာပြည်က ဒီလိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထင်ထင်ပေါ်ပေါ် သူ မထောက် ခံခဲ့ဘူး။ အလွန်ဆုံးလုပ်ပေးမှ နေစရာပေးနေတာလောက်သာ ရှိခဲ့တာ။ ဒါပေမဲ့ အခုအနေအထားမှာ ဘင်္ဂလားဒေ့ရှ်အစိုးရကသာ သူ့ရဲ့ မူပြောင်းပြီးတော့ လက်နက်ခဲယမ်းမီးကျောက်ကို သူတို့ မထောက်ပံ့ရင်တောင်မှ သူတို့နယ်ထဲကနေ ဖြတ်ကျော်ခွင့်ပေး မယ်ဆိုရင် ပြဿနာက အများကြီးရှိနိုင်တယ်။

အဲဒီအခါကျရင် ပြဿနာရှိနိုင်တာက တစ်ခုက အရှေ့ အလယ်ပိုင်းမှာရှိတဲ့ တချို့  မွတ်ဆလင်အကြမ်းဖက်တွေကလည်း မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ ပစ်မှတ်ထားပြီးလုပ်မယ်တို့၊ ဘာတို့ပြောနေ၊ ဆိုနေတာရှိတယ်ပေါ့ဗျာ။ သူတို့အတွက်က ပိုက်ဆံဟာ ဒီလောက်ကြီးမရှားဘူး။  ဒေါ်လာဘီလီယံနဲ့ချီပြီး ရှိ တယ်။ အဲဒီလို ပိုက်ဆံတွေ သုံးပြီးတော့ ကဲ…ငါတို့လက်နက်တွေ ယူလာပေးမယ်။ မင်းတို့ဘင်္ဂလားဒေ့ရှ်အစိုးရက မျက်စိမှိတ်ပေး လိုက်ဆိုတဲ့ဟာလေး တစ်ခုလောက် ညှိလိုက်ပြီဆိုလို့ရှိရင်တောင် ကျွန်တော်တို့မြန်မာပြည်အတွက် အများကြီးအခက်အခဲတွေ ရှိသွားနိုင်တယ်။ အဲဒါဆိုလို့ရှိရင်တော့ ARSA ဆီကိုလည်း လက် နက်ခဲယမ်းမီးကျောက်တွေ အများကြီးရောက်သွားနိုင်တယ်။

ဒီတော့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မူဝါဒကလည်း အများကြီး အရေးကြီးတယ်။ ဘယ်လောက်အထိ ဒီလိုအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ခွင့်ပြုမှာလဲ။ လက်ခံမှာလဲ။ လက်နက် ခဲယမ်းမီးကျောက်ရတဲ့အထိ သူတို့လုပ်ပေးမလား ဆိုတာကို လည်း သူတို့စဉ်းစားရမယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် ကျတော့လည်း ဒီလက်နက်ခဲယမ်းမီးကျောက် လမ်းကြောင်းကို ဖွင့်ပေးလိုက်ရင် အဲဒီအ်္တရာယ်ဟာ မြန်မာပြည်အစိုးရတစ်ခု တည်းတင်မဟုတ်ဘူး၊ သူတို့မှာလည်း အ်္တရာယ် ရှိပါတယ်။ ဘာ ကြောင့်လဲဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း ဆန့်ကျင်တိုက်ခိုက်နေတဲ့အစွန်းရောက်တွေရှိတယ်။ လမ်းကြောင်းဖွင့်ပေးခဲ့ရင် အဲဒီလက်နက်တွေဟာ အဲဒီအစွန်းရောက်တွေဆီကိုလည်း ရောက်သွားလိမ့်မယ်။

နောက်တစ်ခုက အဲဒီ လက်နက်တင်ပို့ရေးလမ်းကြောင်းကို အိန္ဒိယကတော့ လက်ခံမှာမဟုတ်ဘူး။ အိန္ဒိယရဲ့ စိုးရိမ်ချက်က လည်း မြန်မာပြည်အနောက်ဘက်ကို ရောက်လာတဲ့ လက်နက် ခဲယမ်းမီးကျောက်တွေဟာ အိန္ဒိယအစိုးရကို တိုက်ခိုက်နေတဲ့ အိန္ဒိယသူပုန်အဖွဲ့အစည်းတွေထံကို  ရောက်သွားမှာကိုလည်း စိုး ရိမ်တယ်။ စိုးရိမ်မှုရှိတော့ အိန္ဒိယအစိုးရကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ဖိအားပေးမှာပဲ။ ဒီလက်နက်တွေ မရောက်လာအောင် ပေါ့လေ။ အဲဒီတော့ ဒီဟာတွေတစ်ခုလုံးကိုကြည့်ရင် ရခိုင် ပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးတစ်ခု ရှင်သန်ဖို့၊ ကြီး ထွားဖို့ဆိုတာကတော့ သိပ်လွယ်တာတော့မဟုတ်ဘူး။ အခက် အခဲတွေကတော့ အများကြီးရှိတယ်။

အထူးသဖြင့် အခု AA ကို လူထုထောက်ခံမှုရှိတယ်။ တကယ် နဖူးတွေ့၊ ဒူးတွေ့တိုက်ရတဲ့ (တိုက်ပွဲ) အနေအထားကို ရခိုင်ပြည်နယ်မှာက မရောက်သေးပါဘူး။ တကယ်သာ တိုက် ကြပြီဆိုရင် လူထုကလည်း ပြန်တွက်ကြမှာပါပဲ။ ဒီဟာထဲဝင် ပါတာ ငါတို့အတွက်ကောင်းလား၊ မကောင်းဘူးလားဆိုတာကို လူထုကလည်း တွက်ရတော့မယ်။

ဘာကြောင့်လည်းဆိုရင် တိုက်ပြီဆိုတာနဲ့ သေကျေ ပျက်စီးမှုတွေက ရှိမှာပဲလေ။ အခုတောင်မှ ဘာပဲပြောပြော အတိုင်းအတာတစ်ခုအထိ ရှိလာပြီပဲ။ ဒါပေမဲ့ အခုရခိုင်ပြည်နယ် မှာဖြစ်နေတဲ့ စစ်ဆင်ရေးဆိုတာက ကရင်ပြည်နယ်ဘက်နဲ့ ယှဉ် ကြည့်ရင် ဘာမှမရှိသေးဘူး။ ဒါက အသေးအမွှားလေးလောက် သာ ရှိသေးတယ်။ ကရင်ပြည်နယ်မှာ တကယ့် တပ်မတော်ရဲ့ စစ်ဆင်ရေးကို ခံခဲ့ရတဲ့သူတွေကို မေးကြည့်လိုက်မယ်ဆိုရင် ဒါ ဟာ အသေးအမွှားလောက်ပဲ ရှိသေးတယ်ဆိုတာ တွေ့ရလိမ့် မယ်။ အဲဒီတော့ ဒီလိုမျိုး (ပြင်းထန်တဲ့တိုက်ပွဲ)တွေ ဖြစ်လာပြီ ဆိုရင် လူထုဘက်ကလည်း စဉ်းစားစရာတွေ အများကြီး ပြန် ဖြစ်လာနိုင်တာပဲ။ အထက်မှာပြောတဲ့ ဒီလက်နက်ခဲယမ်းမီး ကျောက်လမ်းကြောင်းခက်ခဲပြီဆိုရင် တိုက်တာ၊ ခိုက်တာတွေမှာ အများကြီး စဉ်းစားဖို့ လိုလာတယ်။

နောက်တစ်ခု ရခိုင်ပြည်နယ်ရဲ့ သဘောသဘာဝမှာလည်း ရခိုင်ပြည်တောင်နဲ့ မြောက်ခြမ်းမှာ သဘောထားတွေဟာလည်း ကွဲကြတာတွေရှိတယ်။ AA ကိုထောက်ခံတဲ့သူဆိုလို့ရှိရင် များ သောအားဖြင့်က မြောက်ပိုင်းက လူတွေများတာပေါ့။ အဲဒီတော့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးတစ်ခု၊ ကချင် ပြည်နယ်တို့လိုဟာမျိုး၊ ကရင်ပြည်နယ်တို့လိုဟာမျိုး ဖြစ်လာ မလားဆိုရင်တော့ အတိုင်းအတာတစ်ခုအထိတော့ အချက် အလက်တွေတော့ အများကြီးလိုတာပေါ့။

နောက်တစ်ခုကလည်း ဘာပဲပြောပြော ရခိုင်ပြည်နယ်မှာကိုယ့်အမျိုးသားရေးအတွက် နိုင်ငံရေးလမ်းကြောင်းနဲ့ ကြိုးစား ချင်တဲ့သူတွေရှိတယ်။ လုပ်နေတဲ့သူတွေလည်းရှိတယ်။ ဒီလူတွေ ကို အစိုးရအနေနဲ့ လမ်းဖွင့်ပေးသင့်တယ်။ သူတို့နဲ့ပူးပေါင်းဆောင် ရွက်ပြီးတော့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး၊ ရခိုင်လူမျိုးတွေရဲ့ ကိုယ့် ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်။ ဒါတွေအတွက် လမ်းဖွင့်ပေးရမယ်။ ဒါတွေအတွက် ဆွေးနွေးပေးရမယ်။ ညှိနှိုင်းပေးရမယ်။ ဒီလို မဟုတ်ဘဲ ဒီဟာတွေကို ပိတ်ထားမယ်ဆိုရင်တော့ လူတွေက ပိုပြီးတော့ လက်နက်ကိုင်တော်လှန်ရေးဘက်ကို  အားသာသွား နိုင်တာပေါ့။

ချုပ်ပြောရမယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေက ဆက် လက်ကြီးထွားလာနိုင်တယ်။ ဒါပေမဲ့လည်း ကရင်ပြည်နယ်တို့၊ ကချင်ပြည်နယ်တို့လိုဟာမျိုး အမြဲရှင်သန်ကြီးထွားနေတဲ့ လက် နက်ကိုင်တော်လှန်ရေးတစ်ခု ဖြစ်လာဖို့ဆိုတာကတော့ ရခိုင် ပြည်နယ်မှာ ပိုပြီးခက်မှာတော့ အမှန်ပဲ။

မော်ကွန်း။  ။ AA ဘက်ကကြေညာထားတဲ့ရက္ခိုင့်နိုင်ငံတော် အိပ်မက်ပေါ့။ ဒီဟာကရော လက်ရှိအနေအထားတွေအရ၊ ဒါမှ မဟုတ် နိုင်ငံရေးအရ အကောင်အထည်ပေါ်လာနိုင်မလား။ ဘယ် လို သုံးသပ်ချင်သလဲ။

ဒေါက်တာမင်းဇော်ဦး။  ။ Arakan Dream ကို ကျွန်တော် ကြည့်ကြည့်တော့ တိတိကျကျလည်း ဘာမှတော့မတွေ့ဘူးဗျ။ အဓိကကတော့ ရခိုင်နိုင်ငံတော် ပြန်လည်ထူထောင်ဖို့ပေါ့။ နောက်တစ်ခု AA ရဲ့ ခေါင်းဆောင်တွေပြောတဲ့ဟာတွေကို ကျွန်တော်တို့ လိုက်လေ့လာကြည့်တော့ သူတို့က စစ်ရေးအရ အဓိကထားတာ ဖြစ်တယ်။

သူတို့ လူတစ်သောင်းလောက်စုလိုက်မယ်။ ရခိုင်ပြည်နယ် မှာ ရှိတဲ့ မြန်မာ့တပ်မတော်ကို တိုက်ထုတ်မယ်။ ဗမာတွေကို တိုက်ထုတ်မယ်။ တိုက်ထုတ်ပြီးတော့ သူတို့ မော်တင်စွန်း (ဧရာ ဝတီတိုင်း)အထိ တိုက်သွားမယ်ပေါ့လေ။ အဲဒီလိုမျိုး သူတို့ စဉ်းစားတာကို တွေ့ရတယ်။ သူတို့စဉ်းစားတာက စစ်ရေးကို အဓိကထားပြီးတော့ ဒီလိုမျိုး သူတို့က စဉ်းစားကြတယ်ပေါ့။

စစ်ရေးအရ စဉ်းစားပြီဆိုရင် တစ်ခုက ပြောက်ကျားတိုက် တာက လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုအနေနဲ့ ပြောရရင် လုပ်ရတာဟာ လွယ်တယ်။ ဒါပေမဲ့ ပြောက်ကျား အဆင့်ကနေ သမားရိုးကျစစ်ပွဲဖြစ်တဲ့ မြို့တွေတစ်မြို့ပြီးတစ်မြို့ သိမ်းရမယ့် စစ်ပွဲမျိုးကို ပြောင်းမယ်ဆိုရင် ပြောက်ကျားစစ်နဲ့ မရ တော့ဘူး။ တကယ့်မြို့သိမ်း၊ ရွာသိမ်းစစ်ပွဲတွေကို တိုက်ရတော့ မယ်။ တပ်မတော်ကို ဒီလိုပြန်တိုက်နိုင်တဲ့ လက်နက်ကိုင်အဖွဲ့ အစည်းက အခုတော့မရှိဘူးလို့ ပြောလို့ရတာပေါ့။ ဘာကြောင့်လဲ ဆိုရင် တပ်မတော်က အခုအချိန်မှာ လက်နက်ခဲယမ်းမီးကျောက် အရ အများကြီး အားသာသွားတာကိုး။

ဒီလို မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲမယ်ဆိုရင် တင့်ကားတွေ ရှိလား။ အမြောက်ကြီးတွေရှိလား။ ၆၀ မမ၊ ၁၂၀ မမ အမြောက်နဲ့ လောက်က မြို့သိမ်းလို့ မရနိုင်ဘူး။ တကယ့်မြို့သိမ်းတိုက်ပွဲတွေလုပ်မယ်ဆိုရင် လက်နက်တွေ အများကြီး လိုအပ်တယ်။ မြို့သိမ်း တယ်ဆိုတာ မြို့တစ်မြို့ကို ဝင်တိုက်ရုံလောက်နဲ့မရဘူး။ အဲဒီမြို့ကို တိုက်ပြီးရင် အဲဒီမြို့ကို ထိန်းထားနိုင်ဖို့လည်း လိုတယ်။ ဒီလိုတွေ လုပ်နိုင်ဖို့အတွက် လက်နက်ခဲယမ်းမီးကျောက်တွေက တိုင်းရင်း သား လက်နက်ကိုင်တွေဆီမှာ ရှိမှမရှိဘဲ။  ဒါကြောင့် အခုသူတို့ ဟာ ပြောက်ကျားစစ်လောက်နဲ့ ဒီလက်နက်ကိုင်တော်လှန်ရေးကို လုပ်ရတာပေါ့။

ဒီ Arakan Dream က အဓိကကတော့ နိုင်ငံရေးအရ ပြောတာမျိုးပေါ့ဗျာ။ စစ်ရေးအရကတော့ တကယ် ဘယ်လို သွားလုပ်နိုင်မလဲ။ အခု သူတု့ိရဲ့ လက်နက်ခဲယမ်းမီးကျောက်အရ ရောပေါ့။ တပ်မတော်ကို သမားရိုးကျတိုက်ပွဲတွေ ဆင်နွှဲဖို့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ယှဉ်လို့မရနိုင်သေးဘူး။

ကျွန်တော်တို့ အခုသုတေသနလုပ်သမျှ တွေ့ရတာကတော့ ရခိုင်ပြည်နယ်မှာ ဒီကိစ္စနဲ့ပတ်သက်ရင် AA ကိုထောက်ခံတဲ့ လူထုတော်တော်များများဟာ AA ပြောတာကို တော်တော်ယုံ တယ်။ အဲဒီလိုမျိုး ငါတို့ဗမာတွေကို တိုက်ထုတ်ပြီးတော့ ရခိုင် နိုင်ငံတော်ပြန်ထူထောင်မယ် ဆိုတဲ့ဟာကို ယုံကြည်မှုများတယ်။

မော်ကွန်း။  ။ AA စစ်ဦးစီးချုပ်က အင်တာဗျူးတစ်ခုမှာ ငါတို့တိုင်းပြည်ကိုဖျက်ရင် သူတို့တိုင်းပြည်ကိုလည်း ဖျက်ရမလား ဆိုတဲ့ အတွေးမျိုး ရောက်မိတယ်ဆိုပြီး ဖြေသွားတာမျိုး ရှိပါ တယ်။ ဒီလိုပြောဆိုချက်တွေရဲ့ အလားအလာကရော အပြင်မှာ တကယ်တွေဖြစ်လာနိုင်သလား။ ဒါဟာနိုင်ငံရေးအရ ပြောတာ မျိုးပဲလား။ဆရာတို့ ဘယ်လိုသုံးသပ်သလဲ။

ဒေါက်တာမင်းဇော်ဦး။ ။ ဒါမျိုးဖြစ်ချင်ရင်လည်းဖြစ်လာနိုင်စရာတော့ရှိတာပေါ့။ ဥပမာ- ပြည်(မြို့)လိုနေရာမှာ ရခိုင်တွေ အများ ကြီးရှိတယ်ဗျာ။ ကဲ…ပြည်မှာသွားပြီးတော့ ရဲစခန်းကို တိုက်တာ မျိုးတွေ၊ ပြည်မှာရှိတဲ့ အစိုးရအဆောက်အအုံကို တိုက်တာမျိုး တွေ၊ ဒါမျိုးတွေလုပ်မယ်ဆိုရင်တော့ လုပ်လို့ရနိုင်တာရှိတာပေါ့ ဗျာ။ ဒါက ဒီလောက်ခက်ခဲတာမှ မဟုတ်တာ။

ဒါပေမဲ့ မြို့တွေကို တိုက်ခိုက်တဲ့အခါမှာ မြို့ပေါ်မှာ စစ်ဆင် ရေးလုပ်ပြီဆိုရင် နံပါတ်တစ်က အဝင်မဟုတ်ဘူး။ အထွက်ကို စဉ်းစားရတာဖြစ်တယ်။ ဥပမာ- ပြည်လိုမြို့မှာသွားပြီး စစ်ဆင် ရေး လုပ်မယ်ဆိုရင် အဲဒီတိုက်ပွဲမှာ အထွက်ကတော့ မလွယ် ဘူးပေါ့ဗျာ။ တစ်နည်းအားဖြင့် စစ်ဆင်ရေးသွားလုပ်တဲ့သူတွေ အသက်ရှင်ဖို့ မလွယ်ဘူးပေါ့ဗျာ။

အဲဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံလက်နက်ကိုင်တော်လှန်ရေးသမိုင်းကို ကြည့်ရင် ၁၉၉၃ နောက်ပိုင်းလောက်မှာ ဘယ်လက်နက်ကိုင်အဖွဲ့ကမှ မြို့ကိုသွားသိမ်းဖို့မကြိုးစားကြ တော့ဘူး။ ဘာကြောင့်လဲဆိုရင် ကြိုးစားခဲ့တဲ့အဖွဲ့တိုင်းက နောက်ဆုံးမြို့ကို ရချင်ရင်ရလိုက်မယ်၊ မြို့ကနေ ပြန်ထွက်ဖို့က မလွယ်တော့ဘူးဖြစ်ရတယ်။ မြို့တစ်မြို့ကို သွားလုပ်ခဲ့ရင် လူဟာ ဒါဇင်နဲ့ချီပြီး ကျဆုံးကျန်ခဲ့ကြတာကိုး။ အရင်တုန်းကဆိုရင် ဘီး လင်းမြို့တို့၊ ရေးမြို့တို့မှာ လုပ်ခဲ့ကြတာတွေ ရှိတယ်လေ။ ဥပမာ- မွန်ပြည်သစ်ပါတီဆိုရင် ရေးမြို့ကို လုပ်ပြီးတဲ့နောက်ပိုင်း သူတို့မှာ အင်အားတွေ ဆုံးရှုံးကုန်ပြီး နောက်ဆုံး သူတို့အပစ်အခတ် ရပ်ရ တဲ့အထိ ဖြစ်သွားတာပဲ။

အဲဒီတော့ မြို့တွင်းတိုက်ပွဲတို့၊ ဘာတို့ဆိုတာက ပြောတာ ကတော့ လွယ်တယ်ပေါ့ဗျာ။ ဒါပေမဲ့ တကယ်လုပ်ကြည့်မယ်ဆိုရင် ကိုယ့်ဆီက လူဘယ်လောက်ရင်းနိုင်သလဲဆိုတဲ့ အပေါ်မှာလည်း မူတည်တာကိုး။ လူအယောက် ၂၀ အသေခံနိုင်သလား၊ အယောက် ၃၀ အသေခံနိုင်သလား။ ဒါမျိုး ရှိတာပေါ့ဗျာ။

ဒါပေမဲ့ တစ်ခုရှိတာက အဲဒီလိုမဟုတ်ဘဲနဲ့ ဗုံးထောင်တာ တို့၊ ဗုံးခွဲတာတို့ ဒါမျိုးတွေ လုပ်လာမယ်ဆိုရင်တော့ ဒါကကျတော့ အကြမ်းဖက်သမားဘက် ရောက်သွားတာပေါ့။ အကြမ်းဖက်တာ ဖြစ်သွားတာပေါ့။ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ သေ ကျေအောင် လုပ်တယ်ဆိုရင် ဒါဟာ အကြမ်းဖက်သမား ဖြစ် သွားတာပေါ့။ အဓိကကတော့ စစ်ဘက်မဟုတ်တဲ့ ပစ်မှတ်တွေကို ပစ်မှတ်ထားပြီဆိုရင် ဒါဟာ အကြမ်းဖက်သမားဖြစ်သွားပြီပေါ့။ ဒီလိုဆိုရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုရင် ဗမာလူထုအများစု က ဆန့်ကျင်တာတွေ၊ ကန့်ကွက်တာတွေဖြစ်လာမှာပေါ့။

ကျွန်တော်တို့ အခု လေ့လာသလောက်ဆိုရင် KIO နဲ့ ဖြစ်တဲ့ စစ်ပွဲတွေမှာတောင် ဗမာလူထုက တပ်မတော်ဘက်က ဆိုပြီး ရပ်ကြတာမဟုတ်ဘူး။ အဲဒီအချိန်မှာ တပ်မတော်ကို အပြစ်ပြောကြတာတွေတောင် ရှိတယ်။ KIO အပေါ် စာနာတဲ့ ဟာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ AA အနေနဲ့သာ ဗမာလူထု ရှိတဲ့နေရာမှာ ဗုံးခွဲတာတို့၊ ဘာတို့ လုပ်လာခဲ့မယ်ဆိုရင်တော့ ဗမာလူထုကလည်း သူ့ကို အများကြီးဆန့်ကျင်လာကြမှာပဲ။ အဲဒီအခါ သူ့အတွက်လည်း အများကြီး အခက်အခဲရှိသွားနိုင် တာပေါ့။ နောက်တစ်ခု ပိုဆိုးလာမှာက ရခိုင်လူမျိုးနဲ့ ဗမာလူမျိုး ကြားထဲမှာ မုန်းတီးတာတွေ ပိုပြီးများလာလိမ့်မယ်။ အခုတောင် မှ အင်တာနက်မှာ အမုန်းစကားပြောတဲ့ဟာတွေ အရမ်းများ နေပြီ။ ဗမာနဲ့ ရခိုင်အနေအထားမှာ။

ဗမာနဲ့ ရခိုင်ဆိုတာ တကယ်တမ်းတော့ အများကြီး နီးစပ် တဲ့ လူမျိုးတွေပါ။ ယဉ်ကျေးမှုအရလည်း နီးစပ်တယ်။ ဘာသာ ရေးအရ လည်းနီးစပ်တယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီအရေး အခင်းဖြစ်တဲ့ အချိန်တုန်းကလည်း ရခိုင်တွေနဲ့ တကယ် တစ်သား တည်းရပ်ခဲ့တာ ဗမာတွေ ရပ်ခဲ့တာလေ။ တကယ်တမ်း ဒီလူမျိုး နှစ်စုဟာ အရမ်းနီးစပ်တဲ့လူမျိုးတွေပါ။ ဒါပေမဲ့အခုလိုမျိုးတွေ အမုန်းစကားတွေပြောလာတယ်။ လူမျိုးရေးအရတွေ ဖြစ်လာ တယ်ဆိုတာမျိုးက နှစ်ဖက်စလုံးမှာရှိတဲ့ ခေါင်းဆောင်တွေက သတိထားသင့်တဲ့ အနေအထားပေါ့။ ဒါတွေကို မကြီးထွားအောင် ဝိုင်းပြီးကြိုးစားဖို့ လိုတာပေါ့။

မော်ကွန်း။  ။ မကြာသေးခင်က သတင်းတွေမှာ ICG (Inter-national Crisis Group)  ကနေပြီးတော့ ရခိုင်ပြည်နယ်က AA နဲ့ စစ်ရေးပဋိပက္ခမှာ တရုတ်အနေနဲ့ ကြားဝင်ညှိပေးသင့်တယ် ဆိုတာမျိုး ပြောခဲ့တယ်။ တရုတ်ကြားဝင်ခဲ့ရင်တောင် ရခိုင်ပြည် နယ်က ပြဿနာဟာ ဒီလောက်လွယ်သလား။ ဆရာ ဘယ်လိုသုံး သပ်ချင်ပါသလဲ။

ဒေါက်တာမင်းဇော်ဦး။  ။ ကျွန်တော်ကတော့ နံပါတ်တစ်က ဒီ ICG တို့ ဘာတို့ရေးတဲ့ဟာတွေ အပေါ်မှာ သိပ်ပြီးအယုံအကြည် မရှိပါဘူး။ အယုံအကြည်မရှိဘူးဆိုတာက သူတို့တွေမှာ တချို့ နိုင်ငံတကာ Agenda (အစီအစဉ်ချမှတ်မှု) တွေ ရှိတယ်။ နိုင်ငံ ရေး Agenda တွေရှိတယ်။ ကျွန်တော်ကြားတာဆိုရင်ပေါ့။ ICG က Analyst (ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူ) တွေ ရေးတဲ့ဟာတွေ အပေါ်မှာ သူတို့ Editorial Team  (တည်းဖြတ်ရေးအဖွဲ့ )က တည်းဖြတ်ပစ်တာတွေ အများကြီးပဲလို့ ကြားသိရတယ်။ သူတို့ လိုချင်တဲ့နေရာကို ဆွဲပြီးတော့ ပြင်ဆင်ပစ်တာတွေ အများကြီး ရှိတယ်လို့ ကျွန်တော်တို့ ကြားရပါတယ်။ ရှိတော့ ဒီ ICG နဲ့ ပတ် သက်ရင်၊ အနောက်နိုင်ငံတွေက Analyst အတော်များများ ရေး တာတွေနဲ့ ပတ်သက်ရင် ကျွန်တော်ကတော့ အယုံအကြည် မရှိ ပါဘူး။

မော်ကွန်း။  ။ ဒါဆိုရင် တရုတ်နိုင်ငံက ဒီရခိုင်ပြည်နယ်က စစ်ရေး ပဋိပက္ခကို သူ ကြားဝင်ညှိပေးရင်ရော ပြေလည်နိုင်မယ်လို့ ဆရာ့ အနေနဲ့ မြင်သလား။

ဒေါက်တာမင်းဇော်ဦး။ ။ တရုတ်က ဒီဇန်နဝါရီ ၄ ရက်က AA တိုက်တာနဲ့ ပတ်သက်ပြီး အကြီးအကျယ် စိတ်ဆိုးတယ်။ ကျွန် တော်တို့ သိသလောက်ပေါ့။ အကြီးအကျယ်စိတ်ဆိုးပြီးတော့ AA နဲ့ပတ်သက်ပြီးတော့ KIA ကိုလည်း သူတို့ အများကြီး ပြောသွားတာရှိတယ်။ AA ကိုလည်း အများကြီး ပြောသွားတာ ရှိတယ်။ အဲဒီတော့ တရုတ်ဘက်ရဲ့ အမြင်ကတော့ ဒီလို လုပ်လိုက် တာက တရုတ်ရဲ့ အပစ်အခတ်ရပ်စဲရေး ရရှိအောင် ကြိုးစားနေတဲ့ ဟာကို လာပြီးတော့ အနှောင့်အယှက်ဖြစ်တယ်လို့ သူတို့က မြင်ပုံရတယ်။ မြင်တဲ့အတွက်ကြောင့်မို့ သူတို့ စိတ်ဆိုးတာရှိတယ်။

နောက်တစ်ခုကတော့ မြန်မာအစိုးရကိုတော့ လာပြီးတော့ ရခိုင် ပြည်နယ်မှာ စစ်ပွဲတွေကိုရပ်ပါလို့ တရုတ်က လာပြောမှာတော့ မဟုတ်ဘူး။ အဓိက တရုတ်စိုးရိမ်တာက သူ့ရဲ့ နယ်စပ်က ဟာကို သူ ပိုစိုးရိမ်တာကိုး။ ရခိုင်ပြည်နယ်ကျတော့ သူနဲ့လည်း အဝေး ကြီးကိုး။ နောက်တစ်ခုကလည်း တရုတ်ရဲ့ အမြင်မှာကျတော့ ဒီ ပြဿနာကို မီးမွှေးတာဟာ AA ဆိုတဲ့ အမြင်မျိုး တရုတ်က မြင် တာပေါ့။ မြင်တော့ AA ခေါင်းဆောင်တွေကိုလည်း တရုတ်က တော်တော်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောသွားတယ်ဆိုတာတွေ လည်း ကျွန်တော်တို့ ကြားပါတယ်။

မော်ကွန်း။  ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာများ ရှိပါ သလား။

ဒေါက်တာမင်းဇော်ဦး။  ။ နံပါတ်တစ်ကတော့ အစိုးရအနေနဲ့ရော ဗမာတွေအနေနဲ့ရော ရခိုင်လူမျိုးတွေ နှစ်ပေါင်းများစွာ ခံစားလာ ရတဲ့ဟာတွေကို အသိအမှတ်ပြုပေးဖို့ လိုတယ်။ ဘာကြောင့်လဲ ဆိုရင် ရခိုင်တွေမှာ သူတို့ရဲ့ လူမျိုးရေးအပေါ်မှာ ဂုဏ်ယူတဲ့ဟာ တွေ အများကြီးရှိတယ်။ တစ်ချိန်တုန်းက ငါတို့ဟာ ကိုယ့်ထီး ကိုယ့်နန်းနဲ့ နေခဲ့တယ်ဆိုတာတွေ သူတို့မှာရှိတယ်။ တကယ် လည်းဟုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာကျတော့ ရခိုင် ပြည်နယ်ဟာ အများကြီးဆင်းရဲသွားပြီ။ သူ့ပြည်နယ်မှာ အလုပ် အကိုင်မရလို့ လူတွေဟာ တခြားဒေသမှာ သွားပြီး အလုပ်လုပ် ကြရတာမျိုးတွေ ရှိတယ်။ အဲဒါတွေအပေါ်မှာလည်း ရခိုင်တွေမှာ အများကြီး အားငယ်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ ရှိတယ်။ ဒါတွေ ကို ဗမာအများစုနဲ့ အစိုးရက နားလည်ပေးဖို့လိုတယ်။

နောက်တစ်ခုက အခု ရခိုင်လူမျိုးတွေ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် ဒါကို အစိုးရက လည်း ဝိုင်းပြီးကြိုးစားပေးဖို့လိုတယ်။ တပ်မတော်ကိုယ်၌က လည်း ငါတို့ရဲ့ရည်မှန်းချက်က ကိုယ့်တိုင်းရင်းသားတွေအားလုံး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်ရမယ်ဆိုတဲ့အပေါ်မှာ ဦးတည်ပြီးသွားမယ်။ ရခိုင်လူထုကိုလည်း ဒါကို နားလည်အောင်ရှင်းပြနိုင်မယ်။ နောက်တစ်ခုကလည်း ရခိုင် ပြည်နယ်မှာ ဖွံ့ဖြိုးမှုတွေရလာအောင် လုပ်ပြီးတော့ ငါတို့ပါးစပ်နဲ့ တင် ပြောနေတာမဟုတ်ဘူး၊ မင်းတို့ဘဝအတွက် ဖွံ့ဖြိုးရေးတွေ လုပ်လို့ရပြီ၊ လုပ်ကြရအောင်ဆိုတဲ့ ဟာကိုလည်း ပြနိုင်ဖို့လိုတယ်။

ဒါမျိုးတွေမရှိဘူးဆိုရင်တော့ ရခိုင်လူမျိုးတွေအနေနဲ့ကတော့ အမြဲတမ်း ရခိုင်လူငယ်တွေကြားထဲမှာလည်း နာကြည်းမှုတွေ၊ ဒေါသတွေနဲ့ အကြမ်းဖက်တယ်ဆိုတဲ့ဟာကြီးကိုပဲ အဖြေလို့ မြင်သွားကြမှာကို ကျွန်တော်ကတော့ စိုးရိမ်တယ်။ ဒါမျိုးမဖြစ် အောင်ဆိုရင် အစိုးရဘက်ကလည်း ရခိုင်လူမျိုးတွေရဲ့ ခံစားချက် ကို စာနာနားလည်ပေးနိုင်ရမယ်။ နိုင်ငံရေးလမ်းကြောင်းတွေ ဖွင့်ပေးနိုင်ရမယ်။ ဖက်ဒရယ်ကို ပီပြင်အောင်လုပ်ပေးနိုင်ရမယ်။ သူတို့ဒေသ ဖွံ့ဖြိုးရေးတွေကိုလည်း လုပ်ပေးနိုင်ရမယ်။ နောက် တစ်ခုက ရခိုင်လူ့အဖွဲ့အစည်းနဲ့ ဗမာလူ့အဖွဲ့အစည်းကြားမှာရှိတဲ့ ခေါင်းဆောင်တွေအနေနဲ့လည်း တွေ့ဆုံဆွေးနွေးပြီးတော့ အမုန်း စကားတွေ မဖြစ်အောင်၊ တစ်ဖက်နဲ့တစ်ဖက် လူမျိုးရေး ပြဿနာ တွေလျှော့ချနိုင်သမျှ လျှော့ချနိုင်အောင် လုပ်ကြဖို့ လိုတာပေါ့။

ဦးထွန်းအောင်ကျော်

ရခိုင်အမျိုးသားပါတီ

အထွေထွေအတွင်းရေမှူး

ဟေမာန်ပြည့်မေးသည်။

Photo-Supply

မော်ကွန်း။  ။ AA က ကွန်ဖက်ဒရေးရှင်း လိုချင်တယ်ဆိုပြီး သူ့ရဲ့ရည်မှန်းချက်ကို ထုတ်ပြောလာတာဟာ လက်ရှိနိုင်ငံမှာ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုတွေ ဖြစ်လာနိုင်ပါသလဲ။

ဦးထွန်းအောင်ကျော်။  ။ အဓိကကတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ အရှိတရားတစ်ခု (ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ) မြောက်ပိုင်းအဖွဲ့မှာပါတဲ့ “ဝ”နယ်မှာ မိမိတို့ဒေသနဲ့ ပြည်သူတွေအတွက် မိမိတို့ရဲ့ အစီအမံတွေ နဲ့ ဘယ်သူ့အနှောင့်အယှက်မှမပါဘဲနဲ့ ကိုယ်ပိုင်လုံခြုံရေးတပ် တွေ ရှိတယ်။ ကိုယ်ပိုင်ငွေကြေး သုံးစွဲမှုတွေ ရှိနေတယ်။ ကိုယ်ပိုင် တရားရုံးတွေ ရှိနေတယ်။ ကိုယ်ပိုင်စီးပွားရေးတွေ ရှိနေတယ်။ မိမိတို့ ဆန်္ဒရှိသလို အကောင်အထည်ဖော်နေတဲ့အတွက် ဖွံ့ဖြိုး တိုးတက်မှု အတိုင်းအတာတစ်ခုအထိ ရနေတာကို မြောက်ပိုင်း အဖွဲ့က တပ်တွေက မြင်တယ်လို့ယုံကြည်တယ်။ အဲဒါကြောင့် သူ တို့အနေနဲ့ လိုချင်တဲ့ဆန္ဒကို ပြောတယ်လို့ပဲ မှတ်ယူတယ်။

နိုင်ငံရေးအရကတော့ ကျွန်တော်တို့ပါတီအနေနဲ့က စစ် မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တယ်ဆိုတာ ရခိုင် အမျိုးသားပါတီရဲ့ မူဝါဒထဲမှာ အတိအလင်းထည့်ထားပြီးသားပါ။ အဲဒီတော့ ခုနကပြောသလို ငြိမ်းချမ်းရေးအပိုင်းမှာကတော့ မိမိ တို့ဆန်္ဒတွေကို တင်ကြမှာပဲ။ အခုလည်း ကျွန်တော်တို့ ရခိုင်အမျိုး သားပါတီအနေနဲ့ သမ်္မတဦးသိန်းစိန်လက်ထက်ကတည်းက စလာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မပျက်မကွက် အပတ်စဉ်တိုင်း၊ ခေါ်ယူတဲ့အစည်းအဝေးတိုင်း ကျွန်တော်တို့ တက်ခဲ့တယ်။ အဲဒီမှာလည်း ကျွန်တော်တို့ တွေ့ရတယ်။ အဓိက တော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ မိမိတို့ဆန်္ဒကို ကိုင်စွဲပြီးတော့ ခိုင်ခိုင်မာမာကို ကိုင်စွဲထားကြတယ်။ အလျှော့အတင်းမလုပ်နိုင်ဘူး။ အဲဒါကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာလည်း အခက်အခဲ အများ ကြီးနဲ့ ရှေ့မတိုးနောက်မဆုတ်နိုင်ဖြစ်နေတာကို ကျွန်တော်တို့ ကိုယ်တိုင် အထင်အရှား တွေ့ခဲ့မြင်ခဲ့ရတယ်ဆိုတာကိုတော့ ပြော ချင်ပါတယ်။

မော်ကွန်း။  ။ လက်ရှိသွားနေတဲ့ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ရော သပ်သပ်စီ ဖြစ်သွားနိုင်မလား။

ဦးထွန်းအောင်ကျော်။ ။ အဲဒါကတော့ ပြည်ထောင်စုစိတ်ဓာတ် ဘယ်လောက်ရှိသလဲ၊ တိုင်းရင်းသားညီအစ်ကိုဆိုတဲ့ စိတ်ဓာတ် ဘယ်လောက်ရှိသလဲ၊ ပါးစပ်ပြောမဟုတ်ဘဲနဲ့ ရင်ဘတ်ထဲ ဘယ် လောက်ငြိမ်းချမ်းချင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ဆွေးနွေး ကျရင်တော့ နီးစပ်နိုင်စရာအကြောင်းရှိတယ်။ ဒါမှမဟုတ်လို့ မိမိတို့ လိုချင်တာကိုပဲ ခိုင်ခိုင်မာမာ မဖြုတ်တမ်းစွဲကိုင်ထားကြ မယ်ဆိုရင်တော့ အဲဒါပျက်မှာပဲ။ ရှေ့တိုးလို့ ရမှာမဟုတ်ဘူး။

မော်ကွန်း။  ။  AA ရခိုင်ပြည်နယ်မှာ အခြေချမှာကို တပ်မ တော်ဘက်က သို့မဟုတ် အစိုးရက လက်မခံဖြစ်နေရတာ ဘာ ကြောင့်လို့ ထင်ပါသလဲ။

ဦးထွန်းအောင်ကျော်။ ။ အခုတိုင်းရင်းသားနယ်မြေတွေ၊ ပွင့် ပွင့်လင်းလင်းပြောရရင် ပြည်နယ်တိုင်းမှာ လက်နက်ကိုင်အဖွဲ့ တွေရှိတယ်။ အခု ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော်ဆိုတဲ့ လူ ငယ်တွေ လက်နက်ကိုင်ပြီး အခြေချလာတာကို တွေ့ရတယ်။ အဲဒါကို တပ်မတော်ကလည်း အပြင်းအထန်ထိုးစစ်ဆင်ပြီး တိုက် ခိုက်နေတာတွေ့ရတယ်။ တပ်မတော်ဘက်ကပြောတာကတော့ အဖြူရောင်နယ်မြေကို လက်နက်ကိုင်အဖွဲ့တွေ လာပြီးတော့ အခြေချတာကို သူတို့လက်မခံဘူးလို့တော့ ပြောသံကြားတယ်။  AA ကလည်း ရခိုင်လူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့အတွက် မိမိဒေသကို မိမိလာ အခြေ ချတာဟာ ဒါဟာလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ ပြော နေကြတယ်။

အဲဒီတော့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဖြေရှင်းနေကြမယ် ဆိုရင် အဖြေကတော့ ရမှာမဟုတ်ဘူး။ အသက်တွေ သေရုံပဲ ရှိမှာ ပဲ။ ဘယ်လိုနည်းနဲ့မှ ပြည်သူလူထုကို အကျိုးကျေးဇူးပြုနိုင်တဲ့ အဖြေမှန်ထွက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ အဖြေထွက်လာတာကတော့ အပြစ်မဲ့တဲ့ပြည်သူတွေ၊ အထူး သဖြင့် အသက်ငယ်တဲ့၊ အရွယ်မရောက်သေးတဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အခု ပြေးလွှားပြီးတော့ အကြီးအကျယ် ဒုက်္ခခံစားနေရတာကတော့ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ငါး ထောင်နဲ့ ခြောက်ထောင်လောက်ဖြစ်နေပြီ။ ဒုက်္ခတွေရောက် နေပြီ။ လက်ငင်း အကျိုးကျေးဇူးကတော့ အဲဒါပဲ ရှိတယ်။

မော်ကွန်း။  ။ AA ဘက်ကထုတ်ပြောလာတဲ့ ကွန်ဖက်ဒရေးရှင်းပုံစံ လိုချင်တယ်ဆိုတဲ့ပြောကြားချက်ကို တိုင်းရင်းသားလက်နက်ကိုင် တချို့ အပါအဝင် နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ကလည်း     မဖြစ်နိုင်ဘူးလို့ ဝေဖန်ကြတာ ရှိပါတယ်။ ဆရာ့အမြင်ကရော ဘယ်လိုရှိပါသလဲ။

ဦးထွန်းအောင်ကျော်။ ။ လိုချင်တဲ့လူရဲ့ဆန်္ဒကတော့  သူတို့ရဲ့ စိတ် ဆန်္ဒမှာရှိတာ သူတို့ပြောမှာပဲ။ အဲဒါတော့ သူတို့အပိုင်းပါ။ ကျွန် တော်တို့ ရခိုင်အမျိုးသားပါတီကတော့  အားလုံးတိုင်းရင်းသား ညီအစ်ကိုတွေ ညီညီညွတ်ညွတ်နဲ့ တကယ့်စစ်မှန်တဲ့ပြည်ထောင်စု ကြီးကို အမြန်ဆုံးပေါ်ပေါက်လာစေဖို့ပါ။

မော်ကွန်း။  ။ AA ရဲ့ရခိုင်နိုင်ငံတော်အိပ်မက်ဟာ လက်တွေ့အခြေ အနေတွေအရ ဖြစ်နိုင်သလား။ကောင်းကျိုး၊ ဆိုးကျိုး ဘာတွေ ဖြစ်လာနိုင်မလဲ။

ဦးထွန်းအောင်ကျော်။ ။ ရခိုင်နိုင်ငံတော်ထောင်မယ်ဆိုတာက တော့ သူတို့ရဲ့ဆန်္ဒပေါ့ဗျာ။ ကျွန်တော်တို့က ပထဝီနိုင်ငံရေး အခြေအနေကိုလည်း ကြည့်ဖို့လိုတယ်လို့ ကျွန်တော်တို့က မြင် တယ်။ ဘာကြောင့်လဲဆိုတော့ ပထဝီနိုင်ငံရေးအရ ကျွန်တော် တို့နိုင်ငံက မဟာ့မဟာအင်အားကြီးနိုင်ငံတွေကြားမှာ ညပ်နေ တယ်။ လူဦးရေ အဆမတန် ထူထပ်သိပ်သည်းတဲ့ တရုတ်ပြည်။ အနောက်ဘက်မှာဆိုရင်လည်း လူဦးရေ ထူထပ်သိပ်သည်းတဲ့ အိန္ဒိယနဲ့ နောက်တစ်ခုကလည်း ကျွန်တော်တို့ နိုင်ငံရဲ့ လေးဆ လောက်ရှိနေတဲ့ နိုင်ငံတွေ ဒီလိုအင်အားကြီးနိုင်ငံတွေနဲ့ လူဦး ရေပေါက်ဖွားနေတဲ့ နိုင်ငံတွေကြားထဲမှာ ရပ်နေတဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ပထဝီနိုင်ငံရေးအရတော့ အမြော်အမြင်ရှိရှိနဲ့ ရှေ့ ဆက်ဖို့က အကောင်းဆုံးပဲ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ပါဝင်လှုပ်ရှားနေတဲ့ ှအေုန့သိူနမ (ပါဝင်ပတ်သက်သူတွေ) တွေအနေနဲ့ နိုင်ငံရေးအမြော်အမြင်ရှိရှိနဲ့ ရှေ့ကို ဖြစ်လာနိုင်မယ့် အခြေအနေတွေကို ကြည့်တတ်ဖို့လိုမယ်လို့ မြင်တယ်။ ထိုင်နေ ရင်တော့ အကောင်းသား၊ ထသွားမှကျိုးဆိုရင်တော့ မကောင်း ဘူးပေါ့ဗျာ။ အဲဒါကတော့ လုပ်တဲ့သူတွေ မှားရင်မှားသလောက် ခံစားကြရမယ်လို့ ကျွန်တော်မြင်ပါတယ်။

မော်ကွန်း။ ။ တပ်မတော်နဲ့ AA ကြားဖြစ်နေတဲ့ပြဿနာကို ဆရာတို့ ပါတီအနေနဲ့ ကြားဝင်ဖြေရှင်းညှိနှိုင်းပေးဖို့ ရှိပါသလား။

ဦးထွန်းအောင်ကျော်။  ။ ကျွန်တော်တို့ပါတီရဲ့သဘောထားကို  ရခိုင်အမျိုးသားပါတီရဲ့ သဘောထားကြေညာချက် ၁/၂၀၁၉ နဲ့ အတိအလင်းထုတ်ပြန်ပြီး ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ ဒီလို ဖြစ်နေတဲ့ ပဋိပက္ခဟာ အများပြည်သူကိုပဲ ထိခိုက်ပြီးတော့ ဒုက်္ခ ရောက်စေနိုင်တယ်။ အဲဒါကြောင့် တိုင်းရင်းသားညီအစ်ကိုတွေ ပီပီ ငြိမ်းချမ်းရေးအတွက်  စားပွဲပေါ်မှာ ထိုင်ပြီးတော့ စိတ်ရင်း စေတနာကောင်း အခြေခံပြီးတော့ ဖြေရှင်းကြပါလို့ တောင်းဆို ထားပြီးသားဖြစ်ပါတယ်။

#mawkun #magazine #chronicle #AA #interview




 

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."