ဟွာမန်အထည်ချုပ်စက်ရုံသပိတ် ဆုံးဖြတ်ချက်ပေးနိုင်သည့် တရုတ်နိုင်ငံမှစက်ရုံပိုင်ရှင်အား ဧရာဝတီတိုင်းအစိုးရဆက်သွယ်နေ

ဟွာမန်အထည်ချုပ်စက်ရုံသပိတ် ဆုံးဖြတ်ချက်ပေးနိုင်သည့် တရုတ်နိုင်ငံမှစက်ရုံပိုင်ရှင်အား ဧရာဝတီတိုင်းအစိုးရဆက်သွယ်နေ

အောင်ပိုင် ၊ ဇန်နဝါရီ ၆

ကန်ကြီးထောင့်မြို့နယ်၊ ဟွာမန်အထည်ချုပ်စက်ရုံ သပိတ်မှောက်အလုပ်သမားများအတွက် ဆုံးဖြတ်ချက်ပေးနိုင်သည့် စက်ရုံပိုင်ရှင်နှင့် တွေ့ဆုံနိုင်ရေး ဆောင်ရွက်နေသည်ဟု ဧရာဝတီတိုင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့မနက်ပိုင်းက မော်ကွန်းကို ပြောသည်။

လက်တလောတွင် ယင်းစက်ရုံပိုင်ရှင်၊ တရုတ်နိုင်ငံသားကို ဆက်သွယ်လျက်ရှိပြီး အလုပ်သမားများကို ဇန်နဝါရီ ၈ ရက်နောက်ဆုံးထား အကြောင်းပြန်နိုင်အောင် ကတိပေးထားသည်ဟု ၎င်းကဆိုသည်။

“စက်ရုံရဲ့ ရှယ်ရာအများဆုံးကိုင်ထားတဲ့သူက တရုတ်ပြည် ရှန်ဟိုင်းမှာနေတယ်လို့ သိထားတယ်။ သူကမှ အဓိက ဆုံးဖြတ်ချက်ပေးနိုင်တာဆိုတော့ သူ့ကိုဆက်သွယ်ဖို့ လုပ်နေတယ်။ ဒီတစ်လအတွင်းမှာ ဗမာပြည်ကို တစ်ခေါက်မှ ရောက်မလာဘူးလို့ သိရတယ်။ ဒီစက်ရုံမှာ ရှိနေတဲ့သူတွေနဲ့က ဘယ်လိုမှ ညှိနှိုင်းလို့အဆင်မပြေဘူး။” ဟု ၎င်းက ပြောသည်။

ကန်ကြီးထောင့်မြို့နယ်မှ ယင်းအထည်ချုပ်စက်ရုံအလုပ်သမားများသည် အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ ဌာနအပြောင်းအရွှေ့လုပ်ခြင်း၊ အကြိုအပို့ကားမရှိခြင်း၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအား အကြောင်းရှာခံဝန်လက်မှတ်ထိုးခိုင်းခြင်း၊ အခြားစက်ရုံများနဲ့ နှုန်းထားတူ ရက်မှန်ကြေးမရခြင်း စသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရသည်ဟုဆိုကာ သပိတ်မှောက်တောင်းဆိုနေသည်မှာ တစ်လကြာမြင့်ခဲ့ပြီဖြစ်သည်။

ဇန်နဝါရီ ၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့သို့ အလုပ်သမားများ ချီတက်သပိတ်မှောက်ကြရာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က အလုပ်ရှင်ကို ဆက်သွယ်ပြီး အကြောင်းပြန်ပေးမည်ဟု ကတိပေးခဲ့ကြောင်း လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်ဌေးက မော်ကွန်းကိုပြောသည်။

အလုပ်သမားကိုယ်စားလှယ် ဒေါ်ခခက စက်ရုံတွင်းအဆင့်၊ မြို့နယ်အဆင့်၊ ခုံသမာဓိအဆင့် စသဖြင့် အဆင့်ဆင့်ညှိနှိုင်းခဲ့သော်လည်း အဓိကကျသည့် တောင်းဆိုချက်များ ကျန်ရှိနေကာ ယခုအချိန်အထိ ပြေလည်အောင်ညှိနှိုင်းမပေးနိုင်ကြတာကြောင့် ဆက်လက်သပိတ်မှောက်နေခြင်းဖြစ်သည်ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဟွာမန်အထည်ချုပ်စက်ရုံတွင် အလုပ်သမားအရေအတွက် တစ်ထောင်ဝန်းကျင်ရှိပြီး သပိတ်မှောက်ရာတွင် အလုပ်သမားငါးရာကျော်ပါဝင်သည်ဟု ၎င်းကပြောသည်။

Photo – Supplied


#dailynews


 

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."