သွယ်လျဝိတ်ကျသွားသောလူ့အခွင့်အရေးလှုပ်ရှားသူများ

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Satire ဖြစ်ပါသည်။

ရန်လိုကျွဲရေးသည်

အထင်ကရ ပုဂ်္ဂိုလ်တချို့ ဝိတ်ကျ စေရန် မိမိ အကြံပေးခဲ့ပုံကို ပြန် လည် ဖောက်သည်ချလိုသည်။

ပိန်ပုံပိန်နည်း ရလိုသဖြင့် အကြံပေး ဂုရု ဆရာကျွဲထံ ချဉ်းကပ်လာသူ များပြား လှသည်။  ထိုသို့ချဉ်းကပ်လာသူထဲတွင် ဒုက်္ခ သီရိနိုင်ငံတော်ရှိ လူ့အခွင့်အရေး လှုပ်ရှားမှု

  နယ်ပယ်မှထင်ရှားသူတချို့လည်း ပါဝင်သည်။

၎င်းင်းတို့သည် နိုင်ငံတကာသို့ ပေါက် ရောက်သူများဖြစ်သော်လည်း ပြည်ပအား ကိုးသူမဟုတ်ချေ။ ပြည်တွင်းဖြစ်ကို အားပေးသူ၊ မိမိနိုင်ငံတွင်း ပညာရှင်ကိုသာ ချဉ်းကပ်သူတို့သာ ဖြစ်သောကြောင့် သူတို့ ကို များစွာ အတုယူသင့်လှသည်။

စီးပွားရေး၊ ကြီးပွားရေး နည်းလမ်း များ၊ အကြံကောင်းများ ပေးနေသူ ဆရာကျွဲ ထံ ကျန်းမာကြံ့ခိုင်ခြင်းဆိုင်ရာ နည်းလမ်း များ လာရောက်တောင်းယူသူများအနက် မခင်လေးလည်း ပါဝင်သည်။ အမျိုးသမီး     အရေး လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးဖြစ် သည့် မခင်လေး ဝိတ်ကျသွားရသည့် ဖြစ် စဉ်မှာ အောက်ပါအတိုင်း ဖြစ်ချေ၏။

ပိန်ချင်သူ မခင်လေး

တစ်နေ့သားတွင် ဆရာကျွဲ၏ ရုံးသို့ မခင်လေး ရောက်    လာသည်။

““ဆရာကျွဲရေ… ကူညီပါဦး။ ကျွန်မတော့ အကြီးအကျယ် ဒုက်္ခရောက်နေပြီ””

ဒုက်္ခရောက်နေပြီ ဟူသော စကားကို မခင်လေးက ချစ် စဖွယ် ပြုံး၍ ပြောခြင်းဖြစ်သည်။

သူ၏ ဒုက်္ခ ဆိုသည်မှာ ဒုက်္ခအစစ် ဟုတ်ချင်မှ ဟုတ်မည်ဟု ထိုအမူအရာကိုကြည့်ပြီး မိမိ သဘောပေါက်လိုက်သည်။

““ကျွန်မ အင်္ကျီတွေ မတော်တော့ဘူးရှင့်””

““ဟုတ်လား၊ မတော်တဲ့ အင်္ကျီတွေ ယူခဲ့လေ။ ရေကျော် ဈေးထဲမှာ ကျွန်တော့် အသိ အပ်ချုပ်ဆိုင် ကောင်းကောင်း ရှိပါ တယ်။ သူတို့ ပြင်ပေးရင် ဝတ်လို့ အဆင်ပြေသွားမှာပါ””

““ဟာ…အင်္ကျီ ပြင်မယ်ဆို ဆိုင်ကို ကိုယ့်ဟာကိုယ်သွားမှာ ပေါ့ရှင့်။ အခုလာတာက အင်္ကျီအကြောင်း ပြောချင်လို့ မဟုတ် ဘူး၊ ရှင့်ဆီက အကြံကောင်း၊ ဉဏ်ကောင်းတွေ ထွက်တတ် တယ်ဆိုပြီး နာမည်ကြီးနေလို့ လာရတာ””

မခင်လေးက ဝတ်နေကျ အဝတ်အစားများ ကျပ်လာသည့် အကြောင်းရင်းမှာ တစ်နေ့တခြား ဝဖြိုးလာခြင်းကြောင့် ဖြစ် သည်ဟု စိတ်ပျက်လက်ပျက် ညည်းပြသည်။

ဒုက်္ခသီရိနိုင်ငံတော်တွင် ဆင်းရဲချို့တဲ့သူ များပြားလှ ကြောင်း၊ ဤသို့သော အခြေအနေတွင် ၀၀ဖြိုးဖြိုးဖြစ်နေခြင်းမှာ အပြစ်မကင်းဟု ယူဆသဖြင့် ပြန်ပိန်လိုကြောင်း  မခင်လေးက ဆိုသည်။

မိမိလည်း မခင်လေး၏ နိုင်ငံချစ်စိတ်ကို လေးစားသွားပြီး နောက်ပြောင်ချင်စိတ်ကို ဘရိတ်အုပ်လိုက်ရသည်။ မိမိသည် မခင်လေးနှင့်ရော သူ့လင်တော်မောင် ကိုဇော်မင်းကျော်နှင့်ပါ ရင်းနှီး၏။ ဗိုလ်ချုပ်ကြီးတို့၏ ကယ်တင်ရေးကောင်စီအစိုးရခေတ် ကတည်းက အစိုးရစိတ်ကောက်ချင်စရာ ကိစ်္စရပ်များကို တက် ညီလက်ညီ လုပ်ကိုင်ခဲ့ဖူးသောကြောင့် ရင်းနှီးကြခြင်း ဖြစ်သည်။

ထိုသို့ ရင်းနှီးခြင်းကြောင့် သူက ပိန်နည်း အကြံတောင်း သည့်အခါ နောက်ပြောင်ချင်စိတ် ပေါ်လာခြင်းပင်။ လင်တော် မောင်ကို မယားငယ်ထားခိုင်းလိုက်ပါမယ်ဟု ပြောရန် ပြင်ပြီးမှ ဘရိတ်အုပ်လိုက်မိသည်။ ကိုယ့်အိမ်ထောင်ဘက်တွင် အငယ် အနှောင်းရှိသည် ဆိုပါလျှင် မည်သူမဆို စိတ်ညစ်ပြီး ပိန်ကျသွား နိုင်သည် မဟုတ်လော။ ထိုသို့ ပေါက်ကရ အကြံပေးရန်မှာလည်း မသင့်တော်ချေ။ ထိုအကြံအတိုင်း လိုက်လံ လုပ်ဆောင်ပါက ဒုက်္ခ များပေတော့မည်။ ရဲဘော်အချင်းချင်းလည်းဖြစ်၊ အိမ်နီးချင်း လည်း ဖြစ်နေပြန်ရာ သူတို့အိမ်တွင်းရေး ပူလောင်လျှင် မိမိကိုပါ ကူးစက်ပြီးသကာလ မိမိလည်း ပိန်ချုံးသွားမှာ သေချာသည်ဟု တွေးမိ၏။

ပိန်လိုသူတို့ လုပ်ဆောင်ရမည့် အဓိက လုပ်ငန်းများထဲတွင် အစားအသောက် ဆင်ခြင်ရေး၊ ကိုယ်လက် လှုပ်ရှားမှုရှိရေးတို့မှာ ထိပ်ဆုံးက ပါဝင်ကြောင်း မခင်လေးကို ပြောပြရသည်။ မခင်လေး ကမူ အစားအသောက် ဆင်ခြင်နိုင်ခြင်း မရှိသေးဟု ဆိုလာသော ကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ရန် တိုက်တွန်းရ၏။

““လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မရှိပါဘူးရှင်။ လူ တောင်မှ နှစ်ကိုယ်၊ သုံးကိုယ် ခွဲချင်နေတာ။ ကျွန်မက အမျိုး သမီးအရေး၊ လူ့အခွင့်အရေးအတွက် အချိန်ပြည့် လှုပ်ရှားနေရ တော့ ဘယ်အချိန်မှာ လေ့ကျင့်ခန်း လုပ်ရမှာလဲ””

ခက်ပြီးရင်း ခက်သော မခက်လေး၊ အဲ…မခင်လေးဟု ဆိုရတော့မည်။

“အကြံပေးပုဂ်္ဂိုလ် ဆရာကျွဲ” ဟူသော မိမိနေရာတွင် သိကြားမင်းဆင်းပြီး  တာဝန်ယူမည် ဆိုပါကလည်း မခင်လေး ဝိတ်ကျစေရန် စွမ်းဆောင်နိုင်ပါမည်လားဟု မိမိ သံသယ ရှိ     လာသည်။

မခင်လေးကလည်း မိမိကို သံသယ ရှိကြောင်း အတိ အလင်း ပြောလာ၏။

““ရှင်ပေးမယ့် အကြံအတိုင်း လိုက်လုပ်ရင် ဟန်ကျပါ့ မလား။ အကြံပေးဆရာကြီး ရန်လိုကျွဲဆိုပြီး နာမည်ကြီးနေ ပေမယ့် ရှင့်မိန်းမ ဝိတ်ကျဖို့ကိုရော အကြံမပေးတော့ဘူးလား””

သူ့ထံမှ ရုတ်တရက် ထွက်ပေါ်လာသော တိုက်ကွက်မှာ တော်ရုံလူဆိုလျှင် ဒုက်္ခများလောက်သည်။ သို့သော်လည်း မိမိ သည် ဝါရင့်အတိုင်ပင်ခံဖြစ်နေသောကြောင့် ဒုက်္ခ မများပေ။

““ဒီအတိုင်းပဲ ကောင်းပါတယ်။ ဝတာက ဖက်ထားလို့ ရတယ်လေ။ တကယ်တော့ဗျာ၊ သူက အကြံ မတောင်းတော့ မပေးဖြစ်တာပါ””

မခင်လေးက  မိမိထံမှ ရမည့်အကြံ အလုပ်ဖြစ်မဖြစ် သံသယ ရှိသော်လည်း မိမိထံသို့ သူရောက်လာခြင်းမှာ ယုံကြည် ချက် အတိုင်းအတာတစ်ခုအထိ ရှိခြင်းကြောင့် လာခြင်း ဖြစ်ပေ လိမ့်မည်။

မိမိသည်  ဒုက်္ခသီရိတွင် နာမည်တစ်လုံးနှင့်နေသူ မဟုတ် လော။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ အထွေထွေ ဖြေ ရှင်းတတ်သူဟု နာမည်ကြီးသည်ကို သူလည်း သိပေသည်။

သူ၏ လာရင်းကိစ်္စမှာ အဝတ်အစား ကျပ်ခြင်းတည်းဟူ သော ပြဿနာတစ်ခုတည်း မဟုတ်ချေ။ အလုပ်အကိုင်အပြောင်း အလဲ လုပ်ရန် သင့်မသင့် ဟူသော ပု်္ဆာတစ်ပုဒ်လည်း ပါဝင်နေ၏။ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ပြီးသကာလ ရွေးကောက်ပွဲ များ ပုံမှန် ကျင်းပလာနေသည့် ဒုက်္ခသီရိနိုင်ငံတော်၏ အခြေ အနေကလည်း အကောင်းဘက်သို့ ရွေ့လာပြီဟု ယူဆနေကြချိန် မဟုတ်လော။

““ကျွန်မတို့နိုင်ငံလည်း ဒီမိုကရေစီနိုင်ငံ ဖြစ်ပြီဆိုတော့ အမျိုးသမီးအခွင့်အရေးတို့ ဘာတို့က အရင်လို မဟုတ်တော့ဘဲ တိုးတက်လာတော့မှာပါ။ ကိုယ့်မိသားစု ဘဝအာမခံချက် ရှိ အောင် စီးပွားရေးလုပ်ငန်းတစ်ခုခုကို စပြီး လုပ်ချင်ပါတယ်။ ဒါ ကြောင့် အလုပ်အကိုင် ပြောင်းရင် ကောင်းမလား စဉ်းစားနေတာ””

ထမင်းအိုးတစ်လုံးချက်ခန့်ကြာအောင် ပြောဆိုဆွေးနွေး ပြီးနောက်တွင်မူ မခင်လေး ရင်ဆိုင်နေရသည့် အခက်အခဲ နှစ်ခု အတွက် သင့်လျော်သည့် လုပ်ငန်းစဉ်တစ်ခု တွက်ချက်ပေးလိုက် သည်။ ဤသို့ဖြင့် ၀၀တုတ်တုတ် ဖြစ်စ ပြုလာသော မခင်လေး လည်း ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်ပြီး ပြန်သွားလေ၏။

 

မခင်လေး ပြန်ပိန်ပြီ

လများ မကြာမီမှာပင် မခင်လေးက Facebook တွင် ဓာတ်ပုံ အများအပြား ခပ်စိတ်စိတ် တင်လာသည်။ ဓာတ်ပုံများကို ကြည့်လျှင် မခင်လေး ခါတိုင်းထက် သိသိသာသာ သွယ်လျလာ ကြောင်း သိသာလှ၏။ မိတ်ကပ်လိမ်း၊ နံနက်စာ စားနေပုံမှအစ၊ ဈေးဝယ်ထွက်နေပုံအလယ် ခရီးသွားနေပုံအဆုံး လှုပ်ရှားမှု ဓာတ်ပုံများ အဆက်မပြတ် တင်လာသည်ကို တွေ့ရသည်။ သူ့ မိတ်ဆွေ အသီးသီးကလည်း မှတ်ချက်အမျိုးမျိုး ပြုကြ၏။

““ပိန်သွားတယ်နော်””

““ပိန်လို့ လှလို့ပါလားကွယ်””

““ဒီလို လှလှပပ သွယ်လျသွားအောင် ဘိုလုပ်လိုက်ထာ လဲ””

““ဘယ် Gym မှာ သွားကစားသလဲ Sis””

““သယ်ရင်း၊ သက်သတ်လွတ်စားနေသလား””

ဤသို့ဖြင့် သူ၏ Facebook စာမျက်နှာသည် သာသာ ယာယာ ရှိနေတော့သည်။

မခင်လေး ထိုသို့ အခြေအနေ ပြောင်းလဲသွားခြင်း၏ အကြောင်းရင်းမှန်ကို သိလိုသူများထဲတွင် သူ၏ ချစ်ခင်ပွန်း ကိုဇော်မင်းကျော်က ထိပ်ဆုံးမှ ပါဝင်သည်။ တစ်နေ့သားတွင် ကိုဇော်မင်းကျော်က မိမိကို ဘီယာဆိုင်တစ်ဆိုင်တွင် တွေ့ခိုက် မေးခွန်းထုတ်လေသည်။

““ဟေ့လူ၊ ကျုပ်မိန်းမ ဝိတ်ကျသွားအောင် ဘယ်လို အကြံ တွေ ပေးလိုက်တာလဲ””

ဤသို့ မေးခြင်းမှာ အကြောင်းရင်းမှန်ကို သူမသိသေးခြင်း ကြောင့်ဖြစ်မည်ဟု ခန့်မှန်းမိသဖြင့် မိမိလည်း မီးစင်ကြည့်က လိုက်မိသည်။

““အိုင်ဆေး…ကိုဇော်မင်းကျော်၊ သူက လေ့ကျင့်ခန်းလည်း မလုပ်ဖြစ်ဘူး။ ပြီးတော့ အထိုင်များတယ်လေ။ ဒါကြောင့် သူ့ကို ပြေးလွှားတဲ့အလုပ် လုပ်ဖြစ်အောင် စီစဉ်ပေးလိုက်တာ””

““ဟင်…သူက ဘယ်တုန်းက ဘယ်လို အပြေးလေ့ကျင့်ခန်း လုပ်ခဲ့တာလဲ။ အတူနေတဲ့ ကျုပ်လည်း မသိရပါလား””

““သြော်… သူက မပြေးရသေးပါဘူး။ ကျုပ်ရုံးခန်းမှာ ရှိတဲ့ အပြေးလေ့ကျင့်စက် ဘယ်လောက် ကောင်းကြောင်း၊ ဒီလိုစက် မျိုးနဲ့ လေ့ကျင့်သင့်ကြောင်း သူ့ကို  အကြံပေးလိုက်မိတာ။ အဲဒါ ခင်လေးက ချက်ချင်း သဘောကျသွားတယ်၊ ဒီလို ပစ်္စည်းမျိုးက အိမ်မှာ ရှိထားတာ ကောင်းတယ်၊ အနည်းဆုံးတော့ အဝတ် လှန်းလို့လည်း ရတယ်၊ သားနဲ့ သမီး တက်ဆော့လို့လည်းရတယ်၊  ဝယ်ချင်တယ်လို့ ပြောတယ်။ ကျုပ်ကတော့ ဝယ်စရာ မလိုပါဘူး၊ ဒီအတိုင်း ယူသွားပါလို့ ပြောထားတယ်””

““တယ်ဟုတ်ပါလား။ ကျုပ်မိန်းမ အပြေးလေ့ကျင့်ခန်း တောင် မလုပ်ရသေးဘူး၊ ဝိတ်က ကျနေပြီ ဆိုတော့ ခင်ဗျားစက် က အတော်နိပ်မယ့်သဘောရှိတယ်””

မိမိလည်း ပြုံး၍သာ နေလိုက်သည်။

သူ့ဇနီး ဝိတ်ကျခြင်းသည် မိမိ၏ ကောင်းမှုကြောင့်ဖြစ် သည်ဟု သိရသောကြောင့် ထိုနေ့က သူ ဘီယာဖိုးရှင်းလိုက်လေ၏။

မခင်လေး ဝိတ်ကျသွားရသည့် အကြောင်းရင်းမှန်မှာ အပြေးလေ့ကျင့်စက်နှင့် မသက်ဆိုင်ပေ။ အပြေးကျင့်ရန်လည်း ထိုစဉ်က အကြံပေးလိုက်ခြင်း မရှိပေ။ အမှန်တကယ် ပေးလိုက် သည့်အရာမှာ ဗေဒင်ကိန်းခန်းအရ လက်ရှိ အလုပ်ကိုသာ လုပ် ကိုင်သင့်သည်၊ အလုပ်အကိုင် ပြောင်း၍ မဖြစ်ဟု တိုက်တွန်းလိုက် ခြင်းသာဖြစ်ကြောင်း မခင်လေးနှင့် မိမိသာ သိကြပါ၏။

 

ဗေဒင်ကိန်းခန်း

ဝိတ်ကျစေရန် အစားလည်း မရှောင်နိုင်၊ လေ့ကျင့်ခန်းလုပ် ရန်လည်း အခြေအနေ မပေးသေးဟု ဆိုလာသူ မခင်လေးကို ဗေဒင်ပညာဖြင့် ကူညီရန်သာ ကျန်တော့သည်ဟု ပြောခဲ့မိသည်။

ဟုတ်သည်၊ ဝိတ်ကျဖို့ ဘာလုပ်ရမလဲ၊  အလုပ်အကိုင် အပြောင်းအလဲ လုပ်သင့်သလား ဟူသည့် သူ့မေးခွန်းနှစ်ခု အတွက် ဗေဒင်တွက်ပေးလိုက်သည်။

မိမိတွက်ချက်ပေးမှုကို အနှစ်ချုပ်လိုက်လျှင် ““အလုပ်သစ် မထူထောင်ပါနှင့်၊ အကျိုးမပေးပါ။ အလုပ်ကံ အကောင်းဘက်သို့ မရောက်သေးခြင်း၊ ဝိတ်မချနိုင်သေးခြင်း စသည့် အခက်အခဲတို့ သည် ရင်းနှီးသူတို့၏ အကူအညီဖြင့် အရာရာ အဆင်ပြေသွား မည်””ဟူ၍ ဖြစ်သည်။

တွက်ချက်မှုတို့၏ထုံးစံအတိုင်း ယတြာဖြင့် အဆုံးသတ်၏။ မိမိ ပေးလိုက်သည့် ယတြာမှာ “လုပ်နေကျအလုပ်များကို ဆက် လက် လုပ်ကိုင်ပါ” ဟူ၍ ဖြစ်၏။ အလွန် လွယ်ကူသော ယတြာပင်။

နိုင်ငံရေးသမားဟောင်း မခင်လေးသည် ဗေဒင် ဆိုသည် တို့ကို များစွာ ယုံကြည်သူမဟုတ်ချေ။ သို့သော်လည်း “ပိန် သွားမယ်” ဟူသော  မက်လုံးကြောင့် မိမိ တွက်ချက်ပေးသည့် အတိုင်း ဆောင်ရွက်ရေးကို တွန့်ဆုတ် တွန့်ဆုတ်ဖြင့် သဘောတူခဲ့ လေ၏။

ဆိုခဲ့သလိုပင် မိမိတို့နေထိုင်ရာ ဒုက်္ခသီရိနိုင်ငံတော်တွင် အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ပြီးသကာလ ရွေးကောက် ပွဲများ ပုံမှန် ကျင်းပလာနေပြီ ဆိုသော်လည်း ဖားတစ်ပိုင်း ငါး တစ်ပိုင်း ဒီမိုကရေစီပုံစံမျိုး ဖြစ်နေသည်။  ပုလိပ်အဖွဲ့က နိုင်ငံရေး တွင် ဝင်ပါနေသဖြင့် နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတို့မှာ တိုးတက်မလာချေ။

အမျိုးသမီးအခွင့်အရေး ထိပါးခံရခြင်း၊ ချိုးဖောက်ခံရခြင်း၊ အနိုင်ကျင့်ခံရခြင်းတည်း ဟူသော အမှုများသည်လည်း ဟော တစ်မှု၊ ဟောတစ်မှု ဆိုသလို မခင်လေးတို့ အဖွဲ့ထံသို့ ရောက် လာ၏။

ပညာပေးဟောပြောမှုများ အဆက်မပြတ် လုပ်ကိုင်ရ သကဲ့သို့ အသစ် အသစ် ပေါ်ပေါက်လာသော အမှုများကို ဝန်းရံ ရခြင်း၊ ကူညီဖြေရှင်းပေးရခြင်း၊ နှစ်သိမ့်ဆွေးနွေး အားပေးရခြင်း ဟူသော အလုပ်များကို အဆက်မပြတ် သွားလာ ပြေးလွှား လုပ် ကိုင်ရလေ၏။

ထိုသို့ ပို၍ ပို၍ သွားလာ ပြေးလွှားရမည်ကို ဆရာကျွဲ ကြိုသိနေသဖြင့် မခင်လေး အလုပ်အကိုင် မပြောင်းသင့်ကြောင်း တွက်ချက်ပေးခဲ့ခြင်းပေတည်း။ သွားလာ ပြေးလွှားရမည့်သူသည် အနည်းနှင့် အများ ဝိတ်ကျမည်သာ။ အထူးတလည် လေ့ကျင့် ခန်းဆင်းရန်ပင် လိုအပ်မည်မဟုတ်လော။

ပြေးလွှားနေရသည့် မခင်လေးမှ ဝိတ်မကျလျှင် မည်သူ ဝိတ်ကျမည်နည်း။

သို့သော်လည်း ဝိတ်ကျရသည့် အကြောင်းရင်းမှန်ကို သူ တို့လင်မယား မသိသေးပေ။ မိမိကလည်း ဖွင့်ပြောမည် မဟုတ်ချေ။

လာမည့် လတွင် အခြားသော လူ့အခွင့်အရေးသမားတစ်ဦး ဝိတ်ကျရပုံ အကြောင်းကို ဖောက်သည်ချလိုပါသည်။ ဤလ အတွက်တော့ ဤမျှနှင့် နားပါမည်။

ဖားတစ်ပိုင်းငါးတစ်ပိုင်းဒီမိုကရေစီသည် ဝိတ်ကျလိုသူ မခင်လေးအတွက် အဆိုးထဲက အကောင်းဟု ဆိုလျှင် စာရှုသူ လက်ခံမည်ဟု ယူဆပါသည်။

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."