အောင်ပိုင်
ရန်ကုန် – သြဂုတ် ၁၁၊ ၂၀၂၀ (မော်ကွန်း)
သုံးနှစ်ဆက်တိုက် တက္ကသိုလ်ဝင်တန်း အောက်ချက်သုညဖြစ်နေခဲ့သော ချင်းပြည်နယ်၊ ဝေဘူလမြို့နယ် အထက်တန်းကျောင်းတွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသားတစ်ဦးအား ဂုဏ်ပြုပွဲအခမ်းနားလုပ်ပေးမည်ဟု ထိုကျောင်းမှကျောင်းအုပ်ဆရာက ပြောသည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းကို စုစုပေါင်းကိုးယောက် ဝင်ရောက်ဖြေဆိုခဲ့ရာ ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်ခဲ့သူ တစ်ဦးပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ကျောင်းအုပ်ဆရာ ဦးကျော်လင်းအောင်က “ကျွန်တော်တို့ ကျောင်းသားတွေက တခြားမြို့က ကျောင်းတွေကို ပြောင်းသွားပြီး အောင်သွားကြတယ်။ ဒီမှာက အောင်ဖို့အလားအလာနည်းတဲ့ ကျောင်းသားတွေပဲ ကျန်ခဲ့တာများတယ်။ ဒီနှစ်တော့ နှစ်ယောက်မှန်းတာ တစ်ယောက်အောင်သွားတယ်။ ဒီကဆရာ၊ ဆရာမတွေ ညဘက်စာဖတ်ဝိုင်းလုပ်ပြီး စာပြပေးခဲ့ကြရတယ်။ ခုတအားဝမ်းသာနေကြတယ်” ဟု ပြောသည်။
ယင်းကျောင်းသားအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ဒေသခံများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မနက်ဖြန်တွင် ကျင်းပမှာဖြစ်ပြီး ဂုဏ်ပြုဆုတံဆိပ်များနှင့် ဆုငွေငါးသောင်းကျပ် ချီးမြှင့်သွားမည်ဟု ၎င်းကဆိုသည်။
နှစ်တိုင်းနီးပါး တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းဆုံးပြည်နယ်ဖြစ်နေသည့် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် သုညဖြစ်နေသည့် ကျောင်းအရေအတွက်မှာ ပြီးခဲ့သည့် သုံးနှစ်အတွင်း ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ကျောင်းပေါင်း ၂၀ ကျော်ရှိသည်။
ယင်းအရေအတွက်သည် ချင်းပြည်နယ်ရှိ အထက်တန်းကျောင်း စုစုပေါင်း၏ ငါးပုံတစ်ပုံနီးပါးရှိကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံးမှရရှိသည့်အချက်အလက်များကဆိုသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားအရေအတွက်မှာလည်း ချင်းပြည်နယ်တွင် နှစ်စဉ်ပျမ်းမျှအားဖြင့် ၁၆ ရာခိုင်နှုန်းခန့်သာရှိခဲ့သည်။
ယခုနှစ်ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ ၂၁ ဒဿမ ၂ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်းတိုးလာသည်။
တက္ကသိုလ်ဝင်တန်း အောင်ချက်နည်းပါးသလို အောင်ချက်သုညကျောင်းများ နှစ်စဉ်ဖြစ်ပေါ်နေသည့် အကြောင်းရင်းများမှာ ဆရာ မလုံလောက်မှု၊ ဘာသာစကားအခက်အခဲ၊ ပညာရေးဝန်ကြီးဌာန၏ ဝန်ထမ်းအပြောင်းအရွှေ့မူဝါဒ၊ အဆင့်တိုးသည့် ကျောင်းများပြားသော်လည်း ဆရာနှင့် ကျောင်းသားမရှိခြင်းတို့ကြောင့်ဆိုသည့် သုံးသပ်မှုများရှိနေကြောင်း ပြီးခဲ့သည့်နှစ်က မော်ကွန်းက သတင်းဆောင်းပါးရေးသားထားပြီးဖြစ်သည်။
၂၀၁၉ ခုနှစ်၊ မော်ကွန်းသတင်းထောက်များ သွားရောက်သတင်းယူစဉ်က ဝေဘူလမြို့ အ.ထ.က၏ ညစာကျက်ဝိုင်းတွင် တွေ့ရှိရသော ကျောင်းအုပ်ဆရာကြီး ဦးကျော်လင်းအောင်နှင့် ကျောင်းသူ၊ ကျောင်းသားများ။
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews