ရန်ကုန် – ၂၀၂၄ ဇွန် ၃ (မော်ကွန်း)
ဒီနေ့မှာ တစ်နိုင်ငံလုံးက စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေမှာ အခြေခံပညာစာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာကျောင်းသား ၆ ဒသမ ၃ သန်းကျော် ကျောင်းအပ်နှံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ထုတ် ကြေးမုံသတင်းစာကနေ ထုတ်ပြန်ထားပါတယ်။
ဒီကျောင်းအပ်နှုန်းဟာ မနှစ်ကထက် ကျောင်းအပ်နှံသူအရေအတွက် ရှစ်သောင်းကျော်ထိ လျော့ကျနေပြီး မနှစ်တုန်းက ကျောင်းအပ်နှံမှုဟာ ၆ ဒသမ ၄၇ သန်းကျော်ထိ ရှိခဲ့တာပါ။
Grade-12 အထိ သင်ကြားမယ့် ပညာရေးသင်ရိုးစနစ်သစ်ကို မနှစ်က စာသင်နှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အတန်းပိုများလာပေမယ့် ကျောင်းတက်မှုနှုန်းကတော့ ဆက်လက်လျော့ကျနေတာပါ။
စစ်တပ်အာဏာမသိမ်းခင် စာသင်နှစ်တွေတုန်းကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတက်နှုန်းဟာ နှစ်စဉ် ၁၀ သန်းကျော်ထိ ပျှမ်းမျှရှိခဲ့ရာက စစ်ကောင်စီလက်ထက်မှာ ကျောင်းတက်မှုနှုန်း လေးသန်းနီးပါးထိ ကျောင်းတက်နှုန်း လျော့ကျသွားတာပါ။
တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေ၊ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ စစ်ကောင်စီ ကျောင်းတွေ မဖွင့်လှစ်နိုင်သေးပါဘူး။
ပုံစာ – ဒီနေ့မနက်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်မြို့လယ်က အခြေခံပညာစာသင်ကျောင်းတစ်ခုရဲ့ မြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း

