ရန်ကုန် – ၂၀၂၄ မေ ၂၉ (မော်ကွန်း)
ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ဒီနေ့ညနေပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၅၈ သိန်းကျော်ကို ရောက်သွားပြီး မနေ့ကလိုပဲ အရောင်းအဝယ်တွေ ရပ်ထားရတယ်လို့ ရွှေလုပ်ငန်းရှင်တချို့ကပြောပါတယ်။
သင်္ကြန်ကာလအပြီးတည်းက တရိပ်ရိပ်နဲ့ မြင့်တက်လာတဲ့ ပြည်တွင်းရွှေဈေးဟာ မနေ့က နေ့လယ်ပိုင်းကတော့ တစ်ကျပ်သားကို ကျပ် ၅၃ သိန်းကျော်ရှိနေရာကနေ နာရီပိုင်းအတွင်းမှာပဲ ကျပ် ၅၅ သိန်းကျော်ကို ခုန်တက်ခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ တစ်ကျပ်သားကို ကျပ် ၅၆ သိန်းကျော်ကို ရောက်ရှိလာကာ ညနေပိုင်းမှာ ကျပ် ၅၈ သိန်းကျော်ကို ရောက်သွားတာဖြစ်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ပြည်တွင်းဈေးကွက်မှာ တစ်ကျပ်သားကို ကျပ် ၅၅ သိန်းကျော်ကို ရောက်သွားတဲ့အချိန်မှာထဲက ရွှေဆိုင်အားလုံးဟာ အရောင်း၊ အဝယ် အကုန်ရပ်တန့်သွားကြပြီလို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ရွှေဆိုင်တွေကလည်း ရောင်းပြီးရင် ပြန်ဖြည့်ရတယ်ပေါ့၊ အဲဒီမှာ ရောင်းတုန်းကဈေးနဲ့ ထပ်တက်တဲ့ဈေးနဲ့ဆို ဆိုင်ငယ်လေးတွေက ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်တော့ အကုန်အရောင်းရပ်လိုက်ကြတယ်။ ဈေးသည်ကတော့ ရောင်းချင်တာပဲပေါ့” လို့ အဲဒီ့လုပ်ငန်းရှင်က ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ရွှေဈေးအပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းတွေလည်း ရုတ်တရတ်ခုန်တက်ခဲ့ပြီး ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကန်ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ်ငွေဈေးတွေဟာ စံချိန်တင် အမြင့်ဆုံးဈေးတန်းကို ရောက်ရှိနေတာပါ။
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ အဲဒီလိုဖြစ်နေတာ ရွှေဈေး၊ ငွေဈေး ကစားတဲ့သူတွေကြောင့် ဈေးနှုန်းမတည်ငြိမ်ဖြစ်နေတာဖြစ်ပြီး ဈေးကစားတဲ့သူတွေကို အရေးယူသွားမယ်လို့လည်း မေလဒုတိယအပတ်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက အဲဒီလိုထုတ်ပြန်ထားပေမယ့် ဈေးကွက်ထဲမှာ ရွှေဈေးနဲ့ ငွေလဲလှယ်နှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ စံချိန်တင်မြင့်တက်နေတာပါ။
Photo – Mawkun

