ဓာတ်ပုံ -ကျော်မျိုးထွန်း /မော်ကွန်းမဂ္ဂဇင်း
အချိန်က နံနက် ၇ နာရီခွဲ ဝန်းကျင်ဖြစ်သည်။ ထောင်ပိုင် ကြီးသည် ထောင်ဝါဒါများ ခြံရံ လျက် အကျဉ်းဆောင်ထဲသို့ ဝင် လာသည်။ ထောင်ဝါဒါများ အားလုံးမှာ အရေးပေါ်လုံခြုံရေး ဦးထုပ်များ ဆောင်းထားကြ သည်။ လက်ထဲတွင် လောက် လေးခွနှင့် တုတ်ရှည်ကိုယ်စီ ကိုင်ထားကာ အဓိကရုဏ်း နှိမ် နှင်းမည့်အသွင် ပြင်ဆင်ပြီး ဝင် လာခြင်း ဖြစ်သည်။ ထိုစဉ် အကျဉ်းဆောင်ထဲရှိ ရာနှင့် ချီသည့်အကျဉ်းသားတို့ လှုပ် လှုပ်ရွရွ ဖြစ်သွားကြသည်။
ခဏအကြာတွင် …
‘ထောင်ပိုင်ကြီးထွက်သွား ထောင် ပိုင်ကြီးထွက်သွား’
‘မတရားတဲ့ထောင်ပိုင်ကြီး အလို မရှိ ထောင်မှူးအလိုမရှိ’ ဆိုသည့် အကျဉ်း သားငါးရာကျော်၏ အဆက်မပြတ် ကြွေး ကြော်သံတို့က မြင်းခြံအကျဉ်းထောင်ရှိ အဆောင် ၁ ထဲမှ ထွက်ပေါ်လာသည်။ မကြာမီ အခြားအဆောင်များမှလည်း ကြွေးကြော်သံများ ဆက်တိုက်ထွက်ပေါ် လာသည်။ ယင်းကြွေးကြော်သံများ၏ မရှေးမနှောင်းမှာပင် သံချောင်းခေါက်သံ များလည်း ဆက်တိုက်ထွက်ပေါ်လာသည်။
အကျဉ်းသားတချို့ကလည်း ဆန္ဒ ပြနေသူများကို ပစ္စည်းများမဖျက်ဆီးရန် နှင့် ထောင်ကို မီးမရှို့ရန် အော်ဟစ်သတိ ပေးကြသည်။ ထောင်ဝန်ထမ်းများက အကျဉ်းဆောင်ချင်းကူးသည့်တံခါးများ ကို အပြင်မှ သော့ခတ်လိုက်ကြသလို အကျဉ်းသားများကလည်း အဆောင် ထဲသို့ ထောင်ဝန်ထမ်းများဝင်လာမည်ကို စိုးရိမ်ကာ အဆောင်ကူးတံခါးများကို အတွင်းမှ ပိတ်ထားလိုက်လေသည်။
ယင်းဖြစ်စဉ်ကြောင့် မြင်းခြံထောင် သို့ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ တရားသူကြီးများ၊ ဥပဒေအရာရှိ များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိလာကြသည်။
အကျဉ်းသားများက မိမိတို့အနေ ဖြင့် အကြမ်းဖက်ရန်အစီအစဉ်မရှိ ကြောင်း၊ မြင်းခြံထောင်ပိုင်ကြီး၏ ဥပဒေ မဲ့ လုပ်ဆောင်မှုများ၊ လူ့အခွင့်အရေးချိုး ဖောက်မှုများကိုသိနိုင်ရန် ယခုလို လုပ် ဆောင်ရခြင်းဖြစ်ကြောင်းကို မြင်းခြံ ထောင်ပိုင်ကြီးအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ ရှေ့မှောက်၌ပင် ပွင့်ပွင့်လင်းလင်းတင်ပြခဲ့ကြသည်ဟု မြင်းခြံ ထောင်တွင်း ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည့် အကျဉ်းကျနေဆဲ အကျဉ်းသား ကိုထွန်း ထွန်း က ရှင်းပြသည်။
ထိုသို့ ဆန္ဒပြမှုဖြစ်ပွားပြီး ရက်ပိုင်း အတွင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(Myanmar National Human Rights Commission – MNHRC) က သွားရောက်စုံစမ်း စစ် ဆေးခဲ့ပြီး မြင်းခြံထောင်၌ အမှန်တကယ်လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေ ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယင်း ထောင်ပိုင်ကို အကျဉ်းသားနှင့် မဆက်ဆံ ရသောနေရာသို့ ပြောင်းရွှေ့လိုက်သည်ဟု အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဆိုသည်။
အထက်ပါဖြစ်စဉ်သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်လက်ထက် အောက်တိုဘာ ၁၁ ရက်က ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အကျဉ်းထောင်များ၌ စစ်အစိုးရ လက်ထက်က နာမည်ဆိုးဖြင့်ကျော်ကြား ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ မှာ ယခု NLD အစိုးရသစ်လက်ထက်တိုင် ကျန်ရှိနေဆဲပင်ဖြစ်သည်။ တစ်ချိန်က နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်း သားဘဝဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံ ခဲ့ရသူများ ဦးဆောင်ပါဝင်သည့် အစိုးရ သစ်လက်ထက်တွင် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးကို အလေးပေးလုပ် ဆောင်သင့်သည်ဟု အကျဉ်းသားဟောင်း များ၊ အကျဉ်းသားများကို အကူအညီပေး နေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်း များက ပြောကြသည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International)၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး Rafendi Djamin က ”မြန်မာနိုင်ငံက အကျဉ်းထောင်တွေဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက် တယ်ဆိုတဲ့ နာမည်ဆိုးတွေနဲ့ ကျော်ကြား တဲ့နေရာတွေပါ”ဟု ယင်းအဖွဲ့၏ ဝက်ဘ် ဆိုက် (www.amnesty.org) တွင် ယခု နှစ် နိုဝင်ဘာ ၁ဝ ရက်က ဖော်ပြထားသည်။
အကျဉ်းသားများအရေးလူပ်ရှား ဆောင်ရွက်နေသည့် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners – AAPP)မှ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော် ကလည်း အကျဉ်းသားတစ်ဦးအနေဖြင့် အနိမ့်ဆုံးရသင့်ရထိုက်သည့် ကျန်းမာ ရေးစောင့်ရှောက်မှု၊ လေကောင်းလေသန့် ရရှိမှု၊ အာဟာရပြည့်ဝသော အစား အသောက်ရရှိမှု၊ လူတစ်ကိုယ်စာသက် သောင့်သက်သာ အိပ်စက်အနားယူနိုင်မှု တို့သည် မြန်မာနိုင်ငံရှိ အကျဉ်းထောင် များ၌ ချိုးဖောက်ခံနေရဆဲဟု ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တား နားက ၂ဝ၁၄ တွင် ကုလသမဂ္ဂ၌ ရေးသား တင်သွင်းခဲ့သည့် လူ့အခွင့်အရေးစောင့် ကြည့်အစီရင်ခံစာတွင် တုတ်များ၊ ချိန်း ကြိုးများနှင့် ရိုက်နှက်ခြင်း၊ ကျင်စက်နှင့် တို့ခြင်း၊ ဆေးလိပ်မီးနှင့်တို့ခြင်း၊ ခြေ သလုံးအား ဝါးလုံး၊ သံပိုက်လုံးတို့ဖြင့် လှိမ့် ခြင်း၊ ဆိုင်ကယ်စီးသည့် ပုံစံထိုင်ခိုင်းခြင်း၊ ရေမွမ်းစေခြင်း၊ အသက်ရှူကျပ်စေခြင်း၊ ဦးခေါင်းပေါ်ရေစက်ချခြင်း၊ အိပ်ခွင့်မပေး ခြင်း၊ အစာမကျွေး ရေမတိုက်ခြင်း၊ အခြားသူများအား နှိပ်စက်သည်ကို အတင်းအကျပ်ကြည့်ရှုစေခြင်းနှင့် တိုက် ပိတ်ပြစ်ဒဏ်ပေးခြင်း စသည့် ညှဉ်းပန်း နှိပ်စက်သည့်နည်းလမ်းများသည် ၁၉၈၈ မှ ၂ဝ၁၁ အတွင်းစဉ်ဆက်မပြတ် အသုံးပြု ခဲ့သည့်နည်းလမ်းများဖြစ်ကြောင်း ဖော်ပြ ထားသည်။
၁၉၈၈ မှ ၂ဝ၁၆ အတွင်း အကျဉ်း ထောင်များ၌ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၄၂ ဦး သေဆုံးခဲ့ရသည်ဟု AAPP ၏ မှတ်တမ်းများအရ သိရသည်။
မန္တလေးအိုးဘိုထောင်ဝင်ပေါက်အနီးတွင် အလုပ်လုပ်နေသည့် အကျဉ်းသားတစ်ဦး။ ဓာတ်ပုံ- ကျော်မျိုးထွန်း/မော်ကွန်းမဂ္ဂဇင်း
ကျန်ရှိနေဆဲ ထောင်တွင်းနှိပ်စက်မှုများ
သမ္မတဦးသိန်းစိန်လက်ထက်တွင် တော့ ညှဉ်းပန်းနှိပ်စက်မှုများ အတော် အတန်လျော့ပါးသွားခဲ့သည်ဟု မော်ကွန်း နှင့် တွေ့ဆုံခဲ့သည့် အကျဉ်းသားဟောင်း များ၊ AAPP အပါအဝင် အကျဉ်းသားများ ကို အကူအညီပေးနေသည့် အရပ်ဘက် အဖွဲ့အစည်းများက ပြောကြသည်။
သို့သော် မော်ကွန်းက တွေ့ဆုံမေး မြန်းခဲ့သည့် အကျဉ်းသားများ၏ ပြော ကြားချက်အရ ညှဉ်းပန်းနှိပ်စက်မှု၊ အစား အစာ မလုံလောက်မှု၊ နေရာထိုင်ခင်းကျပ် တည်းမှု၊ ပြင်ပလုပ်ငန်းတွင် ခိုင်းစေမှုတို့ အပါအဝင် ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတို့သည် ထောင်အာဏာ ပိုင်များပေါ် မူတည်၍ ကွာဟမှုရှိနေသည် ကို တွေ့ရသည်။
မော်ကွန်းက သွားရောက်ခဲ့သည့် တောင်လေးလုံး၊ မန္တလေးနှင့် မြင်းခြံ ထောင်တို့တွင် တန်းစီများ၊ ထောင်ဝါဒါ များသာမက ထောင်မှူး၊ ထောင်ပိုင်ကြီး များကိုယ်တိုင် အကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ကြောင်း ယခု အစိုးရလက်ထက်တွင် အကျဉ်းထောင်မှ လွတ်မြောက်လာသူများနှင့် လက်ရှိ အကျဉ်းကျနေသူများက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာက ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်း သူတစ်ဦးကို အကျဉ်းထောင် အမျိုးသမီး ဝန်ထမ်းများက သွေးထွက်သည်အထိ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။
အချိန်က မနက် ၁ဝ နာရီခန့်။ ရမည်းသင်းအကျဉ်းထောင်ရှိ အကျဉ်း ခန်းတစ်ခုထဲသို့ အမျိုးသမီးထောင်မှူးနှင့် အတူ ထောင်ဝါဒါအမျိုးသမီးများ ဝင် ရောက်လာပြီး အကျဉ်းသူများကို စစ် ဆေးကြသည်။ တစ်ကိုယ်လုံး နှိုက်နှိုက် ချွတ်ချွတ် စစ်ဆေးကြရာမှ အသက် ၃ဝ ဝန်းကျင်ရှိ အကျဉ်းသူတစ်ဦး၏ အမျိုး သမီးအင်္ဂါထဲမှ ငွေကျပ်နှစ်ထောင် ရှာဖွေ တွေ့ရှိသွားသည်။
ထိုအခါ အမျိုးသမီးထောင်မှူး၏ နှုတ်မိန့်ဖြင့် ထောင်ဝါဒါအမျိုးသမီးက အကျဉ်းသူကို ရိုက်နှက်အပြစ်ပေးခဲ့သည် ဟု ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူ အကျဉ်းသူဟောင်း ဒေါ်ခင်စန်းဝေက ပြောသည်။
”ဝါးခြမ်းပြားနဲ့ရိုက်တာ ခြေသလုံး မှာ သွေးတောင်ထွက်တယ်။ ကျောမှာဆို ရင် အညိုကွက်တွေချည်းပဲ။ ဆံပင်ကို ရစ် လိမ်ဆွဲတယ်။ ပါးတွေလည်း ရိုက်တယ်” ဟု သူက ဆိုသည်။
ဒေါ်ခင်စန်းဝေသည် လက်ရှိ အစိုးရ သစ်လက်ထက် ၂ဝ၁၆၊ မေတွင် စစ်ကိုင်းမှ နေပြည်တော်သို့ ချီတက်ဆန္ဒပြသည့် အလုပ်သမားသပိတ်၌ ပါဝင်လှုပ်ရှားမှုဖြင့် ရမည်းသင်းထောင်တွင် ထောင်ဒဏ် ငါးလ ကျခံခဲ့ရသူဖြစ်သည်။
မြင်းခြံအကျဉ်းထောင်တွင်လည်း ပြီးခဲ့သည့် လေးလခန့်က အထက်ပါဖြစ် စဉ်ကဲ့သို့ ဖြစ်ပွားခဲ့သေးသည်။ အကျဉ်း သားတစ်ဦး အိပ်ရာထချိန်တွင် ပေးထား သည့် စောင်သုံးထည်ကို တစ်ထည်ချင်းစီ မခေါက်ဘဲ သုံးထည်စလုံးရောပြီး ခေါက်ခဲ့ သဖြင့် ထောင်ပိုင်ကြီးက အဆိုပါအကျဉ်း သား၏ ပါးကို ရှစ်ချက်ရိုက်ပြီး ခေါင်းကို လေး၊ ငါးချက်ဆက်တိုက်ဆင့်ထိုးသည်ဟု ၎င်းအကျဉ်းထောင်တွင် လက်ရှိအကျဉ်း ကျနေသည့် ကိုထွန်းထွန်းက ပြောသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က မြင်းခြံထောင်နှင့် ပတ်သက်၍ ထုတ်ပြန်သည့် အစီရင်ခံစာ တွင် အကျဉ်းသားများ၏ အထွေထွေ မကျေနပ်ချက်များခေါင်းစဉ်အောက်၌ အကျဉ်းသားတစ်ဦးထံမှ တယ်လီဖုန်း ဆင်းမ်ကတ်တွေ့ရှိ၍ ထောင်ဝန်ထမ်းနှစ် ဦးက ပါး၊ နားရိုက်ပြီး ဒူးထောက်အပြစ်ပေး ခြင်း၊ ကစ်ခင်း(အကျဉ်းသားများက အိပ် ရာနေရာတွင် ကိုယ်ပိုင်ပစ္စည်းများဖြစ် သည့် စောင်သုံးထည်၊ ပုံစံအင်္ကျီနှစ်စုံ၊ အရပ်ဝတ်တစ်စုံ၊ ရေခွက်တစ်ခွက်၊ ပန်း ကန်တစ်ချပ်တို့ကို ခင်းကျင်းပြသစေ ခြင်း) ရာတွင် စနစ်မကျသည့် အကျဉ်း သားတစ်ဦးကို ထောင်ပိုင်ကိုယ်တိုင် ပါး ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ နား ရင်းရိုက်ခြင်းတို့ကို ဖော်ပြထားပါသည်။
အကျဉ်းထောင်လက်စွဲတွင်တော့ မည်သည့်ထောင်ဝန်ထမ်းမဆို ‘မိမိ အန္တရာယ်(သို့မဟုတ်) အခြားသူတစ်ဦး တစ်ယောက်နှင့် ၎င်း၏အန္တရာယ်ကို ကာကွယ်ရန်(သို့မဟုတ်)ဆူပူထကြွခြင်း ကို ကာကွယ်ရန်မှတစ်ပါး အကျဉ်းသား တစ်ဦးတစ်ယောက်အား မည်သည့် အကြောင်းနှင့်မျှ မရိုက်နှက်ရ၊ ထိုကဲ့သို့ ကာကွယ်နှိမ်နင်းရာတွင် လိုအပ်သည် ထက် ပိုမိုအင်အားမသုံးရ’ဟု ဖော်ပြထား ပါသည်။
အကျဉ်းဦးစီးဌာန၏ ပြောရေးဆို ခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်း ထွန်းစိုးကတော့ ”ရိုက်နှက်တာတို့ ဘာ တို့က တားမြစ်ထားပါတယ်။ ဒါပေမဲ့ မရိုက်ရဘူးလို့တော့ မဟုတ်ဘူး။ ရိုက်မယ် ဆိုရင်လည်း ဆရာနဲ့ တပည့် ဆုံးမတာပဲ ဖြစ်ရမယ်။ ဒေါနဲ့မောနဲ့ ရိုက်နှက်တာမျိုး တော့ လုံးဝခွင့်မပြုဘူး”ဟု မော်ကွန်းကို ပြောကြားသည်။
နေရာထိုင်ခင်း ကျပ်တည်းကျဉ်းမြောင်းမှု
အကျဉ်းထောင်ထဲတွင် အကျဉ်း သားများ နိစ္စဓူဝရင်ဆိုင်နေသည့် အခက် အခဲတစ်ခုမှာ ထောင်တွင်း နေရာထိုင် ခင်း ကျပ်တည်းကျဉ်းမြောင်းမှုဖြစ်သည်။
ရမည်းသင်းထောင်တွင် ပေ ၂ဝ ပတ်လည်ခန့်သာရှိသည့် အခန်းထဲ၌ အကျဉ်းသူစုစုပေါင်း ၅၉ ယောက်အထိ ရှိသဖြင့် ညဘက်အိပ်သည့်အခါ အိမ်သာ နှင့် သုံးပေအကွာတွင် အိပ်ခဲ့ရသည်ဟု ဒေါ်ခင်စန်းဝေက ဆိုသည်။
သူနှင့်အတူ အကျဉ်းကျခဲ့သည့် စစ် ကိုင်းအလုပ်သမားသပိတ်ခေါင်းဆောင် ကိုခိုင်မင်းကလည်း ”ထောင်ထဲမှာ နေရာ ကျပ်လွန်းလို့ တစ်ယောက်ပေါ်တစ် ယောက် ခွပြီး ဘေးတစောင်းအိပ်ရတယ်။ ညဘက်သေးသွားပေါက်ပြီး ပြန်လာရင် နေရာပျောက်ပြီ”ဟုဆိုသည်။
ရမည်းသင်းအကျဉ်းထောင်မှ ထောင်ပိုင်ကြီး အကျဉ်းဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုး ချွန်က ရမည်းသင်းထောင်တွင် ဝင်ဆံ့နိုင် သည့် အကျဉ်းသားမှာ ၇ဝဝ ကျော်သာ ဖြစ်သော်လည်း လက်ရှိ၌ ၉ဝဝ ကျော်ရှိ နေသဖြင့် အကျဉ်းသားတစ်ဦးလျှင် သတ် မှတ်စံနှုန်းဖြစ်သည့် အလျား ၆ ပေ၊ အနံ ၃ ပေ(၁၈ စတုရန်းပေ)ထက် လျော့နည်းပြီး အလျား ၆ ပေ၊ အနံ ၂ ပေ နှုန်းခန့်သာ ရှိကြောင်း မော်ကွန်းကို ရှင်းပြသည်။
”လူ ၂ဝဝ လောက်ပိုနေတာက ဆောင်းတွင်းဆိုတော့ သိပ်အခက်အခဲမရှိ ဘူး။ နေလို့ထိုင်လို့ အဆင်ပြေတာပေါ့။ နွေဆိုရင်တော့ တော်တော်လေး ဒုက္ခ ရောက်မယ်”ဟု ဆိုသည်။
မြင်းခြံထောင်မှ အကျဉ်းသား ကိုထွန်းထွန်းကလည်း ပေ ၄ဝ x ပေ ၆ဝ ခန့်သာရှိသည့် အခန်းထဲတွင် အကျဉ်း သား ၉ဝ နီးပါးရှိသဖြင့် ပြွတ်သိပ်ပြီး နေ ကြရသည့်အပေါ် ”လူတစ်ယောက်အနေ နဲ့ မနေသင့်တဲ့နေရာမျိုးကြီးဖြစ်နေတာ”ဟု ညည်းညူသည်။
အကျဉ်းသား ၁,ဝဝဝ သာဆံ့သည့် မြင်းခြံအကျဉ်းထောင်တွင် လက်ရှိ အကျဉ်းကျခံနေရသူ ၂,ဝ၅၉ ဦး ရှိနေ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏မှတ် တမ်းများတွင် ဖော်ပြထားသည်။ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်ကလည်း မြင်းခြံထောင်ကို သတ်မှတ်အင် အားထက်နှစ်ဆကျော်ထိန်းသိမ်းထားရသည့်အတွက် အိပ်ဆောင်များ တိုးချဲ့ ဆောက်လုပ်သင့်ကြောင်း အကြံပြုတိုက် တွန်းထားသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် အကျဉ်းသားတစ်ဦး အတွက် နေရာထိုင်ခင်းအကျယ်အဝန်းမှာ ရွှေဘိုထောင်တွင် ၁၂ ဒသမ ၅ စတုရန်း ပေ၊ ကသာထောင်တွင် ၈ ဒသမ ၆ စတု ရန်းပေသာရှိသည်ဟု ဖော်ပြထားသည်။ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားအများစုမှာ ကုလသမဂ္ဂ၏အကျဉ်းသားတစ်ဦးချင်းအတွက် သတ် မှတ်စံနှုန်းဖြစ်သည့် ၁၈ စတုရန်းပေ (အလျား ၆ ပေ၊ အနံ ၃ ပေ)ထက် များစွာ လျော့နည်းနေသည်ဟု ယင်းအစီရင်ခံစာ တွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ တွင် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှု များကို ၂ဝဝ၈ – ၂ဝဝ၉ တွင် စတင်လုပ် ဆောင်ခဲ့သည်ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြော သည်။ အဆိုပါ တာဝန်ရှိသူက ၎င်း၏ဖြေ ကြားချက်များကို နာမည်နှင့် ရာထူး တာဝန်ဖော်ပြခြင်းမပြုဘဲ ရေးသားဖော် ပြရန် တောင်းဆိုထားပါသည်။
ထောင်တွင်း လူကျပ်သည့်ပြဿနာ ကို ဖြေရှင်းရာတွင် အကျဉ်းသားများကို လျော့သည့်နည်းလမ်းနှင့် အကျဉ်းထောင် များကို တိုးချဲ့တည်ဆောက်သည့်နည်း လမ်းတို့ရှိကြောင်း၊ အကျဉ်းထောင်များ ကို တိုးချဲ့ရာတွင် မြေနေရာနှင့် ငွေကြေး အခက်အခဲ ရှိသဖြင့် ဘက်စုံထောင့်စုံ သေ ချာစဉ်းစားပြီးမှ လုပ်ဆောင်သင့်ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၆ ခုနှင့် ရဲဘက်စခန်း ၄၈ ခုရှိပြီး လက် ရှိအကျဉ်းသားနှင့် အချုပ်သား ၇၇,ဝဝဝ ကျော်ကို ထိန်းသိမ်းထားကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ အကျဉ်းထောင်များ ရှိ အကျဉ်းကျဦးရေသည် ဝင်ဆံ့နိုင်သည့် အရေအတွက်ထက် ဦးရေသုံးသောင်း ပိုမို များနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယခု နှစ်ဒီဇင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော် တွင် ပြောကြားခဲ့သည်။
ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးဘေးရှိ လယ်ကွင်းတစ်ခုတွင် စပါးရိတ်သိမ်းနေကြသည့် ရဲဘက်အကျဉ်းသားများ။ ဓာတ်ပုံ – ကျော်မျိုးထွန်း/မော်ကွန်းမဂ္ဂဇင်း
မလုံလောက်သည့် အစားအသောက်
အကျဉ်းထောင်တွင်း နောက်ထပ် ပြဿ နာတစ်ခုမှာ အစားအသောက် မလုံ လောက်မှုနှင့် အာဟာရမပြည့်ဝခြင်းတို့ ဖြစ်သည်ဟု အကျဉ်းထောင်မှ လွတ် မြောက်လာသူများနှင့် လက်ရှိအကျဉ်းကျ နေသူများက ဆိုကြသည်။
၂ဝ၁၆၊ မေလအတွင်းက စစ်ကိုင်းအလုပ်သမားသပိတ်လှုပ်ရှားမှုဖြင့် ရမည်းသင်းထောင်၌ အကျဉ်းကျခဲ့သည့် အမျိုးသမီးတစ်စုမှာ ထောင်ထဲ၌ ထမင်း အလုံအလောက်မရရှိသဖြင့် အချို့ရက် များတွင် ထမင်းငတ်ခဲ့ရသည်ဟု ဆိုသည်။
၎င်းတို့အနက်မှ အကျဉ်းသူဟောင်း မစိမ်းလဲ့ခိုင်က ”မနက်ဆို အားလုံးတန်း စီပြီး ထမင်းကို ဇွန်းဖျားလေးနဲ့ တစ်ဇွန်း စာကော်ပေးတယ်။ မဝ၊ ဝဝ တစ်ဇွန်းပဲ။ မလောက်ဘူးဆိုလည်း ထပ်တောင်းလို့ မရဘူး”ဟု ရှင်းပြသည်။
ယင်းသို့ ထမင်းမဝသဖြင့် ထောင် မှူးထံ တောင်းဆိုခဲ့ရာ နောက်ငါးရက် အကြာတွင် သူတို့အုပ်စုအပါအဝင် အဆောင်ရှိ အခြားအကျဉ်းသူများ အားလုံး ထမင်းအလုံအလောက် ရရှိခဲ့ကြ သည်ဟု သူဆိုသည်။
လက်ရှိ ရမည်းသင်းထောင်ပိုင်ကြီး ကို မော်ကွန်းက ဆက်သွယ်မေးမြန်းရာ တွင် ၎င်းက ယင်းအကျဉ်းထောင်သို့ နိုဝင် ဘာလ ၂၈ ရက်မှ ပြောင်းရွှေ့လာသဖြင့် ယင်းဖြစ်စဉ်များကို မသိရှိကြောင်း ပြန် လည်ဖြေကြားခဲ့သည်။
အကျဉ်းဦးစီးဌာနမှ အမည်မဖော် လိုသည့် တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်နေချိန်တွင် နိုင်ငံတော်မှ တရားဝင်သတ်မှတ်ထား သည့် အကျဉ်းသားတစ်ဦးအတွက် တစ် နေ့စားစရိတ် ၆ဝဝ ကျပ်ဖြင့် လောက်င အောင် စီမံကျွေးမွေးနေရပါသည်ဟု တုံ့ ပြန်ပြောဆိုသည်။
လက်ရှိတွင် စစ်အစိုးရခေတ်နှောင်း ပိုင်းကစတင်ခဲ့သည့် အကျဉ်းထောင်ပြု ပြင်ပြောင်းလဲမှုများကြောင့် ယခင်က ထက်အစားအစာများ ပိုမိုကောင်းမွန်လာ ပြီး ဝဝလင်လင်ကျွေးမွေးနိုင်လာသည်ဟု သူက ဆက်ပြောသည်။
ထောင်ထဲတွင် ယခင်ကလို ဟင်း ခတ်ဇွန်းတစ်ကော်သာပါသည့် ပုံစံထမင်း မဟုတ်တော့ဘဲ ဗိုက်ပြည့်သည်အထိ စိတ် ကြိုက်စားသောက်ခွင့်ရနေသည်ကို ယခု နှစ် ဧပြီလက အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်း သားဟောင်း ဦးသန်းဆွေက ထောက် ခံသည်။
”တာလဘောဆိုလည်း အရင်လို ဆူပွက်နေတဲ့ရေထဲကို တွေ့သမျှအရွက်တွေ ပစ်ထည့်လိုက်တာမျိုး မဟုတ်တော့ ဘူး။ တော်တော်လေးကို အရသာရှိလာ ပြီ”ဟု သူက မှတ်ချက်ပြုသည်။
သို့သော် မြင်းခြံထောင်တွင် ဆန္ဒပြ ခံရသည့် ထောင်ပိုင်ကြီးလက်ထက်တွင် ထောင်ရှိစိုက်ပျိုးမြေ ရှစ်နေရာရှိသည့် အနက် နှစ်နေရာ လျှော့ချပြီး သီးပင်စား ပင်တချို့ကို ခုတ်ပစ်ကာ သူကိုယ်ပိုင် မွေး မြူထားသည့် ဝက်အကောင် ၁၅ဝ အတွက် ဝက်စာကျွေးမည့်အပင်များသာ စိုက်ပျိုးသဖြင့် ထောင်သားများ စား သောက်ရေးအဆင်မပြေမှုဖြင့် ကြုံတွေ့ ခဲ့ရသည်ဟု ယင်းထောင်မှ အကျဉ်းကျ နေဆဲ ကိုထွန်းထွန်းက ဆိုသည်။
မြင်းခြံထောင်ဆန္ဒပြမှုနှင့်ပတ် သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးတွေ့ရှိချက်များတွင် အကျဉ်း သားများကို ယခင်က မနက်ပိုင်းတွင် ထမင်းကြော်ကျွေးနေရာမှ ဆန်ပြုတ် တိုက်ခြင်း၊ ရာသီအလိုက်စိုက်ပျိုးထား သည့် သီးနှံစိုက်ခင်းများဖျက်ဆီးပစ်ခြင်း၊ အသား၊ ငါးဟင်းများ အရည်အသွေးညံ့ ဖျင်းပြီး အရွယ်အစားသေးသွားခြင်း၊ ယခင်က ကြက်ဥ၊ ကြက်သား၊ ငါးအလှည့် ကျကျွေးခဲ့ရာမှ ငါးတစ်မျိုးတည်းသာ ကျွေးမွေးခြင်းနှင့် ART ၊ TB ဆေး သောက်နေရသော လူနာအကျဉ်းသား များ ဆေးဒဏ်ခံနိုင်ရည်ရှိစေရန် လိုအပ် သည့်အာဟာရပြည့်ဝစွာကျွေးခြင်းတို့ မရှိခဲ့ဟု ဖော်ပြထားသည်။
အစားအသောက်နှင့်ပတ်သက်ပြီး အကျဉ်းသားတို့ ကြုံတွေ့နေရသည့် နောက်အခက်အခဲတစ်ခုမှာ အကျဉ်း ထောင်ဥပဒေ၌ တရားဝင်သတ်မှတ် ပြဋ္ဌာန်းထားသော အကျဉ်းသားများ ရ သင့်ရထိုက်သည့် စားနပ်ရိက္ခာအချိုး အစားအတိုင်း မရရှိကြခြင်းဖြစ်သည်။
အကျဉ်းထောင်များတွင် တနင်္ဂနွေ နှင့် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ညစာကို အကျဉ်းသားတစ်ဦးလျှင် ခုနစ် ကျပ်သားရှိသည့် အသားဟင်းကျွေးပြီး အသားမစားသူများကို ကြက်ဥနှစ်လုံးစီ ပေးသည်။ ကြက်သားချက်ရာတွင်လည်း အကျဉ်းဦးစီး၏ သတ်မှတ်ချက်အရ ကြက် သားတစ်တုံးလျှင် ခုနှစ်ကျပ်သားရှိရမည် ဖြစ်ပြီး ဦးခေါင်း၊ ကလီစာ၊ တောင်ပံ၊ ခြေ ထောက်များမပါဘဲ ချက်ကျွေးရမည် ဖြစ်သည်။
သို့သော် လက်တွေ့တွင် သတ်မှတ် ချက်အတိုင်းမလိုက်နာဘဲ ကြက်တစ် ကောင်ကို ခေါင်း၊ ခြေထောက်၊ အတောင် ပံ၊ ကလီစာများထည့်ပြီး ချက်ကျွေးသည် ဟု တောင်လေးလုံးထောင်နှင့် အင်းစိန် ထောင်တို့တွင် ကြုံတွေ့ခဲ့သည့် အဖြစ် အပျက်ကို အကျဉ်းသားဟောင်း ကိုအောင်နိုင်ဝင်းက ပြန်ပြောင်းပြောပြသည်။
”နောက်နေ့ကျရင် အဲဒီပိုတဲ့ အသားတွေကို ကြော်၊ ခြင်းတောင်းနဲ့ ထည့်ပြီး အဆောင်တွေမှာ လိုက်ရောင်း တယ်”ဟု သူက ဆိုသည်။
(ကိုအောင်နိုင်ဝင်းသည် တောင် လေးလုံးထောင်၊ အင်းစိန်ထောင်၊ မော် လမြိုင်ထောင်နှင့် မုပ္ပလင်ရဲဘက်စခန်းတို့ တွင် မူးယစ်မှုဖြင့် ၂ဝ၁ဝ မှ ၂ဝ၁၆ အထိ ခြောက်နှစ်ကြာ အကျဉ်းကျခဲ့သူ ဖြစ်သည်။)
၂ဝ၁၆ အတွင်း AAPP က ပြုလုပ် ခဲ့သည့် စစ်တမ်းတစ်ခုတွင် ပါဝင်ဖြေဆိုခဲ့ သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ၈၈ ရာခိုင်နှုန်းက အကျဉ်းထောင်လက်စွဲတွင် ပြဋ္ဌာန်းထားသည့် အထောက်အပံ့များ ရရှိသည်ဟု မခံစားရကြောင်း ဖြေဆိုထား ရာ အကျဉ်းထောင်လက်စွဲသည် စာအုပ် အဖြစ်သာရှိပြီး လက်တွေ့တွင် အမှန် တကယ် လိုက်နာဆောင်ရွက်မှုနည်းပါး လှသည်ဟု ဖော်ပြထားပါသည်။
အကျဉ်းဦးစီးဌာနအတွက်ခွင့်ပြု ထားသည့် ဘတ်ဂျက်ကို မေးမြန်းရာတွင် တော့ ထောင်အာဏာပိုင်များနှင့် အကျဉ်း ဦးစီး ပြောရေးဆိုခွင့်ရှိသူတို့က ပြန်လည် ဖြေဆိုခြင်းမရှိခဲ့ပါ။
အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးဦးမင်းထွန်းစိုးကတော့ ကုန် ဈေးနှုန်းများ မြှင့်တက်လာသည့်အတွက် လာမည့် ၂ဝ၁၇ – ၂ဝ၁၈ ဘဏ္ဍာရေး နှစ်မှစပြီး ဘတ်ဂျက်တိုးမြှင့်တောင်းခံ တော့မည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ များကို ပြောကြားထားသည်။
အကျဉ်းထောင်တစ်ခုအတွင်းမှ တိုက်ပိတ်အကျဉ်းသားများ ထားရာအခန်း ။ Photo: AAPP
အားနည်းနေဆဲ ကျန်းမာရေးစောင့်ရှောက်မှု
အကျဉ်းထောင်အတွင်း ယခင်က ကဲ့သို့ မပြောင်းလဲသေးဘဲ ရှိနေသည့် နောက်ထပ် အကြောင်းအရာတစ်ခုက ကျန်းမာရေးစောင့်ရှောက်မှုပင်ဖြစ်သည်။
အကျဉ်းထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေသည် စစ် အစိုးရလက်ထက်က ရှိခဲ့သည့်အခြေ အနေအတိုင်း သိသိသာသာ တိုးတက် ကောင်းမွန်လာခြင်းမရှိဘဲ လိုအပ်ချက် များ ရှိနေဆဲပင်ဖြစ်ကြောင်း အကျဉ်းသား များက ဆိုသည်။
AAPP ၏ ၂ဝ၁၁ မှတ်တမ်းများ အရ အကျဉ်းသားခုနစ်ထောင်ကျော်တွင် ဆရာဝန်တစ်ဦးနှုန်းသာရှိပြီး အနည်းဆုံး အကျဉ်းထောင် ၁၂ ခုတွင် ထောင်ဆရာ ဝန်မရှိကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အား လုံးတွင် သတ်မှတ်ချက်အရ ဆရာဝန် ၁၁၈ ဦးရှိရမည့်နေရာတွင် ဆရာဝန် ၃ဝ ဦး (လေးပုံ တစ်ပုံ)ခန့်သာရှိခြင်း၊ သူနာပြု ၁၉၉ ဦးရှိမည့်နေရာတွင် ၈ဝ ဦး (ငါးပုံ နှစ်ပုံ)သာရှိခြင်း၊ သူနာပြုအဆင့်(၄) ၆၃ ဦးရှိရမည့်နေရာတွင် ၃၈ ဦး(နှစ်ပုံတစ်ပုံ ကျော်) ခန့်သာရှိခြင်းတို့ကြောင့် လက်ရှိ မှာ သတ်မှတ်ဖွဲ့စည်းပုံအတိုင်း မပြည့်မီ ကြောင်း အကျဉ်းဦးစီးဌာနမှ ဦးမင်းထွန်း စိုးက ရှင်းပြသည်။
မြင်းခြံထောင်ရှိ ဆေးရုံကို ကြည့် မည်ဆိုလျှင် ဆရာဝန်တစ်ဦး၊ ဆေးမှူး တစ်ဦးနှင့် အကျဉ်းသားထဲမှ ဆေးဝါး အကြောင်း အနည်းအကျဉ်းနားလည်သူ အကျဉ်းသားနှစ်ဦးကို အကူအဖြစ် ခေါ် ထားရသည်ဟု ကိုထွန်းထွန်းက ပြော သည်။ ဆရာဝန်နှင့် ဆေးမှူးတို့မှာ ထောင် သို့ နေ့စဉ်ပုံမှန်လာလေ့မရှိသဖြင့် အကျဉ်းသားများ မကျန်းမာသည့်အခါ အကျဉ်းသားအကူများကသာ ဒိုင်ခံ ကုသ ပေးသည်ဟု သူက ဆိုသည်။
လွန်ခဲ့သောငါးလခန့်က မြင်းခြံ ထောင်ရှိ အဆောင် ၂ မှ အကျဉ်းသား တစ်ဦး ရုတ်တရက်ဗိုက်အောင့်လာ သဖြင့် အခန်းဖော်အကျဉ်းသားတို့က အဆောင်မှ တာဝန်ကျဝန်ထမ်းကို ချက် ချင်းသတင်းပို့လိုက်ကြသည်။ ဆေးမှူး ရောက်လာသည့်အခါတွင် လူနာအကျဉ်း သားကို ထောင်ဆေးရုံသို့ ပို့ပေးခဲ့သည်။
ထောင်ဆေးရုံတွင် ယင်းလူနာ အကျဉ်းသားကို အကျဉ်းသားအကူဆေး မှူးက ဆေးနှစ်လုံးထိုးပေးသည်။ မကြာမီ ယင်းအကျဉ်းသားမှာ လက်မောင်းနှစ်ဖက်စလုံး ဖောင်းကားလာကာ သေဆုံး သွားခဲ့ကြောင်း ယင်းဖြစ်စဉ်ကို မျက် မြင်ကိုယ်တွေ့ကြုံခဲ့ရသူ အကျဉ်းသား တစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ ကိုထွန်းထွန်းက မော်ကွန်းကို ပြန်ပြော ပြသည်။
”သေသွားတဲ့အကျဉ်းသားတွေထဲ က နှစ်ယောက်ဆိုရင် သူ့(အကျဉ်းသား အကူ)လက်ချက်နဲ့ ဆေးထိုးမှားလို့ သေ တာလု့ိ ကျွန်တော်တို့ အကျဉ်းသားတွေ ဘက်က သံသယရှိနေကြတယ်”ဟု သူက ဆိုသည်။
မြင်းခြံထောင်မှ ထောင်ဝါဒါတစ် ဦးဂ ကလည်း ”အကျဉ်းသားတစ်ဦးကို သွေးပေါင်ချိန်တာကအစ သူတို့(ဆရာ ဝန်များ) ကိုယ်တိုင် ထိထိမိမိချိန်ပေးစေ ချင်တယ်။ အခုက အပြင်မှာဆေးနဲ့ပတ် သက်ပြီး ဘာဘွဲ့တံဆိပ်မှ မရလာတဲ့ ကောင်တွေ၊ ရွာက အပ်ပုန်းလိုဟာတွေကို ဌာနမှာခေါ်ပြီး ခိုင်းတယ်”ဟု ပြီးခဲ့သည့် နိုဝင်ဘာက မော်ကွန်းနှင့်တွေ့ဆုံစဉ် ပြော ကြားခဲ့သည်။ ၎င်းထောင်ဝါဒါက သူ၏လုံခြုံရေးအတွက် နာမည်မဖော်ပြရန် တောင်းဆိုထားသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ ထုတ်ပြန်သည့် မြင်းခြံ ထောင်အစီရင်ခံစာတွင်လည်း အရေးပေါ် အခြေအနေ၌ လူနာအကျဉ်းသားများကို အချိန်မီဆေးဝါးကုသခွင့်မပေးခြင်းကြောင့် မလိုအပ်ဘဲ သေဆုံးမှုများရှိနေကြောင်း ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အကျဉ်းဦးစီးဌာနမှ ဦးမင်းထွန်းစိုးက တော့ ”လူတစ်ယောက်က အကြောင်း ကြောင်းကြောင့် ထောင်ကျလာတယ်။ ဆေးပညာလည်း နားလည်တဲ့သူကို အကူ အနေနဲ့ခိုင်းတာပါ။ မတတ်ဘဲနဲ့တော့ ပေး မလုပ်ပါဘူး”ဟု တုံ့ပြန်ပြောဆိုသည်။
မ္တနလေးအိုးဘိုအကျဉ်းထောင်မှ ယခုနှစ် ဇူလိုင်လက ပြန်လည်လွတ် မြောက်လာသူ ဘီဘီစီသတင်းထောက် ကိုနေလင်းက ထောင်ထဲတွင် အကျဉ်း သားများ ခေါင်းကိုက်၊ ဖျားနာ၊ ဗိုက် အောင့်၊ အအေးမိနှာစေးခြင်းများဖြစ်ပါ က ပါရာစီတမောလ်ဆေးကိုသာ ပေး သည်ဟု ပြောသည်။
”ဘာရောဂါပဲဖြစ်ဖြစ် ပါရာစီ တမောလ်ပဲပေးတယ်။ ထောင်ထဲမှာ ဗမာ စကားမတတ်တဲ့ တရုတ်နိုင်ငံသားတွေ အများကြီးပဲ။ သူတို့က ပါရာစီတမောလ် ဆေးခန်းလို့တောင် နာမည်ပေးထား တယ်”ဟု သူက ဆိုသည်။
အမျိုးသမီးအဖွဲ့များကွန်ရက်(မြန်မာ)၏ ၂ဝ၁၆ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် HIV/AIDS ရှိနေသည့် အကျဉ်းသူများ အတွက် ART ဆေးမရရှိခြင်း၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများ မရရှိခြင်း၊ ကိုယ် ဝန်ဆောင်အမျိုးသမီးများ မီးဖွားရာတွင် အခက်အခဲများစွာ ကြုံတွေ့ရခြင်း၊ ၎င်း တို့၏ ကလေးများ ကျန်းမာရေးစောင့် ရှောက်မှု အားနည်းခြင်းများရှိနေသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက် ကလည်း မကွေးတိုင်း၊ သရက်ခရိုင်ဆေးရုံ တွင် မီးဖွားခဲ့သည့်အကျဉ်းသူကို မီးဖွား ပြီးနောက် လူနာတင်ခုတင်တွင် လက်၊ ခြေထောက်အား လက်ထိပ်နှင့် သံကြိုး ခတ်ပြီး ချုပ်နှောင်ထားသည့် အကြောင်း ကို Facebook လူမှုကွန်ရက်စာမျက်နှာ တွင် တင်ခဲ့ရာမှ အများပြည်သူအကြား ပျံ့နှံ့သွားခဲ့ပြီး အကြီးအကျယ်ဝေဖန်ခဲ့ ကြသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ယင်းလုပ်ရပ်မှာ လူ့အခွင့် အရေး ချိုးဖောက်မှုတစ်ခုဖြစ်သော်လည်း တာဝန်ရှိသူများက သိသိချင်း ချုပ်နှောင် ထားမှုကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည့် အတွက် ကော်မရှင်အနေဖြင့် အရေးယူ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း မော်ကွန်း ကို ပြောကြားသည်။
ညီမျှခြင်းမြန်မာ(Equality Myanmar)မှ ဒါရိုက်တာဦးအောင်မျိုး မင်းက အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်းတွင် လူတိုင်းက တရားဥပဒေရှေ့မှောက်၌ လူသားကဲ့သို့ ဆက်ဆံခံပိုင်ခွင့်ရှိပြီး တရားစီရင်ရာတွင် လည်း လူသားတစ်ဦး၏ အခွင့်အရေး ခံစားခွင့်ရှိကြောင်း မော်ကွန်းကို ပြော ကြားသည်။
”ဥပဒေအရ စီရင်ပြီးတဲ့နောက်မှာ လည်း လူသားဖြစ်တယ်ဆိုတာမေ့လို့မရပါဘူး။ ဒါကြောင့်မို့လို့ လူသားတစ် ယောက်ရဲ့ ဂုဏ်သိက္ခာအတိုင်း လိုအပ်တဲ့ လူနေမှု၊ ကျန်းမာရေး၊ နောက်တစ်ခါ သူ တို့ရဲ့လုံခြုံမှုကိစ္စတွေကို တာဝန်ယူလုပ် ပေးရမယ်”ဟု သူက ဆိုသည်။
အင်းစိန်အကျဉ်းထောင်အား Google Map မှ တွေ့ရပုံ
ထောင်ပြင်ပလုပ်ငန်းခိုင်းစေမှု
ခေတ်အဆက်ဆက်၌ အကျဉ်း ထောင်နှင့် ရဲဘက်စခန်းများတွင် အကျဉ်း သားများ၏လုပ်အားကို နိုင်ငံတော် အတွက် မဟုတ်ဘဲ အကျဉ်းထောင်အရာရှိ နှင့် ပြင်ပစီးပွားရေးလုပ်ငန်းရှင်များ အတွက် အသုံးချသည့် ဖြစ်စဉ်များသည် ယနေ့အထိရှိနေဆဲဟု မော်ကွန်းက တွေ့ ဆုံခဲ့သည့် အကျဉ်းသားဟောင်းများနှင့် လက်ရှိအကျဉ်းသားများက ဆိုသည်။
၂ဝ၁ဝမှ ၂ဝ၁၆ အထိ ခြောက်နှစ် ကြာ အကျဉ်းကျခဲ့ပြီး ယခုနှစ်မေလမှ မုပ္ပလင်ရဲဘက်စခန်းမှ ပြန်လည်လွတ် မြောက်လာသည့် ကိုအောင်နိုင်ဝင်းက ထောင်အရာရှိများသည် သတ်မှတ်ထား သည့် ကျောက်ကျင်းအရေအတွက်ထက် နှစ်ဆ၊ သုံးဆပိုထုတ်ပြီး ဆယ်ဘီးကားကြီး များဖြင့် ပြင်ပလုပ်ငန်းရှင်များထံ နေ့စဉ် ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ကြ သည်ဟု ဆိုသည်။
ထိုစဉ်က ကိုအောင်နိုင်ဝင်းသည် မုပ္ပလင်ရဲဘက်စခန်း ကျောက်ထုလုပ်ငန်း တွင် ကျောက်ကား မောင်းပေးခဲ့ရသူတစ် ဦးဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အကျဉ်း ဦးစီးဌာနမှ အရာရှိကြီးတစ်ဦးကို မော် ကွန်းက ဆက်သွယ်မေးမြန်းရာမှာတော့ ”ကျောက်ထုတ်လုပ်တဲ့ဟာတွေက ရှိ တော့ရှိတယ်။ ပြောလို့မရဘူးထင်တယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရဲဘက်စခန်းများတွင် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းများရှိသလို အကျဉ်း ထောင်များအတွင်း၌လည်း အကျဉ်းသား တို့၏ လုပ်အားကို အသုံးချကာ စီးပွားရှာ နေကြသည်များ ရှိနေဆဲပဲဟု မော်ကွန်း နှင့် တွေ့ဆုံခဲ့သည့် အကျဉ်းသားများက ဆိုကြသည်။
မြင်းခြံထောင်တွင်လည်း ယခင် ထောင်ပိုင်ကြီးလက်ထက် (၂ဝ၁၆ အောက်တိုဘာအထိ) က အကျဉ်းသား များကို မျက်တောင်တုလုပ်ငန်း၊ အမွှေး တိုင်လုပ်ငန်းနှင့် ဖန်စီပစ္စည်းလုပ်ငန်းများ ကို လုပ်ခိုင်းသည်ဟု ထိုထောင်တွင် အကျဉ်းကျနေဆဲဖြစ်သည့် ကိုထွန်းထွန်း က ဆိုသည်။
ထိုသို့လုပ်ပေးရခြင်းအတွက် လ ကုန်ပါက ထောင်အာဏာပိုင်တွေက အကျဉ်းသားလေးဦးလျှင် ကြက်သွန်နီ တစ်ပိဿာ၊ ဆီ(ဟင်းချက်ဆီ)တစ်လီတာ ပေးသည်ဟု သူက ဆိုသည်။
”တစ်လလုံးလုပ်တောင် တစ် ထောင်၊ ထောင့်ငါးရာ ကျပ်ဖိုးလောက်ပဲ ပေးတာဆိုတော့ တန်မှမတန်တာ”ဟု ကိုထွန်းထွန်းက ပြောသည်။
အကျဉ်းထောင်သို့ အထက်လူကြီး များ လာရောက်စစ်ဆေးသည့်အခါမျိုး တွင် ယင်းလုပ်ငန်းများကို ခေတ္တရပ်နား ပြီး ပစ္စည်းများကို သိမ်းဆည်းထားတတ် သည်ဟု ကိုထွန်းထွန်းက ဆိုသည်။ မြင်းခြံ ထောင်ပိုင်ကြီးကို ဆန္ဒပြခဲ့ကြသည့် အောက်တိုဘာလ နောက်ပိုင်း ယင်းလုပ် ငန်းများကို ရပ်နားထားကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ အကျဉ်းထောင်တစ်ခုမှ အမည်မဖော်လို သူ ထောင်ပိုင်ကြီးတစ်ဦးက ထောင်ထဲ၌ အကျဉ်းသားများ၏လုပ်အားဖြင့် ပြင်ပ စီးပွားရေးလုပ်ငန်းများ ခိုင်းစေခြင်းမှာ ဟုတ်မှန်ကြောင်း မော်ကွန်းသို့ အတည် ပြုသည်။
၎င်းလုပ်ငန်းများမှရရှိသည့်ငွေများဖြင့် ”အသားဟင်းကျွေးတဲ့နေ့မှာ ပဲ ဟင်းကျွေးဖို့ ထောင်လက်စွဲထဲမှာ မပါပေ မယ့် ကျွန်တော်ကတော့ ပြည့်ပြည့်ဝဝ ကျွေးပါတယ်”ဟု သူက ဆိုသည်။
AAPP မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ကုမ္ပဏီတချို့ အကျဉ်း ထောင်နှင့်ပေါင်းပြီး စီးပွားရေးလုပ်သည့်ကိစ္စရပ်များသည် အကျဉ်းထောင်ဥပဒေ နှင့် ငြိစွန်းသည်ဟု မှတ်ချက်ပြုသည်။
ရဲဘက်စခန်းများနှင့် အကျဉ်း ထောင်အတွင်း ယင်းကဲ့သို့ လုပ်အား ခေါင်းပုံဖြတ်မှုများရှိသလို အကျဉ်း ထောင်အတွင်း လိုအပ်သည့်ပစ္စည်းများ အား အကျဉ်းသားများက ဝယ်ယူပေးရ သည့် ခေါင်းပုံဖြတ်မှုများလည်း ရှိနေသည်။
မြင်းခြံထောင်အဆောင် ၁ နှင့် ၂ တို့တွင် အဆောင်မှူးရုံးခန်းအသစ် ဆောက်လုပ်ရန် အကျဉ်းဆောင်များမှ တစ်လလျှင် သုံးသောင်းကျပ်ကောက်ခံ သည်ဟု ကိုထွန်းထွန်းက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ယခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့ သည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်၏ အစီရင်ခံစာတွင် အကျဉ်းထောင်ပြင်ပရှိ ဘာသာရေးဆိုင် ရာအလှူအတန်းများ၊ အဆောင်များရှိ မီး သီး၊ မီးချောင်း၊ ရေမော်တာအပိုပစ္စည်း များနှင့် မီးစက်အတွက်ဒီဇယ်စသည်တို့ ဝယ်ယူရန်နှင့် အဆောင် ၁ တာဝန်ကျ အဆောင်မှူးအတွက် ရုံးခန်းဆောက်လုပ် ရာတွင် ကုန်ကျစရိတ်ကို အကျဉ်းသား များထံမှ ငွေကြေးကောက်ခံသည်ဟု ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ငွေကြေးကောက်ခံခြင်းမှာ တန်းစီးများက ကောက်ခံခြင်းသာဖြစ်ပြီး ထောင်ပိုင်ကြီး က ကောက်ခံခြင်း မဟုတ်ကြောင်း ပြန် လည်ဖြေကြားသည်။
ထောင်ဥပဒေပြင်ဆင်ရေး
မြန်မာနိုင်ငံတွင် အင်္ဂလိပ်ကိုလိုနီ ခေတ်က စတင်ကျင့်သုံးခဲ့သည့် ၁၈၉၄ အကျဉ်းထောင်ဥပဒေ (The Prisons Act 1894 ) နှင့် ယင်းဥပဒေကို အခြေခံ ကာ အသေးစိတ်အကျယ်ချဲ့ထားသည့် အကျဉ်းထောင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း လမ်းညွှန်ဖြစ်သော အကျဉ်းထောင်လက် စွဲ (Jail Manual) တို့ကို ယနေ့တိုင် လိုက် နာကျင့်သုံးနေဆဲ ဖြစ်သည်။ ယင်းဥပဒေ နှစ်ခုဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင် စနစ်ကို အခြေခံ တည်ဆောက်ထားခြင်း ဖြစ်သည်။
သက်တမ်းနှစ် ၁ဝဝ ကျော်ရှိနေပြီ ဖြစ်သည့် အဆိုပါဥပဒေများမှာ လက်ရှိ ခေတ်စနစ်နှင့် မကိုက်ညီတော့သဖြင့် ဥပဒေသစ် ပြင်ဆင်ရေးဆွဲနေကြပြီ ဖြစ်သည်။
ဦးသိန်းစိန် အစိုးရလက်ထက် ၂ဝ၁၅၊ ဇူလိုင်က ပထမအကြိမ်လွှတ် တော်၌ ပြည်ထဲရေးဝန်ကြီးဌာနမှ အကျဉ်းထောင်ဥပဒေကြမ်းကို တင်သွင်း ခဲ့သည်။ ယင်းဥပဒေကြမ်းကို လွှတ်တော် ဥပဒေရေးရာကော်မတီ၌ပင် ကန့်ကွက်မှု များရှိခဲ့သဖြင့် လွှတ်တော်အစည်းအဝေး တွင် ဆွေးနွေးမှု မပြုခဲ့ရပေ။ ယင်းပြင်ဆင် သည့် ဥပဒေကြမ်းအား အစိုးရပိုင် မီဒီယာ များမှ အများပြည်သူ အကြံပြုနိုင်ရန် ထုတ်ပြန်အပြီး ရက်အနည်းငယ်အကြာ တွင် လွှတ်တော်သက်တမ်း ပြီးဆုံးခဲ့သည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (Amnesty International) ကလည်း ယင်းဥပဒေကြမ်းတွင် ယခင် ဥပဒေထက် သိသာသည့် တိုးတက်မှုများ ရှိနေသော်လည်း နိုင်ငံတကာလူ့အခွင့် အရေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိသေး ကြောင်း၊ မြန်မာအစိုးရအနေဖြင့် အကျဉ်းထောင်ဥပဒေများကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနှင့် ညီညွတ် အောင်လုပ်ဆောင်သင့်သည်ဟု ယခုနှစ် နိုဝင်ဘာက ထုတ်ပြန်ခဲ့သည်။
ဦးသိန်းစိန်အစိုးရလက်ထက်က တင်သွင်းခဲ့သည့် အကျဉ်းထောင်ဥပဒေ ကြမ်းကို ပြင်ဆင်ခြင်းမရှိဘဲ လက်ရှိ ကျင်းပဆဲ ဒုတိယလွှတ်တော်၌ တင်ရန် ဥပဒေကြမ်းကော်မတီသို့ ပေးပို့ထားပြီ ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ဒုတိယ ညွှန်မှူးဦးမင်းထွန်းစိုးက ပြောသည်။
”အက်ဥပဒေကျလာရင် နည်း ဥပဒေကို လုပ်ရတော့မှာ။ နည်းဥပဒေကျ တော့ AAPP တို့၊ ICRC (ကမ္ဘာ့ကြက် ခြေနီအဖွဲ့) တို့ အကြုံပြုချက်တွေကို မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ဟာတွေ အကုန်လုံးတော့ ကျွန်တော်တို့ ထည့်သုံး သွားမှာပါ”ဟု သူက ရှင်းပြသည်။
Illustration – Hla Kyi
ယမန်နှစ်က ပြည်ထဲရေးက တင်ခဲ့ သည့် ဥပဒေကြမ်းကို ပြင်ဆင်သင့်သည်ဟု ယူဆသောကြောင့် AAPP အနေဖြင့် အခြားသော နိုင်ငံတကာဥပဒေများ၊ ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် အခြေခံစံသတ်မှတ်ချက်များကို လေ့လာ ပြီး အကျဉ်းထောင်ဥပဒေတစ်ခု ရေးဆွဲ ပြင်ဆင်ထားသည်ဟု အဆိုပါအဖွဲ့မှ ဦးအောင်မျိုးကျော်က ဆိုသည်။
ထိုဥပဒေကြမ်းကို ဥပဒေကြမ်း ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များထံသွားရောက်ပြီး အကြုံပြုဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ လွှတ် တော်ထဲတွင် နိုင်ငံရေးအကျဉ်းသား ဟောင်း လွှတ်တော်ကိုယ်စားလှယ် ၁၂ဝ ကျော်ရှိနေသဖြင့် ဥပဒေပြင်ဆင်ရေး ညှိနှိုင်းဆွေးနွေးရာတွင် ယခင်ကထက် ပိုမိုထိရောက်ကောင်းမွန်ကြောင်း သူက သုံးသပ်သည်။
မြင်းခြံထောင်မှ အကျဉ်းကျနေဆဲ အကျဉ်းသား ကိုထွန်းထွန်းကတော့ ဥပဒေလည်း ပြင်ဆင်နေသလို ထောင် ဝန်ထမ်းများ၏ တာဝန်ဝတ္တရား၊ လုပ်ပိုင် ခွင့်၊ စောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်း များနှင့် အကျဉ်းသားများ၏ ခံစားခွင့်၊ ရပိုင်ခွင့်များကို သာမန်လူများ အလွယ် တကူ နားလည်စေရန် အဆောင်များ၌ ဆိုင်းဘုတ်များ ထောင်ပေးစေလိုသည်ဟု ပြောပါသည်။
”အဲဒါဆို လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို တော်တော်လေး အဟန့် အတားဖြစ်မယ် ထင်တယ်”ဟု သူက ဆိုသည်။
အကျဉ်းသားတို့ ထောင်ထဲ၌ ကြုံ တွေ့နေရသည့် လူ့ အခွင့်အရေးချိုးဖောက် မှုများနှင့်ပတ်သက်၍လည်း ကိုထွန်း ထွန်းက ယခုလို မှတ်ချက်ပြု ပြောဆိုသည်။
”အဓိကက လူကို လူလို မြင်ပြီး ဆက်ဆံပေးနိုင်ရင်ရပြီ”
( ကိုထွန်းထွန်းဆိုသည်မှာ အမည်လွှဲ ဖြစ်ပါသည်။ ၎င်း၏ လုံခြုံရေးကိုစိုးရိမ်သော ကြောင့် အမည်လွှဲပေးရန်တောင်းဆိုထားသော ကြောင့် ဖြစ်ပါသည်။)
(ထောင်ဝါဒါ – အကျဉ်းဦးစီးဌာနမှ ထောင်ဝန် ထမ်းများကို ခေါ်ဆိုသည်။
တန်းစီး – အကျဉ်းသားများကို စည်းကမ်းထိန်း သိမ်းရန် ထောင်အာဏာပိုင်များက ရွေးချယ် တာဝန်ပေးထားသော အကျဉ်းသား)
၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂) မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။

