ဗညားကျော်
နိုဝင်ဘာ ၂၆
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)က ပြဌာန်းထားသည့် အငယ်ဆုံးအသက်ပြဌာန်းချက်အမှတ် – ၁၃၈ ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ တင်သွင်းသည်။
ယင်းပြဌာန်းချက်တွင် အပိုဒ် ၁၈ ခု ပါဝင်ပြီး ကလေးအလုပ်သမားများပပျောက်ရေး ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ စီးပွားရေးတိုးတက်စေရန်နှင့် လူငယ်များ၏ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာပြည့်ဝစွာတိုးတက်မှုနှင့်အညီ အလုပ်အကိုင်အခွင့် အလမ်းရရှိရန် ရည်ရွယ်ပြဌာန်းထားသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အငယ်ဆုံးအသက်ပြဌာန်းချက်အမှတ်-၁၃၈ သည် မြန်မာနိုင်ငံမှအပ ကျန်အာဆီယံနိုင်ငံများတွင် လက်ခံကျင့်သုံးလျက်ရှိရာ နိုင်ငံအနေဖြင့် ILO ၏ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်နှစ်တွင် ယင်းပြဌာန်းချက်အား လက်ခံကျင့်သုံးပါက ILO နှင့် မြန်မာနိုင်ငံတို့၏ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ပိုမိုအကျိုးရှိသည့် မှတ်တမ်းကောင်းတစ်ခုရရှိနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယင်းပြဌာန်းချက်ကို လက်ခံကျင့်သုံးနိုင်ရန် အမျိုးသားအဆင့်သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနိူင်းထားပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယင်းအဆိုကို လာမည့်အပါတ်တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသွားမည်ဖြစ်သည်။
#mawkun #magazine #chronicle #dailynews #ILO