ရန်ကုန် – ၂၀၂၃ ဩဂုတ် ၃ (မော်ကွန်း)
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သောင်ရင်းမြစ်မှာ ၂၄ နာရီအတွင်းစိုးရိမ်ရေအမှတ်ရောက်ရှိမယ်လို့ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနကပြီးခဲ့တဲ့နာရီပိုင်းအတွင်းထုတ်ပြန်ထားပါတယ်။
“ ကျွန်တော်တို့က မြစ်တွေရဲ့စိုးရိမ်ရေအမှတ်မရောက်ခင် သုံးပေအလိုမှာထုတ်ပြန်တာပါ။ မိုးကလည်းများဖို့ရှိတယ်ဆိုတော့ ဒါကြောင့်မို့လည်း စိုးရိမ်ရေအမှတ်အဖြစ်ထုတ်ပြန်ထားတာပါ။ အဲလိုစိုးရိမ်ရေအမှတ်ကို ရောက်တော့မယ်လို့ထုတ်ပြန်တဲ့အခါမှာ တစ်ချို့မြေနိမ့်ဒေသမှာရေတွေစဝင်နေပြီ။ စိုးရိမ်ရေအမှတ်ရောက်ရင် ပိုမြုပ်မှာပေါ့၊ ပြောင်းဖို့ရွှေ့ဖို့ပြင်ဆင်မှုတွေလုပ်ရမှာပေါ့။ မြစ်ကမ်းအနီးနေတဲ့သူတွေအထူးသတိပြုပါ” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
သောင်ရင်းမြစ်ဆိုတာဟာ ထိုင်း-မြန်မာနယ်စပ်ဖြတ်သန်းစီးဆင်းတဲ့မြစ်တစ်စင်းပါ။ သောင်ရင်းမြစ်ရဲ့စိုးရိမ်ရေအမှတ်ကို ၉၆၃ စင်တီမီတာလို့ မိုးဇလကသတ်မှတ်ထားပါတယ်။ ဒီနေ့လယ်ထိ ၉၁၂ စင်တီမီတာရှိနေပြီးလာမယ့် ၂၄ နာရီအတွင်းမှာ စိုးရိမ်ရေအမှတ်ကိုရောက်မယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။ မိုးရေချိန်ဟာသုံးလက်မကျော်ရင်မိုးကြီးတယ်လို့မိုးဇလကသတ်မှတ်ပါတယ်။
မနက်ဖြန်မှာ ကရင်ပြည်နယ်အတွင်း နေရာကွက်ကြားမိုးကြီးနိုင်ပြီး ရွာဖို့ရာနှုန်းပြည့်ဖြစ်တယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ ၁၂ နာရီအတွင်း မိုးရေချိန်ခြောက်လက်မကျော်၊ ဘားအံမြို့မှာလေးလက်မကျော်နဲ့ ကြာအင်းဆိပ်ကြီးမြို့မှာသုံးလက်မကျော်ခဲ့ပါတယ်။
#Dailynews

