ဂေထော
ရန်ကုန်၊ ၂၀၂၀ ဇွန် ၂၉ (မော်ကွန်း)
ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်က သရက်ချောင်းစစ်ဘေးရှောင်စခန်းမှာ အိမ်သာမရှိတဲ့အတွက် စခန်းဘေးမှာရှိတဲ့ ချုံပုတ်တွေမှာ အပေါ့၊အလေးစွန့်တဲ့ကိစ္စတွေကို ဖြေရှင်းနေကြရတာကြောင့် ဝမ်းရောဂါတွေဖြစ်ပွားလာမှာ စိုးရိမ်တယ်လို့ အဲဒီစခန်းရဲ့ တာဝန်ခံဖြစ်သူ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။
“ လောလောဆယ်တော့ ဘာဆိုးကျိုးမှမရှိသေးဘူး။ ဒါပေမယ့် မြေပိုင်ရှင်တွေရှိတယ်။ လယ်ကွင်းပိုင်ရှင်တွေရှိတယ်။ သူတို့ ကတော့သိပ်မကြိုက်ဘူး။ လာပြီးတိုင်တာရှိတယ်။ မစင်ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေဖြစ်လာမှာစိုးရိမ်တယ်။ ဒီအတိုင်း ဆက်သွားနေရင်တော့ မကြာခင်ဖြစ်လိမ့်မယ်” လို့ ဆရာတော်က မိန့်တယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့တိုက်ပွဲတွေကြောင့် အမ်း-မြေပုံကားလမ်းမဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကနေ ထွက်ပြေးလာသူတွေဟာ ဒီသရက်ချောင်းစခန်းမှာ ခိုလှုံနေကြတာပါ။ လက်ရှိအချိန်အထိ စခန်းမှာ စစ်ဘေးရှောင်ဦးရေ ၄၅၀ ဝန်းကျင် ခိုလှုံနေတယ်လို့ ဆရာတော်က မိန့်တယ်။
၂၀၁၉ နိုဝင်ဘာ လောက်ကတည်းက ဒီစစ်ရှောင်စခန်းရှိနေတာဖြစ်ပြီး မိုးဒဏ်ကြောင့် မူလစခန်း ပျက်စီးခဲ့တဲ့အတွက် အခုလိုလယ်ကွင်းတွေထဲမှာ တဲထိုးနေထိုင်နေကြရတာဖြစ်တယ်လို့ ဆရာတော်က ရှင်းပြတယ်။
မြေပုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ လည်ပတ်နေတဲ့ ဒီလိုစခန်းတွေမှာ အိမ်သာအခက်အခဲ၊ စားဝတ်နေရေးအခက်အခဲတွေ ကြုံနေရဟာ သရက်ချောင်းစခန်း တစ်ခုထဲမဟုတ်ဘဲ တခြားနေရာတွေမှာလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။
“အနီးပတ်ဝန်းကျင်က စေတနာရှင်တွေကပဲကျွေးမွေးနေရတာ။ နိုင်ငံတော်အစီစဉ်နဲ့လည်း ထောက်ပံ့တာမရှိသလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းလာပြီးတော့ ထောက်ပံ့တာမရှိဘူး” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကတော့ ဒီစခန်းတွေဟာ ကိုယ်ထူကိုယ်ထဖြစ်နေတဲ့အတွက် အစိုးရနဲ့အဆက်အသွယ်ပြတ်နေတယ်လို့ ဆိုပါတယ်။ သရက်ချောင်းစခန်းနဲ့ ပတ်သက်လို့ကတော့ အစိုးရကိုဆက်သွယ်လာရင် အကူအညီပေးမယ်လို့ပြောပါတယ်။
“ အဲဒီတိုက်ပွဲရှောင်မှာနေတဲ့လူက မြို့နယ်ကိုဆက်သွယ်ခိုင်းလိုက်လေ။ မြို့နယ်(ထွေအုပ်) ကနေ စီစဉ်ပေးမယ်။ သူတို့မတတ်နိုင်ဘူးဆိုရင် တို့ကိုသတင်းပို့။ တို့ကဖြည့်ဆည်းပေးလိုက်မှာပေါ့” လို့ သူက ပြောပါတယ်။
ဒါအပြင် စစ်ဘေးရှောင်စခန်းတွေကို ပြင်ပအလှူရှင်တွေရဲ့ လှူဒါန်းကူညီမှုတွေနဲ့ ပတ်သက်လို့ စိစစ်နေတဲ့ အခြေအနေကိုလည်း သူကအခုလိုရှင်းပြပါတယ်။
“ ဒီမှာက တိုက်ပွဲတွေဖြစ်နေတော့ တစ်ချို့လှူတဲ့ပစ္စည်းတွေက AA အကြမ်းဖက်ဆီရောက်သွားမှာစိုးလို့လေ။ အဲဒီတော့ လာလှူမယ်ဆိုလို့ရှိရင် အစိုးရရဲ့ခွင့်ပြုချက်ရဖို့လို့တယ်။ အစိုးရကနေပြီးတော့ သက်ဆိုင်ရာ လမ်းကြောင်းမှာရှိတဲ့တပ်တွေကို သတင်းပို့အကြောင်းကြားပြီးတော့ သက်ဆိုင်ရာတပ်တွေက စာတွေလက်ခံရရှိပြီးမှ သက်ဆိုင်ရာ နေရာကိုပေးဝင်မှာ”
အစိုးရထံ အမည်ပေါက်တဲ့ စစ်ရှောင်စခန်းတွေကို ဆန်ထောက်ပံ့ပေးတာရှိသလို စစ်ရှောင်တစ်ဦးကို တစ်ရက် ၅၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ပေးနေတယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးရှောင်တွေအရေးကို အကူအညီပေးနေတဲ့ ရခိုင်ပြည်နယ်အခြေစိုက် Rakhine Ethnics Congress (REC) မှ စာရင်းတွေအရ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ ခုမှာ စစ်ဘေးရှောင်စခန်းပေါင်း ၁၄၃ ခု ရှိနေတယ်လို့ ဖော်ပြပါတယ်။
ဓါတ်ပုံ – မြတန်ဆောင်းဆရာတော်
#Dailynews