ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၇ (မော်ကွန်း)
COVID -19 ကာလအတွင်း အခြေခံလူတန်းစားများကို ငွေကြေးထောက်ပံ့ရာတွင် ရသင့်ရထိုက်သည့် အိမ်ထောင်စုများ ထောက်ပံ့ငွေမရရှိပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်ကြားရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
COVID-19 ရောဂါကူးစက်ခံရမှုကာလအတွင်း နေအိမ်တွင်နေထိုင်ရေးအမိန့်(Stay at Home) သတ်မှတ်ထားသော မြို့နယ်များရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို ငွေကျပ် ၄၀,၀၀၀ ကို ယခုလအတွင်း ထောက်ပံ့ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာပြီးနောက် ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ facebook စာမျက်နှာတွင် ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ၊ နေပြည်တော်၊ မွန်၊ ကယား၊ ရခိုင်နှင့်ကရင်ပြည်နယ်ရှိ မြို့နယ်အားလုံး၌ တိုင်ကြားစာဖြေရှင်းပေးမည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ခဲ့သည်။
နစ်နာခဲ့၍ တိုင်ကြားလိုသူများသည် အမည်၊ ဖခင်အမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့်တိုင်ကြားရသည့်အကြောင်းအရင်း အကျဉ်းချုပ်ကို တင်ပြရမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါ်သူဇာမွန်က “သူတို့ရဲ့တိုင်ကြားစာကို မှန်ကန်မှုရှိ၊မရှိ သတ်မှတ်ထားတဲ့မူဝါဒနဲ့ကိုက်ညီမှု ရှိ၊မရှိကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုတွေကို ပြန်ပြီးတော့ စိစစ်ခိုင်းမယ်။ တကယ်လို့ မှန်ကန်တယ်၊ သူတို့ရပိုင်ခွင့်ရှိရဲ့သားနဲ့ မရရှိဘဲနဲ့ ကျန်ခဲ့တာ မှန်ကန်ခဲ့ရင် နိုင်ငံတော်ကနေ ထပ်တိုးတင်ခိုင်းတဲ့ အချိန်ကျရင် တင်ပေးဖို့လုပ်ထားပါတယ်”ဟု သူက ပြောသည်။
လက်ရှိတွင် မင်္ဂလာဒုံမြို့နယ်၌ တိုင်ကြားစာ ၁၀ စောင်ကျော် လက်ခံရရှိထားပြီး ၎င်းတို့ ဆုံးဖြတ်ချက်ဖြင့် အရေးယူမှုများ မပြုလုပ်နိုင်ကြောင်း ဒေါ်သူဇာမွန်က ဆိုသည်။
Stay at Home အကျုံးမဝင်သည့် မြို့နယ်များရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀,၀၀၀ ထောက်ပံ့ပေးမည်ဖြစ်သည်။
အစိုးရက ပျံကျစျေးသည် (ခေါင်းရွက်ဗျက်ထိုး)၊ အနှေးယာဉ်လုပ်သား၊ပန်းရံ၊လက်သမား၊ကုန်ထမ်း၊တံငါသည်၊ကူးတို့သမား၊အလုပ်ကြမ်းသမားများနှင့် ပျိုးနုတ်ကောက်စိုက်၊ခြံလုပ်သားများကို ပုံမှန် ဝင်ငွေမရှိသူများအဖြစ် သတ်မှတ်ကာ ဦးစားပေးထောက်ပံ့ခြင်း ဖြစ်သည်။
ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀,၀၀၀ ထောက်ပံ့ခြင်းအား ဇူလိုင်၊ဩဂုတ်နှင့်စက်တင်ဘာတို့တွင် အစိုးရက သုံးကြိမ် ထောက်ပံ့ခဲ့သည်။
အိမ်ထောင်စုပေါင်း ၅.၇ သန်းအတွက် ကျပ် ၄၀၄.၇၃၅ ဘီလီယံကို ထောက်ပံ့ပေးခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပုံစာ – ငွေကျပ်လေးသောင်းမရရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများ ဆက်သွယ်တိုင်ကြားနိုင်သည့် ရန်ကုန်တိုင်းရှိမြို့နယ်များ၏ ဖုန်းနံပါတ်များ
ဓာတ်ပုံ – စခရင်စ်ရှော့ပ်
#Dailynews

