သံတွဲ- ၂၀၂၄ စက်တင်ဘာ၂၆ (မော်ကွန်း)
ကမ္ဘာကျော် ငပလီကမ်းခြေတည်ရှိရာ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ ဒီနေ့မနက် ၈ နာရီဝန်းကျင်က လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင် ၁၄ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
သံတွဲမြို့က စစ်ရှောင်တွေ ခိုလှုံနေတဲ့ သံတွဲမြို့နယ်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတွေကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုကြပါတယ်။
” စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လာပစ်သွားတာ။ လူစုလူဝေးနေတဲ့နေရာဆိုတော့ အထိအခိုက်များတယ်။ အစုလိုက်အပြုံလိုက် ထိခိုက်သွားတာ။ အရမ်းရင်နာဖို့ကောင်းပါတယ်။ သေဆုံးဒဏ်ရာရတဲ့အထဲမှာ စစ်ဘေးရှောင်ကလေးတွေရော လူကြီးပိုင်းတွေရော ပါတယ်” လို့ သံတွဲ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေဆီပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှုတွေ ပေးထားရတယ်လို့လည်း သူကဆက်ပြောပါတယ်။
ဒီလ ၂၃ ရက်ကလည်း သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတာကြောင့် အရပ်သားသုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိသွားခဲ့သေးသလို ဒီလ ၉ရက်နေ့ကလည်း သံတွဲမြို့ထဲကို လာရောက်ဗုံးကြဲခဲ့တဲ့အတွက် အထက်တန်းပြကျောင်းဆရာတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။ အလားတူ ဒီလ ၃ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာမှ ဒေသခံလေးဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
မနေ့တုန်းကကလည်း တောင်ကုတ်မြို့နယ်၊ မအီမြို့က တံတားကို စစ်ကောင်စီက ဗုံးကြဲခဲ့သလို တန်းလွှဲနဲ့ ရွာမ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံနှစ်ဦးသေကာ လေးဦးဒဏ်ရာရခဲ့ပါသေးတယ်။ အဲဒီနေ့မှာပဲ မြေပုံမြို့နယ်ထဲက ကမ်းထောင်းကြီးမြို့ကို လာရောက်ဗုံးကြဲတဲ့အတွက် မြို့ခံနှစ်ဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ မြို့ရွာတွေကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် အရပ်သားသေဆုံးမှုတွေ ရခိုင်မှာ တိုးလာနေတာ ဖြစ်ပါတယ်။

ပုံစာ- လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ သံတွဲမြို့နယ်ခန်းမနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးငယ်တစ်ဦး။
ဓါတ်ပုံ- APM
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


