အင်းစိန်-၂၀၂၂ဇူလိုင်၂၅(မော်ကွန်း)
ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းမှာ ဆူပူမှုတွေဖြစ်ပေါ်နေပြီး နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်နှိပ်စက်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က မော်ကွန်းကိုပြောပါတယ်။
အင်းစိန်ထောင်ထဲမှာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦးကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်လိုက်တဲ့အတွက် ဆူပူမှုတွေဖြစ်ပေါ်ပြီး နိုင်ကျဉ်းတွေနှိပ်စက်ခံနေရတယ်လို့သူကဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေက သေဒဏ်ပေးတဲ့အပေါ်မှာမကျေနပ်ဘူး။ဒါကိုဆန့်ကျင်တယ်။ငြိမ်းချမ်းစွာထုတ်ဖော်ဆန္ဒပြတယ်။ထုံးစံအတိုင်းသူတို့က လူ့အခွင့်အရေးတွေနားလည်တဲ့ကောင်တွေမဟုတ်ဘူးလေ။
အခုသိရသလောက်ကတော့ သူတို့ဖြိုခွင်းတယ်။ ဒဏ်ရာအနာတရ ရတယ်။လောလောဆယ်ကတော့တိုက်ပိတ်ထားတယ်။
နောက်ဆက်တွဲသတင်းအသေးစိတ်ကိုတော့ အစ်ကိုတို့လည်းအနီးကပ်စောင့်ကြည့်နေတယ်”လို့သူကပြောပါတယ်။
အင်းစိန်ထောင်ထဲမှာ လုံခြုံရေးတင်းကြပ်ထားတာကြောင့် ထောင်ဝန်ထမ်း ဖရဲသီးတွေဆီကသတင်းထုတ်ရခက်ခဲနေသေးတဲ့အတွက် တိုက်ပိတ်ခံရတဲ့အကျဉ်းသားအရေအတွက်ကိုတော့ လက်ရှိအချိန်အထိ မသိရသေးဘူးလို့ဦးထွန်းကြည်ကဆိုပါတယ်။
အင်းစိန်ထောင်တွင်းဆူပူမှုနဲ့ပတ်သပ်ပြီး အသေးစိတ်သိရဖို့ အကျဉ်းဦးစီးဌာနကအရာရှိတွေဆီဆက်သွယ်ရာမှာ ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါဘူး။
ပုံစာ – အင်းစိန်ထောင်ရှေ့မြင်ကွင်း (ပုံအဟောင်းဖြစ်ပါသည်။)
Photo: Mawkun
#Dailynews

