အချိုမှုန့် Face/Off

ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

Face/Off ဟာ ဟောင်ကောင် ဒါရိုက်တာ John Woo ရိုက်ကူး ပြီး မင်းသား John Tralvota နဲ့ Nicolas Cage တို့ကို ကမ္ဘာကျော်သွားစေတဲ့ ရဲ စုံထောက်နဲ့ ရာဇဝတ်လူဆိုးကြီးတစ်ဦးတို့ရဲ့ အပြန် အလှန် ဟန်ဆောင် ထိုးဖောက်တိုက်ခိုက်ကြတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ ရဲ အရာရှိက လူဆိုးခေါင်းဆောင်အဖြစ်၊ လူဆိုး ခေါင်းဆောင်က ရဲအရာရှိအဖြစ် အပြန်အလှန် မျက်နှာခွဲစိတ်ပြုပြင်ပြီး သက်ဆိုင်ရာ အသိုင်း အဝန်း အတွင်းပိုင်းကို ဝင်ရောက်ပြီး နှောင့်ယှက် တိုက်ခိုက်ဖျက်ဆီးတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီ ကနေ့ စားသုံးသူတွေ နေ့စဉ် မဖြစ်မနေ ထိတွေ့နေ ရတဲ့ အစားအသောက် အရသာဖြည့်ပစ္စည်း (Flavor Enhancer) တစ်ခုဖြစ်တဲ့ အချိုမှုန့်ဆို တာဟာလည်း စားသောက်ကုန်လုပ်ငန်းနဲ့ လူနေ မှုစနစ်ထဲမှာ Face/Off လျှို့ဝှက် မကွဲပြား၊ မခွဲခြား နိုင်တဲ့ အသွင်နဲ့ နှစ်ရှည်လများ နေရာယူဝင် ရောက်နေတာဟာ ဆယ်စုနှစ်များစွာ ရှိနေရာက သူ့ရဲ့ အတွင်းသရုပ်မှန် သဘောအစစ်အမှန်ကို စူးစမ်းလေ့လာဆဲ၊ သုတေသန ပြု စမ်းသပ်ရှာဖွေဆဲ ဖြစ်နေရတုန်းပါပဲ။

မြန်မာနိုင်ငံမှာတော့ အချိုမှုန့်ဟာ ‘မီးဖိုချောင်ထဲက အသံ တိတ် လူသတ်သမား’ အဖြစ် ဆေးပညာရှင်တွေ၊ လူမှုအဖွဲ့အစည်း တွေနဲ့ မီဒီယာတွေက ခိုင်ခိုင်မာမာ ဖွင့်ဆိုထားတဲ့ အနေအထား မှာ ရှိတာ တွေ့ရပါတယ်။

အချိုမှုန့်ဆိုတာ ဟင်းလျာတွေနဲ့ စားသောက် ကုန်တွေရဲ့ အရသာကို ရှိရင်းမူလထက် ပိုမိုထူးကဲစေတဲ့ Flavor Enhancerတစ်မျိုး ဖြစ်ပြီး စားသောက်ကုန် သိပ္ပံပညာဖြစ်တဲ့ Food Science မှာတော့ Food Additive လို့ သတ်မှတ်ပါတယ်။ အချိုမှုန့်ဟာ မြန်မာနိုင်ငံမှာ ၁၉၅ဝ ခုနှစ်ပိုင်းလောက်မှာ စတင် သုံးစွဲခဲ့ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက ရောက်ရှိလာတာ ဖြစ် ပါတယ်။ အဲဒီအချိန်က လူသိမများသေးသလို ကျယ်ကျယ်ပြန့် ပြန့်လည်း အသုံးပြုတာ မရှိသေးပါဘူး။

အချိုမှုန့်ကို မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြား လူသိများ ကာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်အောင် ဈေးကွက်မြှင့်တင် ရေး အောင်မြင်ကြီးကျယ်ခမ်းနားစွာ အကျိုးဆောင်ပေးလိုက် တာကတော့ စစ်အာဏာသိမ်းစနစ်ကို မြန်မာနိုင်ငံနဲ့ စတင် မိတ်ဆက်ပေးတဲ့ ပထမဆုံး စစ်အာဏာသိမ်း စွန့်ဦးတီထွင်သူ ကြီးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့ သူ ဦးဆောင်တဲ့ တော်လှန် ရေးကောင်စီ အစိုးရပဲ ဖြစ်ပါတယ်။

အဲဒီလို တိုင်းပြည်အာဏာကို စစ်အာဏာသိမ်းတဲ့ နည်း နဲ့ ရယူပြီးနောက် ပထမဆုံး လုပ်ရပ်ကတော့ နိုင်ငံခြားသားတွေနဲ့ မြန်မာတိုင်းရင်းသားတွေအားလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေအားလုံးကို ပြည်သူတွေ ပိုင်ဆိုင်စေရ မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်း Nationalize လုပ်လိုက်ပါတယ်။ လူသုံးကုန်၊ စားသောက်ကုန်နဲ့ ဆေးဝါးထုတ်လုပ်တဲ့ စက်မှုလက်မှုလုပ်ငန်း အားလုံးဟာ စစ်တပ် ရဲ့ စီမံခန့်ခွဲမှုအောက်ကို ရောက်ရှိသွားပြီး ထုတ်လုပ်မှုအပိုင်းမှာ စီမံကိန်းစီးပွားရေး အခြေခံ ကုန်ထုတ်လုပ်မှုစနစ် ကျင့်သုံးထုတ် လုပ်စေပြီး ဖြန့်ဖြူးရောင်းချရေးအပိုင်းမှာတော့ အစိုးရကပဲ ကြီး ကြပ်စီမံခန့်ခွဲတဲ့ ပြည်သူ့ဆိုင် (ပပက)၊ သမဝါယမဆိုင်နဲ့ ကျေး လက်အရောင်းဆိုင် (လလသသ) ကသာ ရောင်းချခွင့်ရှိပြီး စက် မှုကုန်ကြမ်း၊ ကုန်ချောအားလုံးကို လျှောက်လွှာတင် လျှောက် ထားတဲ့ စနစ်၊ ပြည်သူ့ဆိုင်တွေမှာ တန်းစီဝယ်ယူစေတဲ့ စနစ်ကို ကျင့်သုံးလိုက်ရာမှာ အကျင့်ပျက် ခြစားမှု၊ အာဏာလုပ်ပိုင်ခွင့်ကို အသုံးချပြီး စော်ကားဗိုလ်ကျမိုက်ရိုင်းမှု ဗျူရိုကရေစီယန္တရား ထွန်းကားလာပြီး ထုတ်လုပ်နိုင်အားနဲ့ ဈေးကွက်လိုအပ်ချက် ဟန်ချက်ညီ မချိတ်ဆက်နိုင်တဲ့အခါ တန်းစီတိုးစား၊ နယ်စပ် မှောင်ခိုစီးပွားရေးတွေ တစ်နိုင်ငံလုံး ဖြစ်ပေါ်လာပါတော့တယ်။ အဲဒီအထဲမှာ ယိုးဒယားနယ်စပ်နဲ့ နီးကပ်တဲ့ မွန်ပြည်နယ်၊ မော် လမြိုင်မြို့ဟာ အဓိက မှောင်ခိုကုန်စည် သယ်ယူရောင်းချတဲ့ မြို့တစ်မြို့ ဖြစ်လာပြီး စားသုံးကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အဝတ် အထည်တွေကို ထိုင်းနိုင်ငံကနေ မီးရထားလမ်း အဓိက အသုံးပြု ပြီး တရားမဝင် သယ်ယူရောင်းချတဲ့အထဲမှာ အချိုမှုန့်ခေါ် အာဂျီ နိုမိုတိုဟာ အမြတ်အစွန်းကောင်းပြီး ဈေးကွက်လိုအပ်ချက် ကြီးမားတာကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးက ဈေး၊ ဆိုင်တွေနဲ့ မီးဖိုချောင်ထဲကို စီးနင်းသိမ်းပိုက်သွားပါတော့တယ်။ ထူးဆန်း တာက ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်က နေ ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အရပ်သား အသွင်ပြောင်းစစ်အစိုးရ၊ နောက် ၁၉၈၈ မှာ ဒုတိယအကြိမ် တိုင်းပြည်ကို ချောက်ကမ်းပါးထဲ ကျခါနီး အချိန်မီကယ်တင် လိုက်ပါပေတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တစ်ကျော့ပြန် စစ်အစိုးရလက်ထက်အထိ အချိုမှုန့်ရဲ့ ကျန်းမာ ရေးဆိုင်ရာ သတင်းအချက်အလက်တွေ ထင်ရှားကျယ်လောင် စွာ ပြောဆိုဝေဖန်ထုတ်ပြန်မှု မရှိခြင်းပါပဲ။

၁၉၉၈ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ စစ်အစိုးရအုပ်ချုပ်နေချိန် ထိုင်း-မြန်မာနယ်စပ်အရေး ကို အခြေခံပြီး စစ်ရေး၊ နိုင်ငံရေးတင်းမာမှုတွေ ပြင်းထန်လာတဲ့ အချိန်ရောက်မှ ထိုင်းနိုင်ငံက မှောင်ခိုတင်သွင်းလာပြီး မြန်မာ နိုင်ငံရဲ့ စားသုံးသူဈေးကွက်ရာခိုင်နှုန်းနီးပါးကို အုပ်စီးဝါးမျိုသိမ်း ပိုက်ထားပြီး ဖြစ်တဲ့ Red Bull တံဆိပ် မြန်မာအခေါ် ကျွဲရိုင်းအား ဖြည့်အချိုရည် Energy Drink နဲ့ အချိုမှုန့် (ဒီကနေ့အထိ မြန် မာနိုင်ငံမှာ MSG လို့ မခေါ်သေး၊ လူသိမများ သေးပါဘူး)နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက အရာရှိ ဆေး ပညာရှင် တွေဟာ ရုပ်မြင်သံကြားက တစ်ဆင့် ကျွဲရိုင်းအချို ရည်နဲ့ အချို မှုန့် စားသုံးမှုရဲ့ ဆိုးကျိုး တွေကို ကြောက် ခမန်း လိလိ အူသိမ့် တုန် ဟောပြော ပညာ ပေး အသံလွှင့် ကြသလို အစိုး ရက စီမံခန့်ခွဲ တဲ့ သတင်းစာ တွေကလည်း ရေးသား ဖော် ပြလာကြပါ တယ်။

တကယ် တော့ ပြန်လည်လေ့လာသုံးသပ်ကြည့်ရင် အချို မှုန့်ဆိုတာ အဲဒီမတိုင်မီက မြန်မာနိုင်ငံဈေးကွက်ထဲမှာ တရား မဝင် သယ်ယူလာတဲ့ မှောင်ခိုကုန်ပစ္စည်းတစ်ခုအနေနဲ့ သယ်ယူ လာစဉ် စစ်ဆေးဖမ်းဆီးဟန်ပြုပြီး လာဘ်ငွေတောင်းယူခြစားမှု ရှိတာက လွဲလို့ ဈေးထဲ၊ ဆိုင်ထဲမှာ တရားဝင်ပစ္စည်းလို ပေါ်ပေါ် ထင်ထင် ရောင်းချနေတာကို တားမြစ်ပိတ်ပင် စစ်ဆေးဖမ်းဆီး သိမ်းယူမှု မရှိသလောက်ပါ။ မြန်မာနိုင်ငံ အစားအစာနှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ FDA က အချိုမှုန့်ကို စားသုံးရန် မသင့်သော အစားအစာအဖြစ် မကြေညာသလို ဈေးထဲ၊ ကျောင်းမုန့်စားတန်းထဲ လိုက်လံစစ်ဆေးနေတဲ့ အာဏာပိုင်အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ စားသုံးသူ ကာကွယ်ရေးဦးစီးဌာနကလည်း အချိုမှုန့်ကို တားမြစ်ပိတ်ပင် ဖမ်းဆီးသိမ်းယူဖျက်ဆီးတဲ့ သတင်း မတွေ့သေးပါဘူး။ ပြောရမယ်ဆိုရင် နိုင်ငံပိုင် စက်မှုလုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ အမှတ် ၁ စက်မှုဝန်ကြီးဌာန စက်မှု ၁ ကတောင် ဆွမ်းအုပ်အမှတ် တံဆိပ်နဲ့ အချိုမှုန့်ကို တရားဝင်ကြော်ငြာ ရောင်းချခဲ့ပါတယ်။ အမှတ် ၁ စက်မှုဝန်ကြီးဌာနကပဲ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အနီးမှာ အချိူမှုန့်စက်ရုံ တည်ဆောက်ထုတ်လုပ်ဖို့ စီမံကိန်းအကြီးစား တစ်ခု အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ ပြီး ထုတ်လုပ်မှုကုန် ကြမ်းတစ်ခုဖြစ်တဲ့ ပီလောပီနံဥ စိုက်ပျိုးရေး ကိုတောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီ တော့ အချိုမှုန့်ဆိုတာ သေမင်းလား၊ မိတ်ဆွေလား။ အဲဒီ Face/Off အရှုပ်တော်ပုံကို အမှန်အတိုင်း ဖော် ထုတ်သိရှိနိုင်ဖို့ ဆေးပညာရှင်နဲ့ အာဟာ ရ ပညာရှင် အသိုင်းအဝန်း တွေ၊ တက္ကသိုလ် နှင့် ပုဂ္ဂလိက သုတေသန ဌာနတွေ၊ အစား အစာနှင့် အာဟာရ ဆိုင်ရာ သုတေသီ လူမှုအဖွဲ့ အစည်းတွေ၊ ကုလသမဂ္ဂ စိုက်ပျိုးရေးစားနပ် ရိက္ခာ အဖွဲ့နှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ လက်အောက် ခံ အဖွဲ့ အစည်းတွေ နဲ့ နိုင်ငံအသီးသီးက အစိုးရအဖွဲ့ရှိ သက် ဆိုင်ရာ ဌာနအဖွဲ့ အစည်းတွေက လေ့လာစမ်းသပ် သုတေသနပြု စစ် ဆေးကြပါတယ်။ ရလဒ်အဖြေတွေ လည်း အမျိုးမျိုး ဖော်ထုတ်တွေ့ရှိကြပါတယ်။ ဒီဆောင်းပါးဟာ အဲဒီလို သုတေသနပြု လေ့လာစမ်းသပ် စိစစ်တွေ့ရှိချက်စာတမ်းနဲ့ ထုတ်ပြန်ကြေညာချက်တွေကို အကျဉ်းချုံးတင်ပြသွားမှာ ဖြစ်ပြီး အချိူမှုန့်ခေါ် အာဂျီနိုမိုတိုခေါ် ရသာကဲပစ္စည်း Flavor Enhancer အပေါ် မိမိတို့ရဲ့ ကိုယ်ပိုင်သုံးသပ်ဆင်ခြင် စဉ်းစား ဉာဏ်နဲ့ ဓမ္မဓိဋ္ဌာန်ကျကျ Objectively ဝေဖန်ပိုင်းခြား ဆုံးဖြတ် ကြရာမှာ တစ်စိတ်တစ်ပိုင်း အထောက်အကူပြုနိုင်စေဖို့ ရည်ရွယ် တင်ပြခြင်းသာ ဖြစ်ပါ တယ်လို့ ကြိုတင် အသိပေးပါရစေ။

အချိုမှုန့်ရဲ့ နိုင်ငံတကာ သတ်မှတ်အခေါ် အသုံးအနှုန်းက MSG Mono Sodium Glutamate ဖြစ် ပါတယ်။ Glutamate ဆိုသည်မှာ အသားဓာတ် Protein ထဲမှာ ပါဝင်တဲ့ Amino Acid တစ်မျိုးဖြစ်တဲ့ Glutamic Acid ကို Salt Form ပုံဆောင်ခဲအဖြစ် ဓာတ်ပြုပုံဖော် ထုတ်လုပ်ထားတဲ့ ပုံပြောင်းဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး Sodium ဆားဓာတ် ပါဝင်စေပြီးတဲ့ နောက်မှာ Sodium Glutamate ဖြစ်လာပါတယ်။ ကျွန်တော်တို့ စားသုံးနေတဲ့ အိမ်သုံးဆားဟာ ဆိုဒီယမ်ဓာတ်ပါ ဝင်တဲ့ Sodium Chloride ဖြစ်ပါတယ်။

အချိုမှုန့်ကို ဂျပန်လူမျိုး သိပ္ပံပညာရှင် Biochemist တစ်ဦးဖြစ်တဲ့ Tokyo Inperial University တက္ကသိုလ်က ဓာ တုဗေဒဌာနပါမောက္ခ Kikunae Ikeda က စတင်တွေ့ရှိခဲ့ပြီး အဲဒီက ရရှိတဲ့ ထူးခြားတဲ့ အရသာကို ‘Umami’ လို့ အမည်ပေး လိုက်ပါတယ်။ အဲဒီ Umami အရသာကို ဂျပန်လို Kombu လို့ ခေါ်တဲ့ ပင်လယ်ရေညှိ (Seaweed) ကို အခြောက်ခံ (Dried) လုပ်ရာကနေ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒါကို ပါမောက္ခ Ikeda ချက်ချင်းတီထွင်မှု မူပိုင်မှတ်ပုံတင်ခြင်း Patent Registered လုပ်ပြီး Glutamate အဖြစ် အများအပြား ထုတ်လုပ်စေသလို ကုန်အမှတ်တံဆိပ်ကို လည်း Ajinomoto Inc. အမည်ပေးလိုက်ပြီး Monosodium Glutamate MSG ရသာကဲပစ္စည်း Food Additive အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချရာက အလွန်ချမ်းသာ ကြွယ်ဝသွားပါတယ်။ Ajinomoto Inc. ဟာ စားသောက်ကုန်တွေ သာမက ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းများ စွာ ထုတ်လုပ်နေသလို အာဟာရဗေဒနှင့် ဇီဝသိပ္ပံနည်းပညာ Nutrition and Biotechnology Research သုတေသနလုပ် ငန်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတဲ့ ဂျပန်နိုင်ငံ အခြေ စိုက် ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်လာပါတယ်။

၁၉ဝ၉ က စပြီး ဂျပန်နိုင်ငံမှာ Ajinomoto ကုန်အမှတ်တံ ဆိပ်ဖြင့် စတင်ထုတ်လုပ် ဖြန့်ချိရောင်းချရာကနေ တစ်ကမ္ဘာလုံး ကို ပျံ့နှံ့ရောက်ရှိသွားတဲ့ MSG ရဲ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ၂ဝဝ၉ ခုနှစ်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီကနေပြီး အမေရိကန်ပြည်ထောင်စုမှာ Dr. Ho Man Kwok ဆိုတဲ့ တရုတ်လူမျိုးဆရာဝန်တစ်ဦးဟာ ၁၉၆၈ ခုနှစ်ရဲ့ နေ့တစ်နေ့မှာ American-Chinese Restaurant စား သောက်ဆိုင်တစ်ခုမှာ အချိုမှုန့် MSG ပါဝင်တဲ့ ဟင်းလျာတစ်ခု ကို စားသောက်ပြီးနောက် မူးဝေခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက် နှာနီမြန်းထုံအမ်းလာခြင်း၊ လက်မောင်းနှင့် ကျောပြင်တွေမှာ ထုံ ကျဉ်လာခြင်းနှင့် နှလုံးခုန်စည်းချက် မှန်ကန်မှုမရှိခြင်း စတဲ့ ဝေ ဒနာတွေ ခံစားလာရပါတယ်။ အဲဒီလို ဖြစ်ရတာဟာ ဟင်းလျာထဲ မှာ ပါဝင်တဲ့ ဝိုင် (Wine )၊ ဆား (Salt)၊ အချိုမှုန့် (MSG)တို့ ကြောင့် ဖြစ်နိုင်တာကို ခံယူပြီး ဆေးပညာဂျာနယ်တစ်စောင်ဖြစ် တဲ့ The New England Journal of Medicine ကို ဆောင်း ပါးရေးသားပေးပို့ရာမှာ MSG ကြောင့် အဓိကဖြစ်နိုင်တဲ့ အယူ အဆသဘောထားကို ဖော်ပြရာကနေ ဒီကနေ့ Chinese Restaurant Syndrome အဖြစ် လူအများရဲ့ စိတ်ဝင်စားသတ် မှတ်မှု ဖြစ်လာစေပြီး အချိုမှုန့်ကြောင့် ဖြစ်ပေါ်တယ်လို့ သူယူဆ တဲ့ ခံစားမှုလက္ခဏာတွေကိုလည်း Glutamate Syndrome Complex ရောဂါလက္ခဏာပေါင်းစုအဖြစ် သတ်မှတ်လူသိများ လာပါတော့တယ်။

MSG ဟာ ပရိုတိန်း အသားဓာတ်ထဲက Amino Acid တစ်မျိုးဖြစ်တဲ့ Glutamic Acid ရဲ့ ဓာတ်ပစ္စည်းပုံဆောင်ခဲ ဖြစ်တဲ့အတွက်ကြောင့် ပရိုတိန်း (Protein) အသားဓာတ်နဲ့ ဆက်စပ်တဲ့ အရာအားလုံးမှာ ပါဝင်နေလျက် ရှိပါတယ်။ လူ့ခန္ဓာ ကိုယ်ထဲမှာ သဘာဝအလျောက် ဖြစ်တည်နေသလို တခြားစား သောက်ကုန်ပစ္စည်းတွေမှာလည်း ပါဝင်လျက်ရှိပါတယ်။ ခရမ်း ချဉ်သီး၊ လက်ဖက်ရည်၊ မိခင်နို့ရည်၊ နှံပင်စေ့ထွက်ကုန်၊ ဘီစကွတ် မုန့်၊ အချိုရည်၊ ဒိန်ချဉ်၊ ဟင်းရွက်သုပ်၊ မှို၊ ဟင်းရွက် နဲ့ ရေခဲမုန့် ထဲမှာပင်လျှင် MSG ပါဝင်နေတတ်ပါတယ်။

MSG စားသုံးမှုနဲ့ ပတ်သက်လို့ ကင်ဆာရောဂါအပါအဝင် အသက် အန္တရာယ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ကြောင်းနဲ့ ဦးနှောက် အာရုံကြောစနစ်ကိုထိခိုက်စေပြီး ဆက်စပ်ရောဂါများ ရရှိစေနိုင် တဲ့ အကြောင်းနဲ့ဆက်စပ်ပြီး အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲကြီးကြပ်ရေးအဖွဲ့ (US FDA)၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့နဲ့ ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ အရသာ ဖြည့်စွက် ပစ္စည်းဆိုင်ရာ ပူးတွဲကျွမ်းကျင်ပညာရှင်များအဖွဲ့ Joint FAO/WHO Expert Committee on Food Additive(JECFA)၊ သြစတြေးလျ၊ နယူးဇီလန် အစားအစာ စံချိန်စံညွှန်း သတ်မှတ်ထိန်းသိမ်းရေးအဖွဲ့ Food Standard Australia New Zealand(FSANZ)၊ ဥရောပသမဂ္ဂအဖွဲ့ အစားအစာဘေး အန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့ (EU Food Safety Authority-EUFSA)၊ အမေရိကန်ပြည်ထောင်စု ဇီဝဗေဒ သုတေသနအဖွဲ့များ သမဂ္ဂ (The Federation of American Societies for Experimental Biology-FASEB) စတဲ့ နိုင်ငံတကာ အဆင့်သြဇာ အာဏာကြီး အဖွဲ့ အစည်းတွေအပြင် ပုဂ္ဂလိကအဖွဲ့အစည်းတွေဖြစ်တဲ့ MSG TruthSay No to MSGBattling MSGDr.Joseph Mercola ClinicMayo Clinic မှ ပညာရှင် Katherine ZeraskyInternational Glutamate Information Center United States Medical Establishment and Cancer IndustryResearchers from Washington University in St.LewisJournal of Neuropsychiatry and Clinical Neuroscience University of North Carolina စတဲ့ သုတေသနအဖွဲ့အစည်းများစွာကလည်း MSG ကို နှစ်လရှည်ကြာစားသုံးမှုဟာ အဝလွန်ခြင်း (Obesity)၊ သက်ကြီး အာရုံကြောနှင့် မှတ်ဉာဏ်လျော့ပါး ထိခိုက်မှုရောဂါ (Alzheimer’s Disease)၊ Parkinson’s Disease ၊ ကလေးငယ် အာရုံကြော၊ မှတ်သိဉာဏ်စွမ်းအင်လျော့နည်းထိခိုက်ခြင်းရောဂါ တွေ ဖြစ်တဲ့ ADHD-Attention Defisit Hypersensitivity Disorder ၊ ပန်းနာရောဂါ (Asthma)၊ နှလုံးလေသင်တုန်းဖြတ် ခြင်း (Stroke) ၊ ဆီးချိုရောဂါ (Diabetes)၊ သွေးတိုးရောဂါ (High Blood Pressure)၊ မျက်စိအမြင်ကွယ်ပျောက်ခြင်း (Blind) တို့နှင့် ဆက်စပ်ကြောင်း သိပ္ပံနည်းကျ လေ့လာတွေ့ရှိရ ကြောင်း ထုတ်ဖော်ကြေညာကြပါတယ်။

၂ဝဝ၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အီရတ်စစ်ပွဲမှာ MSG နဲ့ ပတ်သက်ပြီး စစ်ဆေးလေ့လာတွေ့ရှိချက်ဟာ အံ့သြတုန်လှုပ် စရာ အကောင်းဆုံး တွေ့ရှိချက်ဖြစ်ခဲ့ပါတယ်။ သဲကန္တာရ အပူချိန် ၁၁၅ ဒီဂရီဖာရင်ဟိုက်မှာ ပြောက်ကျားစစ် (Guerilla War) ကို တိုက်ခိုက်နေကြရတဲ့ အမေရိကန်စစ်သည်တွေဟာ MSG ပါဝင် တဲ့ ရိက္ခာတွေကို စားသောက်နေရသလို သကြားအစားထိုး ပစ္စည်းဖြစ်တဲ့ သကြားတုပါဝင်တဲ့ ကော်ဖီကို သောက်နေကြရပါ တယ်။ (ဒီကနေ့ မြန်မာနိုင်ငံဈေးကွက်ကို တရားဝင်တင်သွင်းဖြန့် ချိရောင်းချနေတဲ့ ကမ္ဘာကျော် အစားအသောက်လုပ်ငန်းကုမ္ပဏီ ကြီးတစ်ခုက ထုတ်လုပ်တဲ့ နာမည်ကျော် အသင့်ဖျော် ကော်ဖီ ထုပ်မှာ Aspartame (သကြားတု) ပါဝင်ထည့်သွင်းထားပါ ကြောင်း ကော်ဖီထုပ်ပိုးခွံ Packing ပေါ်မှာ အတိအလင်း ဖော်ပြ ပေးထားပါတယ်။) မူလက အမေရိကန်စစ်တပ်ရဲ့ ရိက္ခာတွေမှာ MSG မထည့်ခဲ့ပါဘူး။ နောက်ပိုင်းမှာ MSG ပါဝင်တဲ့ ဂျပန်စစ် တပ်က ရိက္ခာတွေဟာ အရသာထူးကဲ ကောင်းမွန်တာကို တွေ့ရှိ ပြီးတဲ့နောက်မှာ အမေရိကန်စစ်တပ်ရဲ့ ရိက္ခာတွေမှာ MSG ကို ထည့်သွင်းစီမံလာပါတယ်။

သုတေသနပြုလေ့လာချက်အရ MSG နဲ့ Aspartame ပေါင်းစပ်ပါဝင်မှုဟာ ပိုမိုအန္တရာယ်ကြီးမားတာကို တွေ့ရှိလာပါ တယ်။ MRE လို့ခေါ်တဲ့ Meal Ready to Eat အသင့်စားနိုင် အောင် စီမံထားတဲ့ အစားအစာတွေ Instant Foods ထဲမှာ MSG ပါဝင်တတ်ပြီး အဲဒါကိုစားပြီး Aspartame ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်ကို သောက်သုံးခဲ့ရင် အဲဒီက ထွက်ပေါ်လာတဲ့ ပစ္စည်းဟာ ဦးနှောက်မှာရှိတဲ့ Hypothalamus ခေါ်တဲ့ ဗဟိုချက် အစိတ်အပိုင်းကို ထိခိုက်စေပါတော့တယ်။ ဟာ အပူချိန်ကို ထိန်းညှိပေးခြင်း၊ ခက်ထန် ဒေါသစိတ်ကို ထိန်းချုပ်ခြင်း၊ ကြောက်ရွံ့စိတ်နဲ့ ထိတ်လန့်ချောက် ချားစိတ်ကို ထိန်းညှိပေးနိုင်တဲ့ ဦးနှောက်ရဲ့ အာရုံခံအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အဲဒီမှာ Glutamate မှာရှိတဲ့ Neurotoxicity ဓာတ်သက်ရောက်မှုကြောင့် ဦးနှောက်ဆဲလ် Brain Cell တွေ ပျက်စီးထိခိုက်မှု ဖြစ်ပေါ်စေပြီး အာရုံကြောစနစ်ကို ဖျက်ဆီးမှု ကြောင့် စစ်ပွဲအပြီး အီရတ်စစ်ပြန်ရဲဘော်တွေမှာ Amyotrophic Lateral Suerosis-ALS လို့ခေါ်တဲ့ ရောဂါ ဖြစ်ပေါ်လာပါတယ်။ ဒီရောဂါမှာ အာရုံခံအစိတ်အပိုင်း Neurons တွေ ပျက်စီးသွား တာကြောင့် ထိန်းချုပ်နိုင်တဲ့ ကြွက်သားပြင်တွေ Voluntary Controlled Muscle တွေကို မထိန်းချုပ်နိုင်တော့တဲ့ ရောဂါ ရရှိလာကြပါတယ်။ အသက်ရှူခက်ခဲတာ၊ အစားအစာကို မျိုမချ နိုင်တာ၊ ခြေလက်ကြွက်သားတွေ ဆုတ်ယုတ် အလုပ်မလုပ်နိုင် စွမ်းတာတွေ ဖြစ်ပေါ်သလို အာရုံခံသိမြင်မှုစွမ်းရည် ရှုပ်ထွေးပုံမှား ခြင်းတွေလည်း ဖြစ်ပေါ်လာတတ်ပါတယ်။

၁၉၉၂ မှာ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ စစ်ဘက်နဲ့ အရပ်ဘက်လေယာဉ်မှူး Pilot တွေ အားလုံးဟာ Aspartame ပါဝင်တဲ့ အရည်တွေကို မသောက်သုံးကြဖို့ သတိပေးချက် ထုတ် ပြန်တားမြစ်ထားပါတယ်။ စိတ်လှုပ်ရှားမှုပြင်းထန်ပြီး ဆုံးဖြတ် ချက်မှားယွင်းခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ပြီး လုပ်ဆောင်မှု စွမ်းရည် ကို ထိခိုက်လျော့နည်းစေခြင်းနဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှုက တစ်ဆင့် အာရုံမှား ကြားသိမြင်တွေ့ မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်းကို ကြိုတင်ကာကွယ်ဖို့ ဖြစ်ပါတယ်။ အချိုရည် (Soft Drink) တွေမှာ Neutrasweet လို့ခေါ်တဲ့ သကြားအစားထိုး အချိုဓာတ် တစ်မျိုး ထည့်သွင်းထုတ်လုပ်ခြင်းကို US FDA က သိပ္ပံပညာရှင် တွေက အပြင်းအထန် ကန့်ကွက်ထားပါတယ်။

၂ဝဝဝ ပြည့် John Hopkin’s သုတေသနဌာနရဲ့ လေ့လာ တွေ့ရှိချက်အရ MSG ဟာ Nervous System Stimulant အာရုံကြောစနစ်ကို လှုံ့ဆော်မှုပြုရာကနေ Nervous System Hypersensitivity အာရုံကြောစနစ် လွန်ကဲတုံ့ပြန်မှုကြောင့် ခန္ဓာကိုယ်အတွင်း ခုခံမှုစနစ် Immune System ကိုပါ ပြင်းထန် စွာ ထိခိုက်စေတာ တွေ့ရှိရပါတယ်။ တစ်ချိန်တည်းမှာ လူပုဂ္ဂိုလ် အချို့မှာ ပန်းနာရင်ကျပ်ရောဂါ (Asthma) နဲ့ အမှတ် ၂ ဆီးချို ရောဂါ (Type II Diabetes) ကိုပါ ဖြစ်ပေါ်စေဖို့ လှုံ့ဆော်အား ပေးနိုင်ကြောင်းကိုလည်း John Hopkin’s သုတေသနဌာနကပဲ စမ်းသပ်လေ့လာ တွေ့ရှိခဲ့ပါတယ်။

၁၉၉၅ မှာ The Federation of American Societies for Experimental Biology-FASEB အဖွဲ့ရဲ့ အစီရင်ခံစာ အရ ပန်းနာရင်ကျပ်ရောဂါ (Asthma) ကို ဂရုတစိုက် ကုသထိန်း သိမ်းမှု အားနည်းတဲ့ ရောဂါရှင်တွေဟာ MSG ပါဝင်တဲ့ အစား အစာတွေကို စားသုံးမိရင် ရောဂါအခြေအနေ ပိုပြီး ပြင်းထန် ဆိုး ရွားလာတာကို တွေ့ရှိရပြီး စားသုံးတဲ့ အစားအစာထဲက MSG ပါဝင်မှုစံညွှန်းဟာ ဝ.၅ ဂရမ်မှ ၂.၅ ဂရမ်ကို စားသုံးမိရင် အဲဒီလို တုံ့ပြန်မှုဖြစ်တတ်ကြောင်း လေ့လာတွေ့ရှိပါတယ်။ အဲဒီရောဂါရှင် တွေဟာ Glutamate Symton Complex လို့ခေါ်တဲ့ MSG ကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောဂါလက္ခဏာစုတွေကို ပိုမိုခံစားတုံ့ ပြန်ဖို့ လွယ်ကူတတ်ကြောင်း တွေ့ရှိရပါတယ်။ အဲဒါကြောင့် US FDA က အစားအစာတွေမှာ အဲဒီ စံညွှန်းသတ်မှတ်ချက်ထက် မြင့်မားတဲ့ MSG ထည့်သွင်းပါဝင်ထားရင် အစားအသောက် အညွှန်း (Food Label) မှာ မဖြစ်မနေ ထင်ရှားစွာ ဖော်ပြရမည် ဖြစ်ကြောင်း သတိပေးထားပါတယ်။

မျက်စိရောဂါတစ်မျိုးဖြစ်တဲ့ Glucoma (မျက်လုံးအိမ် အတွင်း ဖိအားများခြင်းကြောင့် အမြင်အာရုံ ကွယ်ပျောက်သွား ခြင်း)နှင့် Alzheimer’s Disease သက်ကြီးမှတ်သိ အာရုံထိ ခိုက်လျော့နည်းခြင်း ရောဂါတွေမှာ Beta Amyloid Protein ကြောင့် ဖြစ်တတ်ပြီး အဲဒီဓာတ်ပစ္စည်းဟာ ခန္ဓာကိုယ်ရဲ့ အာရုံခံ အစိတ်အပိုင်းတွေဖြစ်တဲ့ Neurons တွေကနေပြီး MSG နဲ့ Asparate (Aspartame မှ ဓာတ်ပစ္စည်း) ကြောင့် ဖြစ်ပေါ်တဲ့ Excitotoxicity အဆိပ်သင့်မှုကို ဖယ်ရှားရှင်းလင်းပစ်ဖို့ အား နည်းစေတာကို သုတေသနပြု တွေ့ရှိထားပါတယ်။

MSG စားသုံးမှုကြောင့် ရရှိနိုင်တဲ့ ရောဂါအန္တရာယ်တွေနဲ့ MSG စားသုံးမှုဟာ ဝေဖန်ပြောဆိုသလောက် ဘေးအန္တရာယ် ပြင်းထန်မှုမရှိပါကြောင်း လေ့လာသုတေသနတွေ့ရှိချက် နှစ်မျိုး စလုံးနဲ့ စပ်လျဉ်းတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရ အာဏာပိုင် သုတေ သနဌာနတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာ ချက်တွေကို အလျဉ်းသင့်သလို ဆက်လက်ဖော်ပြသွားပါမည်။ စာမျက်နှာကန့်သတ်ချက်ကြောင့် ယခုလမှာ ဒီလောက်အထိပဲ ခြုံငုံတင်ပြလိုက်ပါတယ်။ ။

(ဒေါက်တာစိုးခိုင်သည် အစားအစာနှင့် ဇီဝနည်းပညာ လေ့လာသူ သုတေသီ Researcher in Food Biotechnology တစ်ဦးဖြစ်သည်။)

၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ သုံးသပ်ချက် ဖြစ်ပါသည်။

ဇာနည်စိုးထွဋ် ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."