ယနေ့ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ ခပ်စိပ်စိပ် ပြောဆိုရေးသားလာကြတာကတော့ လူ့အခွင့်အရေးပဲ ဖြစ်ပါသည်။ ဖြစ်ပွားလာခဲ့သမျှ မှုခင်းများနှင့် ဖြစ်ရပ်များဟာလည်းပဲ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေကြတာ တွေ့ရပါမည်။ အထင်ရှားဆုံးကတော့ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ယခုအချိန်အထိ ဖြစ်ပွားနေဆဲ အကြမ်းဖက်တိုက်ခိုက်မှုတွေနှင့် နောက်တစ်ခုကတော့ စက်ဆုပ်ကြေကွဲစရာကောင်းတဲ့ ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်မိသားစုက လူမမယ်ကလေးအလုပ်သမားနှစ်ယောက်ကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ကြတဲ့ ဖြစ်ရပ်ပါပဲ။ အဲဒီဖြစ်ရပ်မှာ နိုင်ငံသားများ၏ လူ့အခွင့်အရေးကို ကာကွယ်ပေးရမည့် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထဲက အဖွဲ့ဝင်တချို့၏ လုပ်ရပ်ကြောင့် ကော်မရှင်၏ သိက္ခာကျဆင်းရသလို အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အပေါ် ပြည်သူလူထု၏ ယုံကြည်မှုနှင့်အမြင်များ ဆိုးဝါး သွားခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအပြည့်အဝရရှိမှုနှင့် ချိုးဖောက်ခံနေရမှုများကို အမှန်တကယ် အကာအကွယ်ပေးသလို ဖော်ဆောင်မြှင့်တင်ပေးနိုင်မည့် အဖွဲ့ အစည်းများ ရှိရောရှိပါရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
လူ့အခွင့်အရေး (Human Right) နှင့်ဆက်စပ်ပြီး မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆ဝ နီးပါး ချိုးဖောက်ခံလာနေရတဲ့ အခွင့်အရေး တစ်ခုကိုတော့ သိလည်း မသိကြသလို ချိုးဖောက်ခံရလို့ ခံရမှန်းမသိ၊ ကြပ်မတ်ထိန်းသိမ်း ဖော်ဆောင်ပေးမည့် အဖွဲ့အစည်းများနှင့် တာဝန်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ယန္တရားများလည်း မရှိသည့် ပုံမှန်ရရှိခံစားရမည့် အခွင့်အရေး (Right) တစ်ခုရှိပါသည်။ အဲဒါကတော့ Right to Food အစားအစာနှင့် ဆက်စပ်သော လူ့အခွင့်အရေးပဲ ဖြစ်ပါသည်။
Right to Food ဟာ နိုင်ငံသားတိုင်း၊ လူသားတိုင်းအတွက် မဖြစ်မနေ ဖော်ဆောင် ရရှိခံစားစေရမည့် အခွင့်အရေးတစ်ခု ဖြစ်ပြီး လူ့အခွင့်အရေးနှင့် ဆက်စပ်နေသည့် အမျိုးအစားတစ်ခုဖြစ်ပါသည်။ နိုင်ငံသားတိုင်း၊ ပြည်သူလူထုတိုင်း ရရှိရမယ့် အခွင့်အရေး Right for People လည်းဖြစ်ပါသည်။ အဲဒီအထဲမှာ ပါဝင် နေသည့် အခွင့်အရေးများကတော့…
(၁) နိုင်ငံသားတိုင်းသည် အစားအစာကို ဂုဏ်သိက္ခာရှိရှိ စားသုံးခွင့် ရှိရမည်။
(၂) လုံလောက်သော အစားအစာပမာဏကို စားသုံးနိုင်ခွင့်ရှိရမည်။
(၃) နိုင်ငံသားတစ်ဦးချင်းစီသည် လုံလောက်၍ အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခွင့်ရှိရမည်။
(၄) နိုင်ငံသားတိုင်း (လူသားတိုင်း)သည် ဆာလောင်ငတ်မွတ်ခြင်းမှ ကင်းရမည်ဖြစ်ပြီး အစားအစာ လုံခြုံမှုနှင့်အာဟာရချို့တဲ့မှု ကင်းရှင်းခြင်း ရှိရမည်။
Right to Food အစားအစာနှင့် သက်ဆိုင်သော လူ့အခွင့်အရေးသည် ၂ဝ၁၂၊ မေ ၂ တွင် ကုလသမဂ္ဂအဖွဲ့အစည်း၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ အစည်းအဝေး International Covenant on Economic, Social and Cultural Rights မှ ပေါ်ထွက်လာခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၁၆ဝ မှ ကိုယ်စားပြုအဖွဲ့များက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး လက်ရှိ ၁ဝ၆ နိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အရှေ့တီမောတို့သည် ပါဝင် လက်မှတ်ရေးထိုးထားကြပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည်။ စစ်တမ်းအရ မြန်မာနိုင်ငံသည် Right to Food နှင့် ပတ်သက်၍ သိရှိခြင်း မရှိသေးဟု ဆိုထားသည်။
Right to Food ကို အကောင်အထည်ဖော်ရာတွင် လွှတ်တော်များမှတစ်ဆင့် ဥပဒေပြု ပြဋ္ဌာန်းအတည်ပြုခြင်းနှင့် ဥပဒေပါအတိုင်း လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဟူ၍ နှစ်ပိုင်းရှိသည်။ ၁၉၉၆ တွင် ပြုလုပ်သော World Food Summit ကမ္ဘာလုံးဆိုင်ရာ အစားအစာ အစည်းအဝေးနှင့် ဆွေးနွေးပွဲတွင် ပါဝင်သော နိုင်ငံများက မိမိတို့နိုင်ငံတွင် Right to Food ကို လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ရန် ထပ်မံကတိကဝတ်ပြုခဲ့ကြပြီး ၂ဝ၁၅ အရောက်တွင် တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်လာသော ငတ်မွတ်ဆာလောင်မှုနှင့် အာဟာရချို့တဲ့မှု စုစုပေါင်း လူဦးရေ သန်း ၈၄ဝ ကို သန်းပေါင်း ၄၂ဝ အထိ ထက်ဝက်လျှော့ချနိုင်ရန် ကတိပြုကြသည်။ ၂ဝဝ၉ စစ်တမ်းအရ တစ်ကမ္ဘာလုံးတွင် အာဟာရချို့တဲ့မှုကို ခံစားနေရသူပေါင်းသည် တစ်ဘီလီယံကျော်ရှိသည်ဟု သိရသည်။ တစ်ဖန် Hidden Hunger ဟု ခေါ်သော အစာအာဟာရဆိုင်ရာ ချို့တဲ့မှုကို ခံစားနေရသူမှာ တစ်ကမ္ဘာလုံးတွင် နှစ်ဘီလီယံ ရှိကြပြီး ကလေးငယ်များ ကြီးထွားမှုနှေးကွေးခြင်းနှင့် ဉာဏ်ရည် မပြည့်စုံခြင်း၊ ချို့တဲ့ခြင်းများ ဖြစ်ပေါ်ခံစားစေသည်ဟု သိရသည်။
နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေးနှင့် ဆက်စပ်သော ဥပဒေပြဋ္ဌာန်းချက်အရ နိုင်ငံအစိုးရတိုင်းသည် မိမိပြည်သူတို့အတွက် အစားအစာဆိုင်ရာ လူ့အခွင့်အရေး Right to Food ကို လေးစားလိုက်နာသွားရမည် (Respect)၊ ကာကွယ်ရမည် (Protect)၊ အခွင့်အရေးကို အပြည့်အဝ ခံစားရရှိနိုင်အောင် ဖော်ဆောင်ပေးရမည် (Fulfill) ဟု ပြဋ္ဌာန်းညွှန်းဆိုထားသည်။
စံချိန်စံညွှန်းမီ လူ့အဆင့်အတန်းဖြင့် နေထိုင်ရှင်သန်ခြင်းတွင် ပြည့်ဝလုံလောက်သော အစားအစာ (Adequate of Food)၊ အခြေခံအခွင့်အရေးအဖြစ် ဆာလောင်ငတ်မွတ်မှုမှ ကင်းလွတ်ခြင်း (Fundamental Right to be Free from Hunger) တို့ ပါဝင်သည်။ The Right to Adequate Food တွင် ကျန်းမာ၍ ရောဂါကင်းရှင်းသော ဘဝ ရရှိစေရေးအတွက် ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရဓာတ် ပြည့်ဝသော အစားအစာများကို ပြည်စုံလုံလောက်စွာ စားသုံးနိုင်ခွင့် ရှိရေးနှင့် စားသုံးသော အစားအစာများတွင် ပါဝင်သင့် ပါဝင်ထိုက်သော အာဟာရဓာတ်နှင့် သက်စောင့်ဓာတ်များ ပြည့်ဝလုံလောက်စွာ ပါဝင်ရေးတို့ကို ပြဋ္ဌာန်းထားသည်။ မိမိတို့နိုင်ငံသား ပြည်သူလူထုအနေဖြင့် ဤအခွင့်အရေးကို လုံလောက်စွာ ခံစားရရှိစေရန် အစိုးရတိုင်းသည် အသေအချာဖော်ဆောင်လုပ်ကိုင်ပေးရန် တာဝန်ရှိသည်။
Freedom from Hunger ဆိုသည်မှာ နိုင်ငံတစ်ခုတွင် စုစုပေါင်း လူဦးရေ၏ အချိုးအစားမည်မျှသည် ဆာလောင်ငတ်မွတ်နေခြင်းကို ခံစားနေရသည် သို့မဟုတ် အာဟာရချို့တဲ့မှုကို ခံစားနေရသည်ကို တိုင်းတာခြင်း ဖြစ်သည်။
Right to Food နှင့်ပတ်သက်၍ အမှတ်မှားနေသော အချက်တစ်ခုမှာ သက်ဆိုင်ရာအစိုးရသည် ပြည်သူလူထုကို ၎င်းတို့ အလိုရှိသည့်အတိုင်း အစားအစာကို အခမဲ့ ပေးဝေရမည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ မှားယွင်းနေသော ထင်မှတ်ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် တစ်ချိန်က ‘ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ’ ဟု တင်စားခံခဲ့ရသော ဆန်ရေစပါး ပေါများကြွယ်ဝသော နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှတွင် စက်မှုနှင့် စီးပွားရေး၊ ပညာရေး၊ လူနေမှုအဆင့် အမြင့်ဆုံးနှင့် အလားအလာ တိုးတက်မှု အကောင်းဆုံးနိုင်ငံ ဖြစ်ခဲ့ရာမှ ၁၉၆၂၊ မတ် ၂ ရက်တွင် စစ်အာဏာသိမ်းခံရပြီး စစ်အာဏာရှင်အုပ်ချုပ်မှုအောက်ကို နောက်ထပ် နှစ်ပေါင်း ၅၃ နှစ်ကြာ ခံစားရပြီးနောက် ယခု မည်ကဲ့သို့သော အခြေအနေ အနေအထားရောက်နေသည်ကို အားလုံး သိရှိကြပြီး ဖြစ်ပါသည်။ Right to Food အစားအစာဆိုင်ရာ လူ့အခွင့်အရေးကို မြန်မာပြည်သူများ အမြန်ဆုံး အပြည့်အဝ ခံစားရရှိနိုင်ကြပါစေဟုသာ ဆုတောင်းပေးလိုက်ရပါသည်။ ။
၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၀) မှ သုံးသပ်ချက် ဖြစ်ပါသည်။
ဒေါက်တာစိုးခိုင် ရေးသည်။