ရန်ကုန် – နိုဝင်ဘာ ၂၂ (မော်ကွန်း)
မွန်ပြည်နယ် သံဖြူဇရပ်မြို့ကနေ ထိုင်းနိုင်ငံနယ်စပ် ဘုရားသုံးဆူမြို့ကို သွားတဲ့လမ်းပိုင်းမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေပြီး စစ်ကောင်စီတပ်ဟာ ဒီလမ်းပိုင်းကို မြေပြင်စစ်ကြောင်းတွေ ပို့လွှတ်ပြီး အင်အားဖြည့်နေတယ်လို့ ဒေသခံတချို့နဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူမြို့တွေနဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ဒီလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းတစ်ခုဖြစ်တဲ့ အနန်းကွင်း ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့လပိုင်းထဲက ပိတ်ဆို့တိုက်ခိုက်နေတာပါ။
ဒီရက်ပိုင်းအတွင်းမှာလည်း အနန်းကွင်းကျေးရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေကာ စစ်ကောင်စီတပ်ကလည်း မော်လမြိုင်၊ သံဖြူဇရပ်မြို့တွေကနေ မြေပြင်စစ်ကြောင်းတွေ ပို့လွှတ်ပြီး အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
သံဖြူဇရပ်- ဘုရားသုံးဆူကားလမ်းပေါ်က တောင်စွန်းစစ်ကောင်စီစခန်းကို ဒီနှစ်မေလပိုင်းက KNLA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီး နောက်ထပ စခန်းတစ်ခုဖြစ်တဲ့ လွှတ်ရှမ်းစခန်းကို ပြီးခဲ့တဲ့လပိုင်းမှာ ထပ်မံ သိမ်းယူခဲ့ပါတယ်။
ဒီစခန်းနှစ်ခု အသိမ်းခံရပြီးနောက် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းတစ်ခုပဲ ကျန်ရှိတော့တာဖြစ်ကာ ဒီစခန်းကိုလည်း KNLA ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ လပိုင်းထဲက ပိတ်ဆို့တိုက်ခိုက်နေတာပါ။
ဒီစခန်းကို တော်လှန်ရေးတပ်တွေက နေ့စဉ် ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပိတ်ဆို့တိုက်ခိုက်နေသလို တိုက်ပွဲငယ်တွေလည်း နေ့စဉ်နေ့ပါးရှိနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးပစ်ကူပေးတာ လေကြောင်းကနေ လက်နက်ခဲယမ်းတွေ ချပေးတာတွေ ရှိနေတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ရှေ့လတွေထဲက ဒီစခန်းကို လုံးဝဖြတ်တောက်ထားပြီး တိုက်နေတာပေါ့။ သူတို့လည်း ဗျူဟာထဲမှာ လက်နက်ခဲယမ်းတွေ ရိက္ခာတွေမပြတ်တောက်အောင် နေ့တိုင်းလိုလိုလေကြောင်းက ပို့တာရှိတယ်။ မြေပြင်ကလည်း စစ်ကြောင်းထိုးနေတာရှိတယ်။ မြေပြင်စစ်ကြောင်းကတော့ မကပ်နိုင်သေးဘူး” လို့ ၎င်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပိုင်းမှာရှိတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေ ပိတ်ထားရပြီး တချို့ကျေးရွာတွေဆိုရင် ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရတာပါ။
ဒါ့ပြင် ဒေသတွင်းမှာ အသုံးပြုနေတဲ့ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်း၊ ဘုရားသုံးဆူ-မုဒုံ လမ်းပိုင်းတွေကိုလည်း ပြီးခဲ့တဲ့လပိုင်းထဲက ပိတ်ထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“အရင်ကလည်း ဒီလမ်းတွေက သွားလို့ရလိုက်၊ မရလိုက်ပဲ အခြေအနေကြည့်သွားရတာပေါ့။ အခုတော့ လုံးဝမရတော့ပါဘူး။ တိုက်ပွဲတွေနေ့တိုင်းပဲ။ လက်နက်ကြီးသံတွေလည်း နေ့တိုင်းလိုလိုကြားလာရတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတဲ့ အနန်းကွင်းဗျူဟာစခန်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ – ၆ စစ်ရေးလှုပ်ရှားနယ်မြေမှာရှိပြီး ဒီဗျူဟာကိုကျသွားရင် ဘုရားသုံးဆူမြို့နယ်ဟာ စစ်ကောင်စီကင်းစင်နယ်မြေ တစ်ခုဖြစ်လာမှာပါ။
အခုလ ၄ ရက်မှာလည်း အနန်းကွင်းဗျူဟာစခန်းအနီး၊ ဇီးနှစ်ပင်ရွာအနီးနဲ့ ဂျပန်တောင်အနီးတို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေ အပြင်းအထန်ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။
ပုံစာ – လက်ရှိတိုက်ပွဲဖြစ်နေတဲ့ အနန်းကွင်းကျေးရွာရဲ့ ဝေဟင်မြင်ကွင်း
ဓာတ်ပုံ – Google Earth

