အကြွေးထဲမြုပ်တော့မယ့် အင်းသားခရမ်းချဉ်သမားများ

အကြွေးထဲမြုပ်တော့မယ့် အင်းသားခရမ်းချဉ်သမားများ

အင်းလေး – ၂၀၂၂ ဇွန် (မော်ကွန်း)

ကမ္ဘာကျော်ခရီးသွားနေရာတစ်ခုဖြစ်ပြီး တိုင်းပြည်ဝင်ငွေ နှစ်စဉ် ကျပ်ဘီလီယံနဲ့ချီ၀င်ခဲ့တဲ့ အင်းလေးကန်ထဲက ယိုင်နဲ့နဲ့တဲတစ်လုံးပေါ်မှာ အင်းသားတချို့ဟာ ဒီနှစ်မှာ ကျွန်းမျောခရမ်းချဉ်စိုက်ခင်းတွေ ကံဆိုးမိုးမှောင်ကျတဲ့အကြောင်းကို ခပ်ပေါပေါ အရက်ဖြူတွေမျှောချရင်း ညည်းတွားနေကြပါတယ်။

သူတို့ထဲက  အိမ်ထောင့်ကြီးရွာသား ကိုဇော်ဝင်းထွဋ်က ထရံကာတဲရဲ့ ပြူတင်းပေါက်ကနေ မြင်ရတဲ့ ကျွန်းမျောခရမ်းချဉ်ပင်တွေကိုကြည့်ရင်း “ဒီနှစ်အကြွေးတင်တာ တစ်အင်းလုံးပဲ” လို့ ဆိုလိုက်ပါတယ်။

အတူတူ ထိုင်နေတဲ့သူတွေအထဲ သူ့လို အရှုံးပေါ် ၊ အကြွေးတင်နေတဲ့ နောက်ထပ်အင်းသားနှစ်ယောက်ကလည်း အကြွေးတင်တာတစ်အင်းလုံးပဲလို့ ဝိုင်းထောက်ခံကြတယ်။

Photo: Mawkun

အင်းခရမ်းချဉ်ဆိုတာက မြေလတ်၊ အညာဒေသတို့ကစိုက်တဲ့ ခရမ်းချဉ်အမျိုးအစားနဲ့မတူဘဲ အင်းထဲကကျွန်းမျောပေါ် စိုက်ရပြီး အသီးကိုခွဲကြည့်လိုက်ရင် အရည်တွေလည်နေတာက သူတို့အင်းသီးလို့ ဂုဏ်ယူတဲ့ဟန်နဲ့ ပြောပြကြတယ်။

စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် ရိုက်ခတ်လာတဲ့ ဓာတ်မြေဩဇာဈေးမြင့်တက်မှုတွေ၊ ဖောက်ပြန်တဲ့ရာသီဥတုနဲ့ ခိုင်မာတည်ငြိမ်တဲ့ဈေးမဟုတ်ဘဲ ဘယ်အချိန် ဘယ်ဈေးထဖြစ်မလဲမသိတဲ့ ဈေးနှုန်းတွေကြောင့် ကိုဇော်ဝင်းထွဋ်တို့ဟာ ခရမ်းချဉ်စိုက်ရတာ ကံစမ်းမဲနှိုက်တာထက်ဆိုးတယ်လို့ ဆိုကြတယ်။

အကြွေးနဲ့ဝယ်ထားကြတဲ့ မြေဆီဩဇာ၊ မျိုးစေ့ဖိုးတွေအပြင် ကံဆိုးမိုးမှောင်ကျချင်တော့ အခုနှစ်မှာ မိုးသီးကြွေကျလို့  ခရမ်းချဉ်စိုက်ခင်းတွေ အထိနာကြပြန်တယ်လို့ ထပ်ပြောကြတယ်။ မိုးများလိုက် နေပူလိုက်ဖြစ်တာကြောင့် အပင်တွေပျက်စီးပြီး ခြောက်ကပ်ကာ မှိုကျကုန်တာမျိုးလည်းရှိပါတယ်။ အဲဒီလိုဖြစ်တာကို လောင်ကျတယ်လို့ ဒီဒေသမှာခေါ်ကြတယ်။ 

သီးနှံပေါ်ချိန်မှငွေရှင်းစနစ်နဲ့ ပွဲစားတွေ၊ ငွေတိုးချေးသူတွေဆီကနေ သွင်းအားစုတွေကို ကြိုယူထားတာတွေကြောင့်လည်း အင်းသားတွေ အကြွေးနွံနစ်မယ့်အခြေအနေနဲ့ကြုံနေကြရပါတယ်။

အင်းလေးကန်တည်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ ကျေးရွာပေါင်း ၄၄၄ ရွာရှိတဲ့အထဲက ရွာပေါင်း ၁၃၆ ရွာဟာ ခရမ်းချဉ်ကျွန်းမျောစိုက်ပျိုးကြတယ်လို့ ညောင်ရွှေမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။ 

အဲဒီရွာတွေမှာ ခရမ်းချဉ်ကျွန်းမျောစိုက်တောင်သူ လေးထောင်နီးပါးရှိပြီး ကျွန်းမျောစိုက်ဧကပေါင်း ခြောက်ထောင်ကျော်ရှိပါတယ်။ ဒီဒေသကနေ ခရမ်းချဉ်သီးတစ်နှစ်ပျမ်းမျှအထွက်နှုန်းဟာ တစ်ဧကကို တင်း ၄၅၀ ကနေ ၇၀၀ အတွင်းထွက်တယ်လို့ အထက်ပါ တာဝန်ရှိသူကပြောပြတယ်။

“ဈေးမကောင်းရင် အပင်သက်တမ်းမကုန်သေးဘူး၊ ခူးတာရပ်လိုက်တာ။ ထပ်ခူးရင်လည်း လူငှားခနဲ့ ကုန်ကျစရိတ် တွက်ချေမကိုက်တော့ရပ်လိုက်တာ။ သာမာန် ၁၅ ကြိမ်ခူးမယ့်သူက နှစ်ကြိမ်သုံးကြိမ်နဲ့ ရပ်လိုက်တာ။ ဈေးကောင်းရင်တချို့ဆို အကြိမ်နှစ်ဆယ်လောက်အထိ ခူးနိုင်တာလေ။ အဲ့ဒါဆိုရင် အထွက်ကပိုများသွားတာပေါ့” လို့ စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူက ထပ်ရှင်းပြပါတယ်။

ပထမအကြိမ်မှာ အထွက်ကောင်း၊ ဈေးကောင်းနဲ့ကြုံပြီဆိုမှ နောက်အကြိမ်တွေမှာ ထပ်ထည့်ရမယ့် မြေဩဇာဖိုး၊ အလုပ်သမားဖိုးတွေကို ကာမိနိုင်မှာဖြစ်လို့ အစမကောင်းရင် အဆုံးထိမြုပ်နိုင်တယ်လို့ ကိုဇော်ဝင်းထွဋ်တို့ လူစုကလည်းရှင်းပြပါတယ်။

(ပုံစာ – လောင်ကျနေသောခရမ်းချဉ်သီးများ) Photo: Mawkun

အစမကောင်းလို့ အနှောင်းမသေချာ

ဒီနှစ်တော့ မိုးသီးထိထားတဲ့ အင်းခရမ်းချဉ်တွေဟာ တာထွက်မှာတင် အထွက်မကောင်းတော့ဘဲ ပွဲသိမ်းလုနီးပါးဖြစ်သွားလို့ နောက်အကြိမ်တွေအတွက် မြေဩဇာထပ်မထည့်နိုင်ကြတော့ပါဘူး။

ခရမ်းချဉ်တွေကို ရောင်းထုတ်မယ့်အချိန်မှာ ဈေးကလည်းအသင့်အတင့်လောက်ပဲရှိနေတဲ့အပြင် အခင်းပျက်တာကြောင့် မခူးကြတော့ဘဲ ပစ်ထားတဲ့ကျွန်းမျောတွေ တသီတတန်းကြီးလို့ ပြောပြကြတယ်။

ခူးမယ့်အလုပ်သမားတွေကို အမျိုးသမီးဆို ကျပ်ငါးထောင်၊ အမျိုးသားဆိုကျပ်ခုနစ်ထောင်ကနေ တစ်သောင်းအထိ စိုက်တဲ့နေရာအနီးအဝေးပေါ်မူတည်ပြီး နေ့စားခပေးရပါတယ်။ ဒါ့အပြင် မြင့်တက်လာနေတဲ့ စက်သုံးဆီဈေးကြောင့် စက်လှေလည်းမခေါ်တော့ဘဲ ဒီအတိုင်း စိုက်ခင်းကိုအပျက်ခံကြတယ်လို့ ဆိုကြပါတယ်။

ခရမ်းချဉ်ဈေးကောင်းနဲ့ အချိန်ကိုက်မမီတာ၊ ရာသီဥတုဖောက်ပြန်တာတွေအပြင်  COVID -19 ကပ်ရောဂါတွေကြောင့်လည်း ၂၀၂၁ အရှေ့ပိုင်း လေးနှစ်ဆက်တိုက်လောက်ရှုံးထားပြီး မနှစ်ကတော့ ဈေးကောင်းရလို့ ခံသာခဲ့တယ်လို့ အင်းသားတွေကဆိုကြပါတယ်။

အိမ်ထောင့်ကြီးရွာသား ကိုဖိုးလွန်းရဲ့အခင်းဆိုရင် ဒီနှစ်အတွက် စုစုပေါင်းကုန်ကျထားတာဟာ ကျပ်သိန်း ၇၀ ကျော်ဖိုးရှိပြီး ၂၃ သိန်းဖိုးလောက်ပဲ ပြန်ရခဲ့တယ်လို့ သူကပြောပြပါတယ်။

ဈေးနှစ်ဆတက်လာတဲ့မြေဩဇာ

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာ ကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး အခြေခံစားသောက်ကုန်တွေအပါအဝင် စိုက်ပျိုးရေးသမားတွေအတွက် အဓိကသွင်းအားစုတွေဖြစ်တဲ့ မြေဩဇာ၊ ပိုးသတ်ဆေးစတာတွေလည်း ဈေးတက်လာပါတယ်။ 

အရင်က မြေဩဇာတစ်အိတ်ကို ကျပ်လေးသောင်းကနေ ငါးသောင်းဝန်းကျင်သာရှိပြီး အခုနှစ်မှာတော့ တစ်သိန်းဝန်းကျင်ရှိနေတယ်လို့ မြေဩဇာအရောင်းဆိုင်တွေက ဆိုကြပါတယ်။

“အခုက ဒေါ်လာဈေးတွေ ကမောက်ကမဖြစ်လာပြီးတော့ ဈေးတွေတက်၊ ထိန်းလည်းမထိန်းကြတော့ အဲဒီလိုဖြစ်နေတာ” လို့ အင်းတိန်ရွာမှာ မြေဩဇာဆိုင်ဖွင့်ထားတဲ့ ကိုအောင်သူနိုင်ကပြောပါတယ်။

အငြိမ်းစား စိုက်ပျိုးရေးပညာရှင်တစ်ဦးက ဓာတ်မြေဩဇာဈေးတွေ နှစ်ဆနီးပါးတက်ကုန်တာကြောင့် တောင်သူတွေအနေနဲ့ ဈေးသက်သာပြီး ထိရောက်မှုရှိတဲ့ သဘာဝမြေဩဇာတွေ ပိုသုံးသင့်တယ်လို့ ထောက်ပြပါတယ်။ တောင်သူတွေကို သဘာဝမြေဩဇာ၊ ပိုးသတ်ဆေးသုံးဖို့ အသိပညာပေးမှုတွေ လိုအပ်နေသေးတယ်လို့လည်း သူကဆက်ပြောပါတယ်။

ခရမ်းချဉ်တစ်ဧကဝန်းကျင်စိုက်ထားတဲ့ ကေလာရွာက ကိုမျိုးသန့်ဟာ သီးနှံအထွက်တိုးဖို့ အရင်နှစ်က  ၁၀ ရက်တစ်ခါ မြေဩဇာသုံးအိတ်အသုံးပြုခဲ့ပြီး အခုတော့ တစ်အိတ်ခွဲပဲသုံးနိုင်ပါတော့တယ်။ 

အခုလိုမြေဩဇာလျှော့သုံးရတဲ့အတွက် “အရင်ကလောက်တော့ အသီးမထွက်နိုင်ဘူးပေါ့။ မြေဩဇာမထည့်နိုင်တော့လို့” လို့ သူကပြောပါတယ်။

သူ့စိုက်ခင်းဟာ ပြီးခဲ့တဲ့နှစ်က ခရမ်းချဉ် တင်းငါးဆယ်ကနေ တစ်ရာအတွင်းထွက်ပေမယ့် အခုနှစ်မှာတော့ ဘယ်လောက်ထွက်မယ်ဆိုတာမသိသေးဘူးလို့ ဆိုပါတယ်။


(ပုံစာ – ဒီနှစ်မှာ မိုးသီးစခူးတဲ့ တန်ခူးလ(ဧပြီ) မှာပဲ ဈေးကောင်းမရလို့ တောင်သူတွေ အရှုံးပေါ်နေကြပါတယ်။) Photo: Mawkun

သီးနှံပေါ်ချိန် ဈေးကောင်းမရ

အင်းလေးဒေသမှာ ခရမ်းချဉ်အပြင် စပါး၊ ခရမ်းသီး၊ ကြက်သွန်၊ ပန်း၊ သခွား၊ ဂေါ်ဖီစတဲ့သီးနှံတွေလည်း အများအပြားစိုက်ပျိုးပါတယ်။

ခရမ်းချဉ်သီးကို မိုးသီးနဲ့ဆောင်းသီး နှစ်သီးစိုက်ကြပြီး မိုးသီးကို တပေါင်းလ(မတ်)မှာစိုက်ပြီး ဆောင်းသီးကိုတော့ ဝါခေါင်လ(ဩဂုတ်)မှာစိုက်ပါတယ်။ 

စစိုက်ပျိုးတဲ့အချိန်ကနေ အသီးသီးချိန်အထိ နှစ်လဝန်းကျင်ကြာတတ်ပါတယ်။ အသီးခူးချိန်ဟာ လေးလဝန်းကျင်ရှိပြီး ၁၀ ရက်တစ်ခါ၊ ၁၅ ရက်တစ်ခါဆိုသလို ခူးကြတယ်လို့ ဒေသခံတောင်သူတွေက ဆိုကြပါတယ်။

အင်းလေးဒေသကထွက်တဲ့ ခရမ်းချဉ်သီးတွေကို ရန်ကုန်နဲ့ မန္တလေးဘက်ကို အများဆုံးပို့တာလို့ ညောင်ရွှေမြို့ပေါ်က ခရမ်းချဉ်သီးဒိုင်တွေကဆိုပါတယ်။

ဒီနှစ်မှာ မိုးသီးစခူးတဲ့ တန်ခူးလ(ဧပြီ) မှာပဲ ဈေးကောင်းမရလို့ တောင်သူတွေ အရှုံးပေါ်နေကြပါတယ်။ ဧပြီလအတွင်းမှာ တစ်တင်း(၃၁ပိဿာ)ကို ကျပ်သုံးထောင်ကနေ ငါးထောင်အတွင်းပဲရှိပါတယ်။

“သီးနှံထွက်ပြီး ဈေးမရှိတော့ အရင်းတောင်ပြန်မဖော်နိုင်ဘူး” လို့ ကိုဇော်ဝင်းထွဋ်က ပြောပါတယ်။

အခြားဒေသတွေက ခရမ်းချဉ်သီးနဲ့ အင်းလေးဒေသကခရမ်းချဉ်သီး တစ်ပြိုင်တည်းထွက်ချိန်မှာ သီးနှံဈေးကျပြီး အခြားဒေသတွေက အထွက်ကျတဲ့အချိန်မှာ အင်းခရမ်းချဉ်သီးက ဈေးပြန်တက်တတ်တယ်လို့ ညောင်ရွှေမြို့ပေါ်က ခရမ်းချဉ်သီးပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

မေလနှောင်းပိုင်းမှာတော့ ခရမ်းချဉ်သီးတစ်တင်းကို ကျပ် ၂၂,၀၀၀-၂၃,၀၀၀အထိ(လေးဆနီးပါး) ဈေးပြန်တက်လာတယ်လို့ သူကဆက်ပြောပါတယ်။

ဈေးကောင်းရချိန် သီးနှံထွက်မကောင်း

အခုလက်ရှိဇွန်လမှာ ခရမ်းချဉ်ဈေးတဖြည်းဖြည်းပြန်တက်လာပေမယ့် ရာသီဥတုမမှန်တာကြောင့် အပင်တွေလောင်ကျပြီး ဈေးကောင်းမရနိုင်တော့သလို အသီးထွက်နှုန်းလည်းကျသွားတယ်လို့ ခရမ်းချဉ်ကျွန်းမျော ငါးဧကဝန်းကျင်စိုက်ထားတဲ့ အိမ်ထောင့်ကြီးရွာက ဦးစိုးရွှေကဆိုပါတယ်။

“ပထမပိုင်း ကျွန်တော်တို့အသီးထွက်တယ်၊ ဈေးပေါတယ်။ အခုဈေးတွေက ပြန်ကောင်းနေတာပေါ့၊ အသီးကမထွက်တော့ဘူးဗျ။ လောင်ကျတယ်။ ရာသီဥတုမကောင်းလို့” လို့သူကပြောပါတယ်။

သီးနှံပွဲရုံတွေဟာ ရောင်းပန်းလှတဲ့အသီးတွေကိုတော့ လက်ရှိပေါက်ဈေးအပေါ်မူတည်ကာ ဝယ်ကြပြီး လောင်ကျလို့ အသီးမလှ၊ ရောင်းပန်းမလှတဲ့အသီးတွေကိုတော့ ဈေးလျှော့ဝယ်ကြပါတယ်။

“မိုးရွာလိုက်နေပူလိုက်ဆိုတော့ အသီးတွေက အစက်အစက်ကလေးတွေပါတာ၊ ရောဂါကျတာပေါ့။ အဲ့ဒီရောဂါကျတဲ့အသီးဆို (တစ်တင်းကို ကျပ်) တစ်သောင်းငါးထောင် အဲ့လိုဝယ်တယ်” လို့ ညောင်ရွှေက ခရမ်းချဉ်ပွဲရုံ ပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။

အင်းလေးကန်ထဲက ခရမ်းချဉ်ကျွန်းမျောစိုက်ပျိုးကြတဲ့ရွာတွေကို မော်ကွန်းက ကွင်းဆင်းလေ့လာခဲ့ရာမှာ လောင်ကျတာကြောင့် အပင်စိမ်းတွေနဲ့ ခြောက်ကပ်နေတဲ့အပင်တွေရောနေပြီး အသီးတွေပျက်စီးနေတာကို မြင်ခဲ့ရပါတယ်။

သီးနှံထွက်လို့ ကုန်စည်ဒိုင်တွေဆီပို့ချိန်မှာလည်း လက်ရှိကာလ စက်သုံးဆီဈေးတက်တာကြောင့် သယ်ယူစရိတ်ကလည်း နှစ်ဆမြင့်တက်သွားပါတယ်။ 

အရင်က လှေနဲ့သယ်ယူခ ခရမ်းချဉ်တစ်တင်းကို ကျပ်ငါးရာသာပေးရပြီး အခုတော့ တစ်ထောင်အထိ မြင့်တက်သွားတာကြောင့် ကုန်ကျတာနဲ့ ပြန်ရတာ မကာမိတော့ဘူးလို့ ခရမ်းချဉ်စိုက်တောင်သူအများစုက ပြောကြပါတယ်။

(ပုံစာ – စက်သုံးဆီဈေးတက်တာကြောင့် သယ်ယူစရိတ်ကလည်း နှစ်ဆမြင့်တက်သွားပါတယ်။) Photo: Mawkun

သီးနှံစိုက်ဖို့ ငွေတိုးယူ

အင်းလေးဒေသမှာ စိုက်ပျိုးရေးလုပ်တဲ့တောင်သူအများစုဟာ အရင်းနှီးမတတ်နိုင်ကြပါဘူး။ လိုအပ်တဲ့ ငွေ၊ မြေဩဇာ၊ မျိုးစေ့ စတာတွေကို ငွေလုံးငွေရင်းရှိတဲ့သူတွေ၊ ပွဲစားတွေ၊ ဒိုင်တွေဆီကနေ အတိုးနဲ့ ယူပြီး စိုက်ကြပါတယ်။

ခရမ်းချဉ်ကျွန်းမျောတစ်ဧကစိုက်မယ်ဆိုရင် ယင်းတိုင်(ဝါးတိုင်)၊ မျိုးစေ့၊ လူငှားခ၊ မြေဩဇာ၊ ပိုးသတ်ဆေး စတာတွေအတွက် ငွေကျပ်သိန်းခုနစ်ဆယ်ဝန်းကျင် ရင်းရတယ်လို့ ဆိုပါတယ်။

အတိုးနဲ့ ငွေချေးယူရာမှာ ခြောက်ကျပ်၊ ခုနစ်ကျပ်တိုးကနေ ၁၀ ကျပ်တိုးဝန်းကျင်အထိ ပေးကြရပြီး မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့စတာတွေယူရာမှာလည်း ပုံမှန်ပေါက်ဈေးထက် ပိုပေးကြရပါတယ်။

ပွဲစားဆီကနေ ခြောက်ကျပ်တိုးနဲ့ သိန်းနှစ်ဆယ်ကျော် ငွေတိုးယူထားတဲ့ အိမ်ထောင့်ကြီးရွာက တောင်သူတစ်ဦးက သူတို့တွေရဲ့အဖြစ်ကို အခုလိုပြောပြပါတယ်။

“အခုက သီးနှံကမကောင်း၊ ဈေးလည်းမကောင်းဘူး။ သူတို့(ပွဲစားတွေ)ကို လုပ်ကျွေးနေရသလိုပဲ။ သူတို့က ဆင်ပိန်ရင် ကျွဲဝတာလောက်တော့ရှိသေးတာပေါ့။ ကျွန်တော်တို့က သီးနှံဈေးကောင်းမှ ကျန်မှာ”

တကယ်တော့ ခရမ်းချဉ်စိုက်ရာသီတိုင်းမှာ  သီးနှံထွက်၊ မထွက်မသေချာသလို ဈေးကောင်းရ၊ မရကလည်း မရေရာဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။ 

“ကျွန်တော်တို့က ကံစမ်းမဲနှိုက်ရသလိုပဲ။ ကံစမ်းမဲကလည်းများတယ်။ ပေါက်မပေါက်မသေချာဘူး” လို့ တောင်သူ ဦးစိုးရွှေက ပြောပြပါတယ်။

အခုနှစ်ခရမ်းချဉ်ရာသီမှာတော့  သီးနှံအထွက်မကောင်းလို့ တောင်သူတွေဟာ ယူထားတဲ့ငွေတိုးတွေ ပြန်ဆပ်ဖို့တောင် ခက်ခဲတယ်လို့ပြောကြပါတယ်။ 

ကိုမျိုးသန့်က သူ့ခရမ်းချဉ်ကျွန်းမျောတစ်ဧကစာအတွက် အခုနှစ်မှာ ကျပ်သိန်းခုနစ်ဆယ်ရင်းထားပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းက တစ်သီးစခူးရာမှာ ၁၄ တင်းသာရလို့ ငွေကျပ်လေးသိန်းပဲပြန်ရသေးတယ်လို့ ဆိုပါတယ်။

အင်းသား“လူမိုက်”များ

ဒီနှစ်မှာတော့ အသီးကောင်းချိန် ဈေးမကောင်း၊ ဈေးကောင်းချိန် အသီးအထွက်မကောင်းတာကြောင့် အရင်းပြန်ရ၊ မရမသေချာဘဲ ခဲလေသမျှ သဲရေကျရမယ့် အဖြစ်မျိုးကြုံနေရပါတယ်။ 

တောင်သူတွေအဆင်ပြေအောင် ဈေးကွက်ရေရာသေချာတဲ့အချိန်ကို တွက်ချက်ပြီး တစ်သီးကို ပိုင်ပိုင်နိုင်နိုင်နဲ့ အမြတ်ကျန်အောင်လုပ်ဖို့ လိုအပ်လာပြီလို့ စိုက်ပျိုးရေးပညာရှင်တစ်ဦးကဆိုပါတယ်။

“အခုလိုနှစ်သီးထုတ်လုပ်မယ့်အစား ဈေးကွက်ရေရာသေချာတဲ့ အချိန်ကာလကိုတွက်ချက်ပြီး တစ်သီးကို ပိုင်ပိုင်နိုင်နိုင်အထွက်နှုန်းကောင်းကောင်းနဲ့ အမြတ်များများကျန်ဖို့ လိုအပ်လာပြီ။ ဆိုလိုတာက မိုးသီးထက် နွေသီးကပိုထွက်နိုင်ရင် နွေသီးကိုဦးစားပေး ဒါမှမဟုတ် အလှည့်ကျစိုက်ပျိုးတာတွေပြောင်းလဲ ဆောင်ရွက်ဖို့ အကြံပေးလိုပါတယ်”လို့ သူကရှင်းပြပါတယ်။

ဘိုးစဉ်ဘောင်ဆက် ခရမ်းချဉ်ကျွန်းမျောစိုက်တဲ့ အလုပ်ကိုလုပ်လာခဲ့တဲ့ အိမ်ထောင့်ကြီးရွာသား ကိုဇော်ဝင်းထွဋ်ကတော့ ဘဝတူအခြားအင်းသားတွေလိုပဲ ဒီနှစ်မှာအရှုံးပေါ်နေပေမယ့်လည်း နောက်လာမယ့်ခရမ်းချဉ်ရာသီမှာ ငွေတိုးယူပြီး ထပ်စိုက်ဖို့တွေးနေကြောင်း အခုလိုပြောလိုက်ပါတယ်။ 

“ကျွန်တော်တို့အင်းသားတွေက လူမိုက်တွေဗျ။ မိုက်လို့ မိုးမမြင်လေမမြင်နဲ့ ခရမ်းချဉ်စိုက်နေကြတာ” 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."