ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၁၀ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့က အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်တွေကို စစ်ကောင်စီက မနေ့ကလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သီပေါဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီဟာ မနေ့က ညနေပိုင်းနဲ့ ညပိုင်းတွေမှာ Y-12 လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ TNLA သတင်းနဲ့ပြန်ကြားရေးကလည်း မနေ့ကညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှု နှစ်ကြိမ်မှာ ဗုံးအလုံးပေါင်း ၆၀ ကျော် ကြဲချခဲ့ပြီး သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်ကဆိုပါတယ်။
စစ်ကောင်စီနဲ့ TNLA တပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတဲ့ သီပေါမြို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို ဖုန်းဆက်သွယ်ရေးလိုင်းတွေကလည်း ခက်ခဲနေတာကြောင့် အခုလို မြို့ပေါ် လူနေရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
သီပေါမြို့ ရွှေကျောင်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးကတော့ မနေ့က သူတို့ရပ်ကွက်ထဲက လူမရှိတဲ့ နေအိမ်တွေအပေါ် ဗုံးနှစ်လုံး ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။
“မနေ့က အမေနဲ့ ဖုန်းအဆက်သွယ်ရတော့ ရပ်ကွက်ထဲ ဗုံးနှစ်လုံးကျတာသိရတယ်။ လူမရှိတဲ့အိမ်အပေါ်ကျလို့ တော်သေးတာပေါ့။ မနေ့က တောက်လျှောက်ကြဲသွားတာ လူနေရပ်ကွက်တွေကြီးပဲ” လို့ ၎င်း သီပေါဒေသခံက ပြောပါတယ်။
စစ်ကောင်စီဟာ သီပေါအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တွေကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ အများအပြားရှိလာတာပါ။
ပြီးခဲ့တဲ့လထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပခြောက်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒီတစ်လထဲမှာ လေကြောင်းကတိုက်ခိုက်မှုကြောင့် အရပ်သား ၅၅ ဦး သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့က ထုတ်ပြန်ထားတဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ကိုးကန့်တပ် (MNDAA)နဲ့ တအာင်းတပ် (TNLA) တို့ ထိန်းချုပ်ထားတဲ့ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ လားရှိုးနဲ့ စစ်ကောင်စီထိန်းချုပ်မှုရှိနေတဲ့ မိုင်းရယ်မြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့တာပါ။
ပုံစာ – သီပေါမှာ ဗုံးကြဲခံရပြီးနောက် အပျက်အစီးတွေကို ကြည့်နေတဲ့ ဒေသခံများ
ဓာတ်ပုံ – TNLA
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


