သီပေါအကျဉ်းသားများထံမှ အပြန်

သီပေါအကျဉ်းသားများထံမှ အပြန်

ရှမ်းပြည်နယ်သို့ အလည်အပတ်ခရီး၊ အလုပ်ကိစ္စ၊ သင်တန်းတက်ရန် စသဖြင့် သုံးကြိမ်ထက်မနည်း ရောက်ဖူးသည်။ အတိအကျ ဆိုရလျှင် ငေးမျှော်မငြီးနိုင်ဖွယ် ရှုခင်းများရှိရာ ရှမ်းပြည်တောင်ပိုင်းသို့ ရောက်ဖူးခြင်းဖြစ်သည်။ ရှမ်းပြည်နယ်သို့ သွားရောက်ရန် အကြောင်းဖန်လာတိုင်း ရှမ်းပြည်တောင်ပိုင်းသို့သာ သွားရသည်ချည်းဖြစ်၏။ တောင်ကြီး၊ ပင်းတယ၊ အောင်ပန်း၊ ကလော စသဖြင့်။

Photo – Kyaw Zayar Htun

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးခဲ့ပါပေ။ အချိန်ရသည့် တစ်နေ့ကျလျှင် နာမည်ကျော် မူဆယ်နမ့်ခမ်းလမ်း ရှိရာဆီသို့ ခရီးနှင်ဦးမည်ဟု တေးထားခဲ့ပေါင်းလည်းများပြီ။ သို့သော် ခြေဦးလှည့်ရန် အခွင့်မသာခဲ့။ ဟော…ယခုတော့ ခရီးထွက်ရန် အကြောင်းဖန်လာပြီဖြစ်သည်။ သို့သော် အပျော်ခရီး၊ အလည်ခရီးကား မဟုတ်။

လွန်ခဲ့သည့် လအနည်းငယ်က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်ဘက်တွင် TNLA တအာင်းန်ပလောင် လက်နက်ကိုင်အဖွဲ့က ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ ကွင်းဆင်း သတင်းရယူပြီး အပြန်၊ လမ်းခုလပ်တွင် တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် လုပ်ဖော်ကိုင်ဖက် သတင်းသမားများထံသို့ သွားရမည့်ခရီး ဖြစ်သည်။

သီပေါအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော လုပ်ဖော်ကိုင်ဖက်များထံသို့ မြန်မာဂျာနယ်လစ်ကွန်ရက်ဝင်တစ်ဦးဖြစ်သည့် ကျွန်မသည် ကွန်ရက် အမှုဆောင်များနှင့်အတူ သြဂုတ်လ တတိယပတ်က ရန်ကုန်မှ စတင်ထွက်ခွာခဲ့သည်။

သီပေါခရီးစဉ်တွင် ပါဝင်သူများမှာ ကျွန်မ၊ မြန်မာဂျာနယ်လစ်ကွန်ရက်၏ အထွေထွေအတွင်းရေးမှူး ကိုဇေယျာလှိုင်၊ အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုကျော်ဇေယျာထွန်းနှင့်ကိုကျော်ဇေယျတို့ ဖြစ်ကြသည်။ ကိုဇေယျာလှိုင်နှင့် ကိုကျော်ဇေယျာထွန်းတို့မှာ မော်ကွန်းမဂ္ဂဇင်းမှ အယ်ဒီတာများဖြစ်ကြပြီး ကိုကျော်ဇေယျမှာ ယင်းမဂ္ဂဇင်းမှပင် အကြီးတန်းသတင်းထောက် ဖြစ်သည်။ သီပေါခရီးစဉ်အတွက် ယာဉ်မောင်းကြီးလည်း ဖြစ်လေသည်။

ရန်ကုန်မှ စထွက်ကတည်းက ရန်ကုန်-မ္တနလေးအမြန်လမ်းမ မိုင်တိုင် ၆ဝ ကျော်သည်အထိ မိုးတစိမ့်စိမ့်ကြားမှ မောင်းနှင်ခဲ့ကြရသည်။ မိုင်တိုင် ၇ဝ နောက်ပိုင်းရောက်မှသာ ပြာစင်ကြည်လင်သည့် ကောင်းကင်ကို တွေ့ရသည်။

မိုင်တိုင်ထက်မှ ကိန်းဂဏန်းများ ကြီးလာသည်နှင့်အမျှ မြင်ကွင်းများလည်း ပြောင်းလဲလာသည်။ စိုထိုင်းသည့် မြင်ကွင်းများကို တရိပ်ရိပ်ဖြတ်သန်းပြီးနောက် အထက်အညာဒေသ ရှုမျှော်ခင်းများ၊ စိမ်းမြသည့် စိုက်ခင်းများ၊ ထန်းတောများ၊ ဒဟတ်တောများကို တွေ့လာရသည်။ ကီလိုမီတာ ၁ဝဝ နှုန်းဖြင့် မောင်းနေသည့် ကားသည် လေကိုခွင်း၍ တရိပ်ရိပ်ပြေးနေသည်။ မှန်တံခါးပိတ်ထားခြင်းကြောင့် ကားအရှိန်က နှေးနေသလို ခံစားရသည်။ ကားမှန်တံခါးကို တစ်ချက်မျှ ဟကြည့်လိုက်သောအခါ အညာရနံ့၊ အညာလေက တရကြမ်း တိုးဝှေ့ဝင်လာသည်။

ခရီးတစ်လျှောက်တွင် တွေးမိသည်က ဖမ်းဆီးခံ သတင်းသမားများနှင့် တွေ့ခွင့်ရနိုင်ပါ့မလားဆိုသည့် အတွေးပင် ဖြစ်သည်။ နောက်တစ်နေ့ဆိုလျှင် ထိုသတင်းသမားများ၏ အမှုအတွက် တရားလိုပြသက်သေကို စစ်ဆေးရမည့် ရုံးချိန်းဖြစ်သည်။ ကျွန်မသည် ဖမ်းဆီးခံ သတင်းသမားများအနက် သတင်းဌာနတစ်ခုတည်းတွင် အတူတူ အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ကိုသိန်းဇော် (ကလောင်အမည် လဝီဝမ်) နှင့်သာ တွေ့မြင်သိကျွမ်းဖူးသည်။ ကိုအေးနိုင်ကမူ လူမှုကွန်ရက်စာမျက်နှာတွင် မိတ်ဆွေဖြစ်သည်။ သူနှင့် အခြားသတင်းသမားတစ်ဦးကိုမူ လူချင်းမတွေ့မြင်ဖူး။

ညနေမစောင်းမီ မ္တနလေး-ပြင်ဦးလွင်လမ်းခွဲသို့ ရောက်သည။် မန္တလေးလွန်ပြီး ပြင်ဦးလွင် လမ်းခွဲသို့ရောက်သည်နှင့် မြင်ကွင်းက ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်မှုန့်များ၊ သဲများကြောင့် မှိုင်းမှုန်နေသလို ခံစားရသည်။ ကျောက်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သည့် အုန်းချောရွာကို ဖြတ်ရချိန်တွင် ပို၍ သိသာသည်။ နေ့စဉ်နှင့်အမျှ ဤလေထုကို ရှူရှိုက်နေရမည့် မြို့ခံများအတွက် စိတ်မသက်သာသလို ခံစားရသည်။ ဖုန်မှုန့်၊ ကျောက်မှုန့်များ နှာခေါင်းအတွင်းသို့ တိုက်ရိုက်မဝင်စေနိုင်ရန် အချိန်နှင့်အမျှ နှာခေါင်းစည်း စည်းထားရမည့် အနေအထားမျိုး ဖြစ်သည်။

Photo – Kyaw Zayar Htun                                    ပြင်ဦးလွင် အတက်လမ်းတွင် နောက်ပြန်လိမ့်ကျလာသည့် ကုန်တင်ယာဉ်

ပြုပြင်နေဆဲ ပြင်ဦးလွင်အတက်လမ်းပိုင်း တစ်နေရာအရောက် ကျွန်မတို့ရှေ့ ကား ငါးစီးခန့်အကျော်တွင် ကုန်အပြည့်တင်လာသည့် ကုန်ကားငယ်တစ်စီး ရုတ်တရက် နောက်သို့ ပြန်လိမ့်ကျလာသည်။ ကျွန်မတို့ကား၏ အရှေ့တွင် ထုထည်ခိုင်မာသည့် ကုန်တင်ကားကြီးများရှိနေရာ ကုန်ကားကြီးတစ်စီးကို ဝင်တိုက်ကာ ရပ်သွားသည်။ ခဏတဖြုတ် ယာဉ်ကြောပိတ်ဆို့သွားခဲ့ပြီး မကြာမီ ဆက်လက်ခရီးနှင်နိုင်ခဲ့သည်။ ပြင်ဦးလွင်လမ်းမများသည် ယခင်ရောက်ဖူးစဉ်က လမ်းများထက် အဆပေါင်းများစွာ ကောင်းမွန်ချောမွေ့နေသည်ကို တွေ့ရသည်။ တချို့နေရာများတွင် ပြုပြင်လက်စ လမ်းပိုင်းများလည်း ရှိသည်။

လမ်းခရီးတစ်လျှောက် ယာဉ်ရပ်နားစခန်းများတွင် ခဏတဖြုတ်ရပ်နားကာ နေ့လယ်စာကို နေပြည်တော် မရောက်မီ အမြန်လမ်းမပေါ်ရှိ ကြက်ကာလသားဟင်းချက် ထမင်းဆိုင်တွင်လည်းကောင်း ၊ ညစာကို ပြင်ဦးလွင်မြို့တွင် လည်းကောင်း စားကြသည်။ လမ်းခရီးသည် ပြင်ဦးလွင်အတက်လမ်း အတွေ့အကြုံမှအပ အစစအရာရာ အဆင်ပြေချောမွေ့လျက် ရှိသေးသည်။

ကွေ့ကောက်တက်ဆင်း ဂုတ်တွင်း

ပြင်ဦးလွင်မြို့မှ မှောင်ရီပျိုးစ၊ လမ်းမီးများ လင်းချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။ သီပေါသို့ရောက်ရန် အချိန်မကြာတော့ကြောင်း ကျွန်မတို့၏ ယာဉ်မောင်းကြီးက ပြောသည်။ ညစာစားပြီး ဗိုက်ပြည့်အင့်သွားခြင်းကြောင့်လည်းကောင်း၊ တစ်နေကုန် ခရီးနှင်ခဲ့ရ၍ ပင်ပန်းနွမ်းနယ်ခြင်းကြောင့်လည်းကောင်း နောင်ချိုမြို့ မဖြတ်ခင် အိပ်ပျော်သွားသည်။ ငယ်စဉ်ကတည်းက နာမည်ကလေးလှသည်ဟု မှတ်မိနေသည့် နောင်ချိုမြို့ကို ဖြတ်သန်းချိန်တွင် နိုးတစ်ဝက်၊ အိပ်တစ်ဝက်။ ပတ်ဝန်းကျင်ကို ကောင်းစွာ မကြည့်နိုင်။

ရုတ်တရက်ပြန်နိုးလာချိန်တွင် ကျွန်မတို့ကားသည် မြွေလိမ်မြွေကောက် တောင်တက်လမ်းကို တရွေ့ရွေ့ ဖြတ်သန်းလျက်ရှိသည်ကို တွေ့လိုက်ရသည်။ ကျွန်မတို့ရှေ့ကပ်လျက်တွင် ဧရာမကားကြီးများ၊ ကျွန်မတို့ နောက်တွင် ကုန်တင်ကားကြီးများနှင့်ကားငယ်များ၊ ဘေးတစ်ဖက်တစ်ချက်တွင် တောင်နံရံနှင့်ချောက်။ ချောက်ဘက် အဝေးကို လှမ်းမျှော်ကြည့်လျှင် မီးရောင်များက တောင်နံရံကို အမိအရ ကုတ်ဖဲ့တွယ်တက်နေသည့် ပိုးနားသန်ကောင်ကြီးများသဖွယ်။ ကားကြီး၊ ကားငယ်များ တအိအိတွယ်တက်နေသော ထိုနေရာသည်ကား အခြားမဟုတ်။ နာမည်ကျော် ဂုတ်ထိပ်တံတားအောက်၊ တောင်နှစ်လုံးကြား ဖောက်ထားသည့် ဂုတ်တွင်းလမ်းမကြီးပင် ဖြစ်တော့သည်။

ရခိုင်ပြည်နယ်တွင် မွေးဖွားကာ ရခိုင်ပြည်နယ်၏ ထွက်ပေါက် ရခိုင်ရိုးမဖြတ်လမ်း သုံးခုလုံးကို ကျွန်မ ဖြတ်သန်းဖူးသည်။ အလွန်မြင့်မားမတ်စောက်ကာ တိမ်များ၊ မြူခိုးများနှင့်အတူ ခရီးနှင်ရပြီး တစ်ခါတစ်ရံ တိမ်စိုင်များက မိမိတို့အောက်ဘက်တွင်ရွေ့လျားလျက်ရှိသည့် ရခိုင်ရိုးမလမ်းများကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးသည်။ လမ်းဆိုးလမ်းကြမ်းများကြောင့် ပျပျသာ မြင်ရသည့် ချောက်နက်ထဲသို့ ကုန်ကား၊ ခရီးသည်တင်ကားများ မကြာခဏ ပြုတ်ကျဖူးသည်ကိုလည်း မြင်ဖူး တွေ့ ခဲ့ဖူးသည်။ ထိုသို့သော အတွေ့အကြုံများ ရှိဖူးသည့် ကျွန်မကို ဂုတ်တွင်းလမ်းက လှောင်ပြောင်နေသလို ရှိတော့သည်။ ဂုတ်တွင်းအောက်ခြေသို့ တအိအိဆင်းစဉ် မိမိတို့အပေါ်မှ ကားမီးတန်းရှည်ကြီးများကိုလည်းကောင်း၊ ဂုတ်တွင်းတောင်ထိပ်သို့ အရောက်တွင် မိမိတို့အောက်ဘက်မှ ကားမီးတန်းရှည်ကြီးများကိုလည်းကောင်း မော့ကြည့်၊ ငုံ့ကြည့်ရသည့် အဖြစ်သည် တကယ့်ကို ရင်သပ်ရှုမောဖွယ်ဖြစ်၏။ ရင်သည် တဒိတ်ဒိတ်ခုန်၍ ဒူးသည် တဆတ်ဆတ် တုန်လျက်ရှိသည်။

အပြင်းအထန်တုန်နေသည့် ဒူးနှစ်ဖက်ကိုထိန်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားရသည်။ ရင်ဘတ်ကို လက်နှင့်ဖိကာ ပါးစပ်မှလည်း အာမေဍိတ်မျိုးစုံက တားမရ ဆီးမနိုင်။ ကျွန်မသည် ကြောက်စိတ်အနည်းငယ် ပြေလျော့ချင်သည့်အတွက် ယာဉ်မောင်းကြီး ကိုကျော်ဇေယျကို မေးခွန်းတွေ ဆက်တိုက်မေးရသည်။ ကြောက်နေစဉ် မေးသည့် မေးခွန်းများကို ယခု ပြန်စဉ်းစားကြည့်သည်။ မမှတ်မိတော့ပေ။

ကားမောင်းကျွမ်းကျင်လှသည့် သူ့လက်ရည်ကို အစွမ်းကုန် ယုံကြည်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် အတန်တန်သတိပေးရသည်။ ကိုကျော်ဇေယျတစ်ယောက် အထူးသတိထားကာ မောင်းနေသည့်ကြားမှ တစ်ခါတစ်ရံ ကားနောက်ဘီးက ချောထွက်သည်။ ကားသည် ခါယမ်းသွားသည်။ သူက မစိုးရိမ်ဖို့ သတိပေးသည်။ သူ့ကိုကြည့်ရသည်မှာ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပင် ဖြစ်သည်။

ကားနောက်ခန်းမှ ကိုဇေယျာလှိုင်နှင့် ကိုကျော်ဇေယျာထွန်းတို့မှာ အသံတိတ်လွန်းလှသည်။ ရံဖန်ရံခါမှသာ ကားကြီးများ အရှိန်ယူကာ ဝိုက်ကွေ့နေစဉ် ကျော်တက်သွားတတ်သော ကားငယ်များကို အပြစ်တင်စကားဆိုတတ်သည်။ သေချာသည်က သူတို့လည်း စိုးရိမ်နေပုံရသည်။ ကျွန်မတွင် အတူတူကြောက်ရန် အဖော်ရှိသည်ဟု တွေးကာ စိတ်သက်သာရာရသလိုလို ခံစားမိပြန်သည်။

Photo – Kyaw Zayar Htun                       အတက်အဆင်းကြီး၊ အကွေ့အကောက်များသည့် ဂုတ်တွင်းလမ်း

ဂီယာကြီးထိုးကာ တအားကုန် ရုန်းနေကြသည့် ဤမျှ ကြီးမားသော ကားကြီးများနှင့်အတူ တောင်တက်လမ်းများကို ရှေ့ဆင့်နောက်ဆင့် မဖြတ်သန်းဖူးသည့် ကျွန်မအတွက် သည်းထိတ်ရင်ဖို စွန့်စားခန်းဟု ဆိုရမည်။ ဂုတ်တွင်းစွန့်စားခန်းဟု အမည်တပ်လိုက်ချင်တော့သည်။

ဂုတ်တွင်းလမ်းကို အောင်မြင်စွာ ဖြတ်ကျော်ပြီးသည့်တိုင် ကြောက်စိတ်က မပြေသေး။ ရင်တုန်သည်က မငြိမ်နိုင်သေး။ ကျွန်မသည် ဤမျှလောက်ကြီးမားရှည်လျားသော ကားကြီးများကိုမောင်းကာ ဂုတ်တွင်းလမ်းမကို ဖြတ်သန်းလာသည့် ယာဉ်မောင်းကြီးများကို ဂုတ်တွင်းတောင်ထိပ်မှစောင့်ကာ တစ်စီးပြီးတစ်စီးကို အလေးပြုချင်စိတ်ပေါ်မိသည်။ ကျွန်မတို့ ယာဉ်မောင်းကြီးကို စိတ်ထဲမှ အကြိမ်ကြိမ်အလေးပြုမိသည်။

ဂုတ်တွင်းကျော်ပြီးနောက် ကိုယ့်ကြောက်စိတ်ကို ကိုယ်ဖြေရန် ”ရှေ့မှာ ဒီလိုတောင်တက်လမ်းကြီးတွေ ဖြတ်ရဦးမလား၊ မဖြတ်ရလောက်တော့ပါဘူးနော်”ဟု ကျွန်မတို့၏ ယာဉ်မောင်းကြီးကို မေးကြည့်လိုက်သည်။ သူက ”ကျွန်တော် ဒီလမ်းကို တစ်ခါမှ မမောင်းဖူးဘူး။ ဒါ ပထမဆုံးအကြိမ်ပဲ”ဟူ၏။

ဂုတ်တွင်းကို ကျော်သွားပြီးနောက် လမ်းမပေါ်တွင် ကားရှင်းသွားပြီ။ ကားမီးရောင်ထိုးလိုက်လျှင် လမ်းဘေးဝဲယာတွင် ပြောင်းဖူးခင်းများကို မသဲမကွဲတွေ့ရသည်။ သည်လိုနှင့် အတက်လမ်းအရှည်ကြီး ပြီးဆုံးပြီးနောက် ကျောက်မဲမြို့သို့ ရောက်သည်။ ကျောက်မဲမြို့သည် အဝေးပြေးလမ်းမပေါ်တွင် မရှိဘဲ သီးသန့် ဝင်ရသည့် မြို့ဖြစ်သည်။ အဝေးပြေးလမ်းမထက် နိမ့်သည့် အရပ်တွင် ရှိလေရာ မြို့၏ အရောင်ဟပ်သည့် တိမ်စိုင်တိမ်လိပ်များက ကားနှင့်အတူ လိုက်၍ ရွေ့နေသလို ခံစားရသည်။ ကျောက်မဲသို့ဖြတ်ချိန်တွင် မိုးတိတ်သွားပြီ။ ကောင်းကင်တွင် တိမ်စိုင်ခဲဖြူဖြူများ၊ ကြယ်များကို တွေ့ရသည်။ ကျောက်မဲနှင့် သီပေါ သိပ်မဝေးတော့ဟု ဆိုသည်။

မနက် ၅ နာရီခွဲတွင်ရန်ကုန်မှ စတင်ထွက်ခွာခဲ့ကြသည့် ကျွန်မတို့အဖွဲ့သည်ည ၉နာရီဝန်းကျင်တွင် သီပေါမြို့သို့ ချောမောစွာရောက်ရှိခဲ့ကြ၏။ တစ်ခါမျှ မရောက်ဖူးသည့် သီပေါမြို့ကို ညကြီးမိုးချုပ်မှ ရောက်ခဲ့ခြင်းဖြစ်ရာ သီပေါမြို့ကို ဖြူမှန်း၊ မည်းမှန်းပင် မသိ။ တစ်နေကုန်ညောင်းညာကိုက်ခဲသည်အထိ ခရီးနှင်ခဲ့ရသည့် ကျွန်မသည် တရေးနိုးသည်နှင့် မိုးလင်းလေသည်။

သတင်းစာဆရာများ၏ တရားခွင်

သတင်းသမားများ၏ ရုံးချိန်းက ၁ဝ နာရီဖြစ်သည်။ မနက်စာ စားရဦးမည်၊ တရားရုံးတည်နေရာကို ရှာရဦးမည်၊ ဖမ်းဆီးခံ သတင်းသမားများအတွက် ရိက္ခာခြောက်များ ဝယ်ယူရဦးမည်ဖြစ်ရာ မနက်စောစော တည်းခိုသည့်နေရာမှ ထွက်ခဲ့ကြသည်။

ပထမဆုံး သီပေါတရားရုံးကို ရှာပုံတော်ဖွင့်ရသည်။ သီပေါတရားရုံးသည် သီပေါမှ လားရှိုးဘက်သို့ အထွက်တွင် ရှိသည်။ သီပေါမြို့ စတည်စဉ်က မြို့၏ လေးဖက်လေးတန်တွင် ဆီအိုးကြီးလေးလုံးကို မြေမြုပ်ကာ တည်ခဲ့ခြင်းဖြစ်ကြောင်း ရာဇဝင်ရှိသည်။ ထိုဆီအိုးကြီးလေးလုံးအနက် တစ်လုံးမြှုပ်ရာဘေးတွင် သီပေါတရားရုံးရှိသည်။ တရားရုံးကို တွေ့လျှင် မနက်စာ စားမည့်ဆိုင်ကို ရှာကြပြန်သည်။

ရှမ်းပြည်ရောက်ခိုက် ရှမ်းအစားအစာမျှ လွဲ၍ မည်သည့်အစားအစာကိုမျှ မစားချင်သည်မှာ ကျွန်မတို့တစ်ဖွဲ့လုံး တစ်သဘောတည်းဖြစ်ကြရာ ကျွန်မတို့သည် တရားရုံးနှင့် မလှမ်းမကမ်းရှိ ရှမ်းခေါက်ဆွဲဆိုင်တွင် မနက်စာစားကြသည်။ ရှမ်းခေါက်ဆွဲသည်လည်းကောင်း၊ မုန်ညင်းချဉ်သည်လည်းကောင်း လတ်ဆတ်လှသည်။ ရန်ကုန်တွင် စားရသည့် ရှမ်းခေါက်ဆွဲနှင့်လက်ရာချင်းမတူ။ ဒါမှ ရှမ်းခေါက်ဆွဲအစစ်ဟု တွေးလိုက်မိသည်။ မနက်စာစားပြီးလျှင် အချိန်ပိုရသေးသည်။ မြို့တစ်မြို့သို့ ရောက်လျှင် ဈေးကိုတော့ ဝင်သင့်သည်။ ထို့ကြောင့် သီပေါဈေးသို့ ခြေဦးလှည့်ကြသည်။ စာပေစိစစ်ရေး ကြီးစိုးစဉ်ခေတ်က ထောင်နှုတ်ခမ်းပေါ် လမ်းလျှောက်နေရသည့် သတင်းသမား အချင်းချင်း အမြဲလိုလို နောက်ပြောင်လေ့ရှိသည့် စကားတစ်ခွန်းရှိသည်။ ”ထောင်ကျရင် ငါးပိကြော်ပို့ပေးမယ်၊ စိတ်ချ”ဟူ၏။ ယခုတော့ ငါးပိကြော်မပါ။ ကော်ဖီမစ်၊ မုန့်ခြောက်၊ ဆပ်ပြာ၊ သွားတိုက်ဆေး အစရှိသည့် ရိက္ခာများကိုသာ ဝယ်ယူကြသည်။

ဈေးမှအပြန်တွင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းစဉ် အစအန ရှာ၍ မရတော့အောင် ပျောက်ချင်းမလှ ပျောက်သွားခဲ့သည့် သီပေါစော်ဘွားစဝ်ကြာဆိုင်တို့ မိသားစု နေထိုင်ခဲ့သော ဟော်နန်းသို့ သွားကြသည်။ ခြံစည်းရိုးတံခါး သော့ခတ်ထားသဖြင့် အပြင်မှ လှမ်းမျှော်ကြည့်ကာ ခြံဝမှ လှည့်ပြန်ခဲ့ကြသည်။ ဟော်ဖွင့်ချိန်က ညနေ ၃နာရီခွဲမှ ၅ နာရီအထိသာဖြစ်ရာ မိမိတို့မှာမသိဘဲ ရောက်သွားမိသည်ကိုး။

ထို့နောက် တရားရုံးသို့ ပြန်လှည့်ကြသည်။ ကျွန်မတို့ရောက်သွားချိန်တွင် တရားရုံးရှေ့ ၌ ရှမ်းပြည်နယ်အခြေစိုက် သတင်းသမားအချို့ ရောက်နှင့်နေကြပြီ။ ရန်ကုန်မှ ရှေ့နေများ၊ ဖမ်းဆီးခံထားရသည့် သတင်းသမားတို့၏ မိခင်သတင်းဌာနများမှ တာဝန်ရှိသူအချို့နှင့် သတင်းသမားများနှင့် အမှုတွဲများဖြစ်သည့် အခြားပုဂ္ဂိုလ်သုံးဦးတို့၏ မိသားစုဝင်များကို တွေ့ရသည်။ ထို့အတူ အနီးတစ်ဝိုက်လုံခြုံရေးတာဝန်ယူထားသည့် ရဲဝန်ထမ်းများကို တွေ့ရသည်။ မိမိတို့လည်း တရားခွင်သို့ ဝင်ရောက်လေ့လာခွင့်ရနိုင်ရန် တရားရုံးဝင်ခွင့်ကတ်များ ပြုလုပ်ကြသည်။

သိပ်မကြာမီ သစ်လွင်တောက်ပလျက်ရှိသည့် အချုပ်ကားပြာကြီးက တရားရုံးရှေ့သို့ တရွေ့ရွေ့နှင့် ရောက်လာတော့သည်။ မိမိသည် မိတ်ဆွေသတင်းသမားများကို မြင်တွေ့ရမည့် အရေးအတွက် စိတ်လှုပ်ရှားလျက်ရှိသည်။ ဟင်းချက်ကောင်းသည့် ကိုလဝီ၊ ရိုးသားသည့် ကိုလဝီ၊ မိတ်ဆွေများအပေါ် အနွံအတာ ခံတတ်သည့် ကိုလဝီသည် သူ့ပရော်ဖက်ရှင်နယ် အလုပ်ကို တာဝန်ကျေကျေ လုပ်ခဲ့ရာမှ ယခုအချုပ်ကားပေါ်သို့ ရောက်နေလေပြီ။

အမှုတွဲများနှင့်အတူ သံကြိုးတွဲကာ လက်ထိပ်ခတ်ခံထားရသည့် ကိုလဝီသည် ကျွန်မတို့ကို အပြုံးနှင့် နှုတ်ဆက်သည်။ အချုပ်ကားသံဆန်ခါကွက်များကြားမှ ကိုလဝီ၏ မျက်နှာကို ဖျတ်ခနဲ မြင်တွေ့လိုက်ရချိန်တွင် ရင်ထဲ၌ အမည်မသိခံစားချက် ဖြစ်ပေါ်လာကာ မျက်ရည်က ဝဲတက်လာသည်။

Photo – Zayar Hlaing                                                                 သီပေါတရားရုံးရှေ့မြင်ကွင်း

သူတို့အားလုံး တရားခွင်သို့ ရောက်သွားချိန်တွင် ဧည့်ဝင်ခွင့်ကတ် ပြုလုပ်ထားသူများကလည်း အချုပ်သားများအတွက် အသုံးအဆောင်၊ အစားအသောက်အထုပ်များ ကိုယ်စီဆွဲကာ နောက်မှ လိုက်၍ ဝင်ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရဲများက နေရာအနှံ့။ တရားရုံး၏ အစွန်ဘက်အကျဆုံးအခန်းတွင် တပ်မတော်ဘက်မှ တရားလိုပြသက်သေအဖြစ် ထွက်ဆိုမည့် ဗိုလ်မှူးနှင့်တကွ အခြားတပ်မတော်အရာရှိအချို့ကို တွေ့ရသည်။ တရားခွင်ထဲရှိ စားပွဲရှည်တွင် တရားလိုဘက်မှ ရှေ့နေလေးဦးနှင့်ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူများဘက်မှ ရှေ့နေ လေးဦးတို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

အလုပ်သင်ရှေ့နေများ ဖြစ်ပုံရသည့် လူငယ်ရှေ့နေအချို့က တရားလိုရှေ့နေများ၏ နောက်ကျောဘက်ရှိ ခုံများတွင် ထိုင်ကြရောက်ရှိပြီးနောက် တရားသူကြီးကို ခေတ္တ စောင့်ဆိုင်းကြသည်။ တရားသူကြီးရောက်လာသည့်အခါ အားလုံး မတ်တတ်ရပ်၍ ကြိုဆိုကြသည်။ ကျွန်မတို့က တရားခွင်အပြင်ဘက်မှနေကာ တရားသူကြီးနှင့် မျက်နှာချင်းဆိုင် ပြတင်းပေါက်မှ ကြည့်ရှုလေ့လာကြသည်။

တရားသူကြီးထိုင်ခုံ၏ ဘေးတစ်ဖက်တစ်ချက်တွင် အမျိုးသမီးလက်နှိပ်စက်စာရေးနှစ်ဦးရှိသည်။ တိတိကျကျဆိုရလျှင် လက်ရေးဖြင့် လိုက်ရေးကြသည့် စာရေးများဖြစ်သည်။ အပြင်မှ နားထောင်နေသည့် လေ့လာသူများထဲတွင် DVB သတင်းဌာနမှသတင်းထောက် ကိုကျော်ဇေယျာဝင်းကို တွေ့ရသည်။ လက်ထဲတွင် ကြွပ်ကြွပ်အိတ်ဖြင့် အထပ်ထပ်ပတ်ထားသည့် အထုပ်တစ်ထုပ်ကို တွေ့ရသည်။ ထိုအထုပ်ကို ကျွန်မအား ကမ်းပေးသည်။ ကိုလဝီတို့အတွက် ပေးမည့် အထုပ်ဖြစ်သည်။

”ဘာတွေလဲ”ကျွန်မက မေးသည်။

”ငါးပိကြော်တွေ” သူက ဖြေသည်။

မကြာခင် ရုံးချိန်းသို့ လာရောက်အားဖြည့် သတင်းယူကြသည့် မ္တနလေးအခြေစိုက် မိတ်ဆွေသတင်းသမားများ ထပ်၍ရောက်လာသည်။ တရားရုံးခြံဝင်းရှေ့တွင် လူစည်ကားလျက်ရှိသည်။

တရားသူကြီးသည် ဖမ်းဆီးချုပ်နှောင်ခံထားရသူများကို အာမခံ မပေးနိုင်သည့် အမိန့်ဖြင့် နံနက် ၁ဝ နာရီတွင် တရားခွင်ကို စတင်လိုက်သည်။ တရားခွင် အစောပိုင်းတွင် တရားသူကြီးစကားသံကို သဲသဲကွဲကွဲ မကြားရသည်မှအပ တရားခွင်တစ်ခုလုံးကို မြင်ကွင်းရှင်းလင်းပြတ်သားစွာ မြင်နေရသည်။ တရားလိုပြသက်သေသည် တရားသူကြီးဘက်သို့ မျက်နှာမူကာ ကျွန်မတို့ကို ကျောပေးထားသည်။

တရားလိုရှေ့နေ လေးဦးအနက် စကားဝဲဝဲနှင့် တိုင်းရင်းသူဖြစ်ပုံရသည့် အမျိုးသမီးရှေ့နေက ဖြစ်စဉ်အသေးစိတ်တွင် သက်သေ ပါဝင်ပတ်သက်ခဲ့ပုံ၊ မြင်တွေ့ခဲ့ရပုံများကို စတင်မေးခွန်းထုတ်သည်။ ပြီးနောက် သက်သေဖြစ်သူ၏ ထွက်ဆိုချက်ကို စကားပြေဖြင့်ပြန်ရွတ်ပြသည်။ တရားသူကြီး နံဘေးမှ စာရေးဝန်ထမ်းနှစ်ဦးနှင့် နှစ်ဖက်ရှေ့နေများက လိုက်၍ ရေးမှတ်ကြသည်။

Photo – Zayar Hlaing            အဖမ်းဆီးခံသတင်းစာဆရာများ၏ ရှေ့နေတစ်ဦးမှ မီဒီယာများအား သီပေါတရားရုံးရှေ့တွင် ရှင်းလင်းပြောကြားနေစဉ်

တရားခွင်စတင်ပြီး မိနစ် အနည်းငယ်အကြာတွင် ဖုန်းသံမြည်လာသည်။ ကျွန်မတို့ တစ် ယောက်မျက်နှာ တစ်ယောက်ကြည့်ကြသည်။ ဖုန်းသံသည် စင် အောက်ရှိ ပရိသတ်များထံမှမဟုတ်။ စင်ပေါ်ရှိ တရားသူကြီး၏ ဖုန်းသံဖြစ်သည်။ ကျွန်မတို့သည် ပြုံးစိစိဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြသည်။ တရားသူကြီးက ဖုန်းသံမပိတ်ထားမိခြင်းအတွက် တောင်းပန်သည်။

တရားခွင်စတင်ပြီး တစ်နာ ရီခန့်အကြာတွင် သီပေါမိုးကသည်းကြီးမည်းကြီး ရွာလေသည်။ တရားခွင်ပြင်ပမှ နားထောင်နေကြသည့် ကျွန်မတို့သည်ကား တရားလိုပြသက်သေ၏ အသံကိုသော်လည်းကောင်း၊ တရားလိုရှေ့နေ၏ မေးမြန်းသံကို လည်းကောင်း၊ တရားသူကြီး၏ အသံကိုလည်းကောင်း လုံးဝ မကြားရတော့ချေ။ သို့သော် တရားခွင်ကို မရပ်နားကြဘဲ ဆက်လက် စစ်ဆေးမေးမြန်းကြသည်။

အပိုင်း(၂)အပိုင်း(၃)

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၀)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."