ကျော်ဇေယျမေးမြန်းသည်။
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁ (မော်ကွန်း)
ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်ရှိုးဟာ လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကြောင့် ရာထူးကဖယ်ရှားပေးရမယ့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။
ဒီနေ့ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးမှာ သူ့ကို စွပ်စွဲပြစ်တင်ဖို့မဲခွဲဆုံးဖြတ်ရာမှာ ၁၆ မဲ၊ ၄ မဲနဲ့ စွပ်စွဲပြစ်တင်သူတွေအစုအဖွဲ့ဘက်က ထောက်ခံမဲ ရရှိခဲပါတယ်။ သူဟာ မယ်စဲ့မဲဆန္ဒနယ်အမှတ်(၁)ရဲ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သလို ပြည်နယ်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။
ကယားပြည်နယ်နေ့ကျင်းပရာ အများပြည်သူပိုင်းကွင်းနဲ့ဆက်စပ်ဧရိယာမြေတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်ပေးခဲ့တဲ့ကိစ္စနဲ့ အရင်အစိုးရလက်ထပ်ကဝယ်ယူထားတဲ့စက်ယန္တရားတွေကို ငှားရမ်းလို့ရတဲ့ ငွေကြေးတွေကို ကိုယ်ပိုင်ငွေစားရင်းဖွင့်လှစ်ကာ သုံးစွဲခဲ့တာတွေကြောင့် လွှတ်တော်ဥက္ကဌက တာဝန်ပေးအပ်ကာ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။
ကျပ်သိန်းပေါင်း ငါးထောင်နီးပါးအထိ အလွဲသုံးမှု တွေ့ရှိထားတယ်လို့ ဖရူဆိုမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးသဲရယ်က မော်ကွန်းကို ပြောပါတယ်။
မော်ကွန်း။ ။ ဒီနေ့စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို လွှတ်တော်မှာ ဆုံးဖြတ်ကြတဲ့ အခြေအနေလေး ရှင်းပြပေးပါ။
ဦးသဲရယ်။ ။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကို လွှတ်တော်ဥက္ကဌကနေတစ်ဆင့် တင်သွင်းပါတယ်။ ပြီးတဲ့အခါ ဝန်ကြီးချုပ်ကို စွပ်စွဲတဲ့ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲနဲ့ ဆုံးဖြတ်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ အစီရင်ခံစာကို ထောက်ခံတာ ၁၆ မဲ၊ ကန့်ကွက်တာ လေးမဲ နဲ့ ကျနော်တို့ အစီရင်ခံစာ အောင်မြင်သွားပါပြီ။
မော်ကွန်း။ ။ ဒီတော့ဝန်ကြီးချုပ်က ရာထူးက ပြုတ်ပြီပေါ့။
ဦးသဲရယ်။ ။ အခုချက်ချင်းတော့ မပြုတ်သေးဘူး။ သို့ပေမယ့်လည်း ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရတော့ နိုင်ငံတော်သမ္မတကနေ သူ့ကိုဝန်ကြီးချုပ်တာဝန်ကနေ ရပ်စဲရမှာ ဖြစ်ပါတယ်။ နောက်အဆင့်နှစ်ဆင့် ထပ်ကျော်ရဦးမှာ ဖြစ်ပါတယ်။ ပထမတစ်ဆင့်ကတော့ လက်ရှိ ကျွန်တော်တို့တွေ့ရှိချက်အခြေအနေတွေကို လွှတ်တော်ဥက္ကဌကတစ်ဆင့် ပြည်ထောင်စု အစိုးရကို အစီရင်ခံရမှာ ဖြစ်ပါတယ်။ အဲဒီအခါ ဒီအစီရင်ခံစာအပေါ် မူတည်ပြီး လက်ရှိဝန်ကြီးချုပ်ကို တာဝန်က ရပ်စဲတယ်၊ မရပ်စဲဘူးဆိုတာက နိုင်ငံတော်သမ္မတရဲ့ ဆုံးဖြတ်ချက်ပါပဲ။
မော်ကွန်း။ ။ ဒီလိုဆိုရင် ဝန်ကြီးချုပ်ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရော ဆက်ရှိနေဦးမှာလား။
ဦးသဲရယ်။ ။ ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ သူဟာ မဖြစ်မနေ ဝန်ကြီးချုပ်ရဲ့ တာဝန်ကနေ ရပ်စဲခံရမှာ ဖြစ်တယ်။ လွှတ်တော် ကိုယ်စားလှယ်တာဝန်ကို ရပ်စဲတယ်၊ မရပ်စဲဘူးဆိုတာကတော့ နောက်တစ်ပိုင်းပေါ့လေ။ သက်သေထင်ရှားမှု ရှိတယ်။ နောက်ပြီးတော့ အဂတိမှုမြောက်နိုင်တယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့တာဝန်ကနေလည်း သူ့ကို ရပ်စဲနိုင်ပါတယ်။ ရပ်စဲခံရနိုင်ပါတယ်။
မော်ကွန်း။ ။ ဆရာတို့ စုံစမ်းစစ်ဆေးတဲ့အခါမှာ ဝန်ကြီးချုပ်ဟာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ သိရပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့ အစိုးရခေတ်မှာ လွှတ်တော်ရဲ့ ကြားနာစစ်ဆေးမှုကို မပူးပေါင်းတဲ့ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်အပေါ် ဘာများမှတ်ချက်ပေးချင်ပါသလဲ။
ဦးသဲရယ်။ ။ ဒါကတော့ သူဟာ ဥပဒေကို ချိုးဖောက်တယ်လို့ပဲ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဟာ ဥပဒေအတိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ နောက်ပြီးတော့မှ လေးစားလိုက်နာမှုမရှိတဲ့အပြင် ထပ်မံပြီးတော့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း စော်ကားသလို ဖြစ်သွားတဲ့အတွက် ဒါတွေဟာ သူဥပဒေကို ထပ်မံပြီးတော့ ချိုးဖောက်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။
မော်ကွန်း။ ။ စုံစမ်းစစ်ဆေးမှုမှာရော ဝန်ကြီးချုပ်ရဲ့ တစ်လွဲသုံးမှုတွေက ဘယ်လိုတွေ့ရှိရသလဲ။
ဦးသဲရယ်။ ။ ငွေကြေးအားဖြင့် ကျွန်တော်တို့ တွေ့တာက သိန်းပေါင်း ၄,၉၀၀ နဲ့ ၅,၀၀၀ ဝန်းကျင်လောက် တွေ့ရပါတယ်။ အဲဒီဟာကို သူသုံးခဲ့တဲ့ ခေါင်းစဉ်တွေကတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါတယ်။ နောက်ပြီးတော့ သူ့ပါဝင်ခဲ့တဲ့ပါတီအတွက်ကို သုံးခဲ့တဲ့ငွေကြေးတွေရှိတယ်။ နောက် ဒေသဖွံ့ဖြိုးရေးဆိုပြီး သုံးထားတဲ့ဟာတွေလည်း ရှိတာပေါ့။ ကျွန်တော်တို့ တွေ့ရှိချက်တွေထဲမှာ ထူးထူးခြားခြားပါလာတာကတော့ NLD ဗဟိုပါတီဝင်ဖြစ်တဲ့ ဦးဝင်းထိန်ရဲ့သမီး မင်္ဂလာဆောင်ပွဲမှာ လက်ဖွဲ့ နှစ်သိန်း ထည့်ဝင်ပါတယ်ဆိုတာဟာ စာရင်းမှာပါဝင်လာတာတွေ့ရတယ်။ ဒါတွေက စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ပါဝင်လာတဲ့ အချက်အလက်တွေပါ။ ဆိုတော့ ဒီဟာက သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ၊ ဦးဝင်းထိန်သမီး မင်္ဂလာဆောင်သွားတဲ့ကိစ္စမျိုးမှာ ဒီလိုငွေတွေကို မသုံးသင့်ဘူးလို့ ကျနော်ကတော့ သုံးသပ်မိပါတယ်။
မော်ကွန်း။ ။ ဖြည့်စွက်မှတ်ချက်ပေးပါဦး။
ဦးသဲရယ်။ ။ ကျွန်တော်တို့ ဒီလို လုပ်ခဲ့တယ်ဆိုတာဟာ ပါတီတစ်ခုကို တိုက်ခိုက်တာမျိုးမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာမျိုးတွေလည်း လုံး၀ မရှိပါဘူးဆိုတာတော့ ပြောချင်တယ်။ ဘာလို့လဲဆိုရင် အခုက ဝေဖန်မှုတွေ ရှိလာပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ဝေဖန်မှုတွေ ရှိလာပါတယ်။ အခုဟာက ကျွန်တော်တို့အနေနဲ့ ပါတီတစ်ခုနဲ့ တစ်ခုကြားမှာ တိုက်ခိုက်တာမျိုးမဟုတ်သလို ပုဂ္ဂိုလ်ရေးအရ လုပ်နေတာလည်း မဟုတ်ပါဘူး။ စွပ်စွဲပြစ်တင်တဲ့အထဲမှာ NLD ကိုယ်စားလှယ် သုံးယောက်အထိ ပါပါတယ်။ နောက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်မှာလည်း NLD ကိုယ်စားလှယ် နှစ်ယောက်အထိ ပါပြီးတော့ အခြားကြံ့ခိုင်ရေးတို့၊ တပ်မတော်သားကိုယ်စားလှယ်တို့ပါဝင်ပါတယ်။ အခကျွန်တော်တို့ လုပ်ခဲ့တာက ပါတီအရ လုပ်တာမဟုတ်သလို နိုင်ငံရေးအကျိုးအမြတ်ကို ရည်ရွယ်ပြီးတော့ လုပ်နေတာမဟုတ်ပါဘူး။ ဒါဟာ လွှတ်တော်ရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရဖြစ်ပြီးဆိုရင် လွှတ်တော်နဲ့ အစိုးရကြားမှာ အပြန်အလှန် ထိန်းကျောင်းမှုဆိုတာ မဖြစ်မနေရှိရမယ့် အရာတစ်ခုဖြစ်ပါတယ်။ အဲဒါမှလည်း ဒီမိုကရေစီစနစ်အထမြောက်မှာပေါ့။ အခုက ကယားပြည်နယ်လွှတ်တော်သက်တမ်းဟာလည်း သိပ်မကျန်တော့သလို အစိုးရသက်တမ်းဟာလည်း သိပ်မကျန်တော့တဲ့အခါကျတော့ ကျွန်တော်တို့ကလည်း တာဝန်ကျေချင်တာပေါ့လေ။ ဒီကိစ္စကို အခုမှ ကျွန်တော်တို့ ထလုပ်တာ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြင်ဆင်တာလည်း ကြာခဲ့ပါပြီ။ ၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာ ထွက်လာပြီးကတည်းက ကျွန်တော်တို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ ပြတ်ပြတ်သားသားဖြစ်ဖို့အတွက်ကို ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
#Dailynews