အင်းတော်-၂၀၂၄ ဇွန် ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာမှာ စစ်ကောင်စီတွေ တပ်စွဲထားပြီး ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်ထားတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က မှားယွင်းဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁၇ ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Indaw Revolution-IR က အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ၂၀၂၃ မတ်လကတည်းက နန့်သာရွာမှာ တပ်စွဲထားတာကြောင့် ဒေသခံအများစုဟာ ထွက်ပြေးတိမ်းရှောင်နေရတာ တစ်နှစ်ကျော်ကြာပြီလို့ သူကပြောပါတယ်။
အခုလ ၂၂ ရက်မှာတော့ KIA ၊ PDF နဲ့ စစ်ကောင်စီတပ်တွေ နန့်သာရွာမှာ တိုက်ပွဲဖြစ်ချိန် ရွာမှာကျန်ခဲ့တဲ့ ဒေသခံလေးဆယ်ဝန်းကျင်ကို စစ်ကောင်စီတပ်တွေက သူတို့တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတာလို့ Indaw Revolution-IR အဖွဲ့ဝင်က ပြောပါတယ်။
နန့်သာရွာမှ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိပြီး တောင်ပေါ်ကျောင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုရှိပြီး တောင်အောက်ကျောင်းမှာက စစ်တပ်က ကတုတ်ကျင်း၊ ဘန်ကာတွေနဲ့ အခိုင်အမာတပ်အထိုင်ချထားတာပါ။
“တောင်ပေါ်ကျောင်းကိုကြဲတာမှာ တောင်အောက်ကျောင်းကို မှားကြဲလိုက်တာ။ မှားကြဲလိုက်တော့ စစ်တပ်ကလည်း ပြည်သူတွေကို တောင်အောက်ကျောင်းထဲမှာ ဓားစာခံအနေနဲ့ ခေါ်ထားလိုက်တယ်ဆိုတော့ အဲဒီမှာ ရောက်နေတဲ့ပြည်သူတွေ သေသွားတာပေါ့” လို့ သူကပြောပါတယ်။
နန့်သာရွာကို စစ်ကောင်စီတပ်တွေ မနှစ်ကကတည်းက တပ်စွဲထားတာကြောင့် အင်းတော်-ဗန်းမောက် ကားလမ်းမဘေးကရွာတွေဖြစ်တဲ့ နန့်သာ၊ အောင်ကုန်း၊ အင်ပင်၊ မော်တိတ်နဲ့ ရွာသာယာ စတဲ့ရွာတွေက ဒေသခံငါးထောင်ကျော်ဟာ တစ်နှစ်ကျော် စစ်ရှောင်နေရတာဖြစ်ပြီး နန့်သာရွာမှာ လူနည်းစုသာ ကျန်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
“(တိုက်ပွဲဖြစ်ချိန်)ပြည်သူတွေကတော့ သူတို့ရဲ့စခန်းချထားတဲ့နေရာကို ပြေးမယ်မထင်ဘူးဗျ။ တိုက်ပွဲဖြစ်တဲ့အခါမှာ သူတို့က ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းထားလိုက်တယ်လို့ ကြားတာကို။ အပြင်လည်း ထွက်ခွင့်မပေးဘဲထားတော့ လေယာဉ်နဲ့မှားကြဲတဲ့အခါမှာ ပြည်သူတွေပါ ပါသွားတာပေါ့” လို့ သူကဆိုပါတယ်။
စစ်ကောင်စီလေတပ်က ဗုံးကြဲလို့ သေဆုံးခဲ့တဲ့ ဘုန်းကြီးကျောင်းထဲကပြည်သူတွေရဲ့ အလောင်းတွေကို ရပ်မိရပ်ဖတွေနဲ့ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေခွင့်တောင်းလို့ စစ်ကောင်စီတပ်တွေက ဒီနေ့မှ သင်္ဂြိုဟ်ခွင့်ပြုခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီနေ့မှာတော့ အဲဒီရွာက ဒေသခံတွေရဲ့ နာရေးရှိတာကြောင့် တိုက်ပွဲမဖြစ်အောင် တော်လှန်ရေးအင်အားစုတွေဘက်က နောက်ဆုတ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
သေဆုံးခဲ့သူတွေထဲကတချို့ဟာ ဒဏ်ရာရချိန် စစ်ကောင်စီတပ်က အပြင်ထွက်ခွင့်မပေးလို့ ဆေးကုသခွင့်မရဘဲ သွေးထွက်လွန်ကာ သေဆုံးခဲ့ကြတာလို့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။
ပုံစာ-အင်းတော်မြို့အဝင်ဆိုင်းဘုတ်။
ဓာတ်ပုံ-Indaw Revolution-IR

