ဇေယျာမြင့်၊ရန်ကုန်။
ဇန်နဝါရီ-၈
တနင်္သာရီတိုင်းဒေသကြီး၊ ပင်လယ်ပြင်အတွင်းက ကျွန်းတွေမှာ ဟိုတယ်တည်ဆောက်ခွင့်တွေပြုပြီး ခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်တဲ့အခါ ဒေသခံလူနည်းစု တိုင်းရင်းသားတွေဖြစ်တဲ့ ဆလုံတွေနေတဲ့ ကျွန်းတွေကို ချန်လှပ်အကောင်အထည် ဖော်မယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနက ညွန်ကြားရေးမှူးက ပြောတယ်။
” ဆလုံယဉ်ကျေးမှုတွေထိန်းသိမ်းဖို့၊ ဆလုံတွေရဲ့ ရိုးရာလုပ်ငန်းတွေ မထိခိုက်အောင်နဲ့ ထိန်းသိမ်းဖော်ထုတ်ဖို့ အစီအစဉ် ရှိပါတယ်” လို့ ညွန်ကြားရေးမှူး ဦးမျိုးမြင့်ကပြောပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဟာ တနင်္သာရီတိုင်းဒေသကြီး၊ ကပ္ပလီပင်လယ်ပြင်အတွင်းက ကျွန်းတစ်ကျွန်း မှာ ဟိုတယ်တစ်လုံးတည်ဆောက်ပြီး ခရီးသွားလာရေးကဏ္ဍမြှင့်တင်မယ့် အစည်းအဝေးကို မနေ့တုန်းက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ သဘာဝအတိုင်းတည်ရှိနေသေးပြီး သာယာလှပတဲ့ ဒီဒေသကကျွန်းတွေမှာ ခရီးသွားစီမံကိန်းတွေ ဖော်ဆောင်ဖို့ မဟာဗျူဟာတွေ ရေးဆွဲကြဖို့လည်း ဆွေးနွေးခဲ့ ကြပါတယ်။
ဝန်ကြီးဌာနအနေနဲ့ တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင်အတွင်းက ကျွန်း ၁၄ ကျွန်းပေါ်မှာ ဟိုတယ်စီမံကိန်းတွေ ဖော်ဆောင်ကြဖို့ ကုမ္ပဏီ ၁၁ ခုကို ခွင့်ပြုထားတယ်လို့ ဦးမျိုးမြင့်က ပြောပါတယ်။
ပုံစာ-တနသ်ာရီဒေသ ပင်လယ်ပြင်က ဆလုံရွာတစ်ရွာ။
ဓာတ်ပုံ-မော်ကွန်း

