ရန်ကုန် – ၂၀၂၄ မေ ၈ (မော်ကွန်း)
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲမှာရှိတဲ့ သရက်ချောင်းမြို့နယ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတာကြောင့် မြိတ်-ထားဝယ် ကားလမ်းကို ပိတ်ထားရတယ်လို့ အဲဒီလမ်းကြောင်းကို အသုံးပြုနေတဲ့ ကုန်သည်တချို့က ပြောပါတယ်။
ယခုလ ၆ ရက်ကစပြီး သရက်ချောင်းမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ပါ လာရောက်ပစ်ခတ်နေတယ်လို့ ထားဝယ်ဒေသထွက် ကုန်ပစ္စည်းတွေ ဖြန့်ချိရောင်းဝယ်သူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“လမ်းပိတ်တာ သုံးရက်လောက်ရှိပြီ။ ကားလေးတွေကတော့ တောလမ်းတွေက ဖြတ်သွားလို့တော့ ရတယ်။ Express ကားတွေ၊ ကုန်ကားတွေ သွားမရတော့ဘူး” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ဒေသတွင်း သတင်းတချို့မှာတော့ သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာ အဲဒီစခန်းကုန်းကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ PDF တပ်ဖွဲ့ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသတာဝန်ရှိသူတစ်ဦးက သတင်းမီဒီယာတချို့ကို အတည်ပြုပြောထားပါတယ်။
အခုတိုက်ပွဲဖြစ်နေတဲ့ သရက်ချောင်းမြို့နယ်ဟာ ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းပေါ်မှာရှိသလို ထားဝယ်မြစ်ဝအနီးမှာရှိတဲ့အတွက် ဒေသတွင်းမှာ အချက်အချာကျတဲ့ ဒေသတစ်ခုပါ။
ယခုလဆန်းပိုင်းကစပြီး တနင်္သာရီတိုင်းက မြိတ်၊ ပုလော၊ သရက်ချောင်း အစရှိတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြိတ်နဲ့ ဘုတ်ပြင်းမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ကားလမ်းကိုလည်း ပိတ်ထားရတာ သီတင်းတစ်ပတ်နီးပါး ရှိပြီဖြစ်ပါတယ်။
တနင်္သာရီတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်နက်တပ်ဆင်ပေးထားတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ PDF တပ်ဖွဲ့တွေနဲ့ KNU တပ်မဟာ ၄ ဒေသ ကတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။
ပုံစာ – သရက်ချောင်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ သင်တန်းဆင်းပွဲမြင်ကွင်း
ဓာတ်ပုံ – သရက်ချောင်း PDF

