ဟင်္သာတ – ၂၀၂၂ ဖေဖော်ဝါရီလ ၁၀ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်၊ လေတပ် ဗိုလ်မှူး ဇင်မင်းထင်ကျော်ရဲ့ မိသားစုဝင်တွေနေထိုင်ရာ ဟင်္သာတမြို့၊ ရွှေစေတီလမ်းက အိမ်မှာ ဒီကနေ့ နံနက် ၅ : ၀၀ နာရီကျော်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗိုလ်မှူးရဲ့မိသားစုဟာ ဆိပ်သာတိုက်နယ်၊ သဲရိုးအရှေ့စုကျေးရွာကနေ ဟင်္သာတမြို့ပေါ်ကိုပြောင်းရွှေ့လာပြီးနောက် မကြာခင်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံကဆိုပါတယ်။
“ သူတို့က ရွာကနေ မြို့ပေါ်ကိုပြောင်းလာတာ မကြာသေးဘူး၊ ဒီမနက်ပိုင်း အဲ့အိမ်မှာ ဗုံးကွဲတာ အသံတော် တော်တော်ကျယ်တယ်”လို့ ဒေသခံက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူနဲ့ အိမ်ထိခိုက်ပျက်စီးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ အာဏာသိမ်းစစ်တပ်၊ တပ်သားတွေဟာ လမ်းပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟင်္သာတမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ရဲ့ အရာရှိမိသားစုနေအိမ် ဗုံးခွဲခံရတာ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။