မန္တလေး- ၂၀၂၅ ဧပြီ ၁၃ (မော်ကွန်း)
ဒီနေ့မနက် ၉ နာရီဝန်းကျင်က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး၊ မြေအောက်အနက် ၁၂ မိုင်လောက်မှာ ဗဟိုပြုလှုပ်တဲ့ အား ၅ ဒသမ ၅ ရှိတဲ့ငလျင်ကြောင့် ဝမ်းတွင်း၊ မိတ္ထီလာနဲ့ မန္တလေးဒေသတွေမှာ နေအိမ်တွေ သိသိသာသာ ရမ်းခါခဲ့ပြီး အထိတ်တလန့် ထွက်ပြေးခဲ့ကြရတယ်လို့ မန္တလေးမြို့ခံတချို့က ပြောပါတယ်။
” ကျွန်တော်က မနက်စာစားဖို့ အပြင်ရောက်နေတာ၊ တော်သွားတယ်။ အားလုံး လမ်းပေါ်ထွက်ပြေးကြတာမှ အများကြီးပဲ။ အကုန်လန့်ကြတာပေါ့ ” လို့ မန္တလေး မြို့သားတစ်ဦးက ပြောပါတယ်။
ဒီမနက်ငလျင်ကြောင့် အဆောက်အအုံတွေ သိသိသာသာရမ်းခါသလို စစ်ကိုင်းငလျင်ကြောင့် နာထားတဲ့အဆောက်အအုံတချို့လည်း ထပ်မံထိခိုက်ပျက်စီးတာတွေရှိတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်က လှုပ်တဲ့ အင်အား ၇ ဒသမ ၇ ရှိတဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်နဲ့ အင်းလေးဒေသတွေမှာ ထိခိုက်သေဆုံးကြရသလို အဆောက်အအုံတွေ လည်း ပျက်ဆီးခဲ့တာပါ။
ဒီငလျင်ကြီးလှုပ်ခတ်အပြီး ရက်သတ္တနှစ်ပတ်အတွင်း နောက်ဆက်တွဲငလျင် အကြိမ်ရေ ၁၃၀ ဝန်းကျင်အထိ လှုပ်ခတ်ထားပြီး ဒီငလျင်တွေကြောင့် မန္တလေးမြို့ခံတွေဟာ နေအိမ်တွေမှာ မအိပ်ရဲကြသေးဘဲ မြေပြင်မှာ အများစုက ဆင်းအိပ်နေကြရတာ ဖြစ်ပါတယ်။
ငွေကြေးတတ်နိုင်သူနဲ့ အမျိုးအဆွေရှိသူ မန္တလေးသား တချို့ကတော့ စစ်ကိုင်ငလျင်လှုပ်ပြီးကတည်းက မြို့က တိမ်းရှောင်သွားကြပြီး အနီးက ပြင်ဦးလွင်မြို့(မေမြို့) မှာ သွားရောက်ခိုလှုံနေကြတာလည်း ရှိပါတယ်။
ပုံစာ- စစ်ကိုင်းငလျင်ကြောင့် ပြိုကျသွားတဲ့ မန္တလေး မဟာမုနိဘုရား စောင်းတန်းတစ်ခုနဲ့ နေအိမ်ပြိုသွားတဲ့မြင်ကွင်း။

ဓါတ်ပုံ- မော်ကွန်း
