ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၃ (မော်ကွန်း)
ကရင်ပြည်နယ် သံတောင်ကြီးမြို့ မြေပြိုကျတဲ့ဖြစ်စဉ်မှာ မြို့ရဲ့ ဥယျာဉ်ခြံမြေ ထက်ဝက်နီးပါး ပျက်စီးသွားတယ်လို့ ၎င်းဒေသခံတချို့ကပြောပါတယ်။
တောင်ပေါ် အပန်းဖြေစခန်းတွေရှိတဲ့ သံတောင်ကြီးမြို့နယ်မှာ ဒီလ ၄ ရက်က မိုးသည်းထန်စွာရွာတာကြောင့် တောင်ကျချောင်းရေစီးဆင်းပြီး မြေပြိုကျခဲ့ပြီး ထိခိုက်ပျက်စီးမှုများခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ သေဆုံးသူ ၁၅ ဦးထိ ရှိလာခဲ့ပြီး လမ်းတံတားတွေ ပျက်စီးသွားတာကြောင့် ဒီနေ့ထိ နောက်ထပ်ပျောက်ဆုံးသူတွေ ရှာဖွေဖို့ ခက်ခဲနေသေးတယ်လို့ သံတောင်ကြီးမြို့နယ်က ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတချို့က ပြောပါတယ်။
ဒါ့အပြင် မြို့ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဖြစ်တဲ့ ချဉ်ပေါင်ဖာလာစေ့၊ ကော်ဖီ၊ တညင်း၊ ဒူးရင်းနဲ့ ကွမ်းသီး စိုက်ပျိုးတဲ့ တောင်ပေါ်ဥယျာဉ်ခြံမြေ စိုက်ခင်းအများအပြားလည်း ပျက်စီးခဲ့တာပါ။
ပျက်စီးသွားတဲ့ စိုက်ခင်းပမာဏဟာ တစ်မြို့လုံးရဲ့ ထက်ဝက်နီးပါးရှိပြီး တချို့စိုက်ခင်းတွေဟာ ခူးဆွတ်ဖို့ အချိန်တွေရောက်နေပြီလို့ ၎င်းဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက ဖာလာဆွတ်ခူးမယ့်ရာသီပေါ့။ အခုတော့ ဖာလာခင်းတွေ အကုန်လုံးနီးပါး ပျက်စီးသွားပြီပြောလို့ရတယ်။ အိမ်တွေရော၊ လမ်းတွေရောပျက်တာတွေနဲ့ဆို တော်တော်လေးကို ပြန်လည်ထူထောင်ရမယ့်အနေအထားပါ” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ နေအိမ်တွေပြိုကျသွားတဲ့ဒေသခံတွေဟာ နီးစပ်ရာနေရာတွေမှာ ယာယီတဲတွေထိုးကာနေထိုင်နေရပြီး ဖုန်းဆက်သွယ်ရေးလိုင်းတွေလည်းခက်ခဲနေကာ အကူအညီတွေ လိုအပ်နေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“အခုလက်ရှိပျက်သွားတဲ့ ရွာတွေက တံတားတွေ၊ လမ်းတွေက အခုမှပြင်နေတုန်းပဲ။ သွားဖို့လာဖို့ ခက်ခဲနေတုန်းပါပဲ။ အကူအညီတွေ အရမ်းလိုပါတယ်” လို့ ၎င်းဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူက ပြောပါတယ်။
ဒီလ ၄ ရက်က ဖြစ်ခဲ့တဲ့ ၎င်းဖြစ်စဉ်မှာ သေဆုံးသူ ၁၅ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားပေမယ့် အဲဒီအထဲက ခုနစ်ဦးကိုပဲ ဈာပနကျင်းပပေးနိုင်ခဲ့ပြီး ကျန်အလောင်းတွေကတော့ အမည်မသိသေဆုံးအဖြစ်ပဲ သတ်မှတ်ထားရတာပါ။
ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိပြီး တောင်ပေါ်အပန်းဖြေစခန်းတွေရှိတဲ့ သံတောင်ကြီးမြို့မှာ ပြီးခဲ့တဲ့နှစ်ကလည်း ရေလွှမ်းမိုးမှုကြောင့် တောင်ယာတချို့ မြေပြိုကျတာတွေရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အဆိုးဝါးဆုံး ကြုံတွေ့နေရတာပါ။

ပုံစာ – သံတောင်ကြီးမြို့ မြေပြိုကျပြီး ပျက်စီးနေတဲ့မြင်ကွင်းတချို့
ဓါတ်ပုံ – Gaw Hsar Karen

