ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၉(မော်ကွန်း)
မန္တလေးတိုင်း သပိတ်ကျဉ်းမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တပ်တွေ စိုးမိုးထားတဲ့ရွာကို စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးကာ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
သပိတ်ကျဉ်းမြို့နယ် ကျောက်ဖြူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ မနေ့က တစ်ရက်တည်းမှာ နှစ်ကြိမ်ဗုံးကြဲခဲ့ပြီး ရွာအတွင်းက စာသင်ကြားနေတဲ့ နေအိမ်ကို ထိမှန်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ငါးဦးအပါအဝင် ဒေသခံ ခုနစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ MDY-PDF တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် အခုလိုကာလမှာပဲ သပိတ်ကျဉ်းမြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ဒီရွာက စစ်ကော်မရှင်စခန်းကို မန္တလေး PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့လပိုင်းမှာတော့ စစ်ကော်မရှင်တပ်ဟာ သပိတ်ကျဉ်းမြို့ပေါ်ကို ရေလမ်းကနေ အင်အားဖြည့်ပြီး မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
ဧရာဝတီမြစ်ကမ်းဘေး နဖူးတင်ထားတဲ့ သပိတ်ကျဉ်းမြို့ပေါ်မှာ အစိုးရုံးတွေနဲ့ ကားလမ်းတချို့ကို ပြန်ထိန်းချုပ်ပြီးနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေရှိရာကို စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ မန္တလေး PDF က အသိပေးပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လပိုင်းစပြီး သပိတ်ကျဉ်းနယ်မှာ နယ်မြေပြန်လည်စိုးမိုးနိုင်ဖို့နဲ့ မြို့နယ်ရုံးတွေ ပြန်လည်လည်ပတ်နိုင်ဖို့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေအသုံးပြုကာ အင်အားဖြည့်တင်းနေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်ရဲ့ တကျော့ပြန်ထိုးစစ်ကြောင့် သပိတ်ကျဉ်းမြို့နယ်က လေးမိုင်၊ ငါးမိုင်၊ ခြောက်မိုင် ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာခန့်က ဒေသခံထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေကြရတာပါ။
“သပိတ်ကျဉ်းနဲ့ ခုနစ်မိုင်တပ်မှာ လက်နက်ကြီးအထိုင်ချပြီး ရွာတွေကို လှမ်းပစ်နေတော့ အဲဒီက ရွာက ဒေသခံတွေ အကုန်တောထဲမှာ ရှောင်နေကြရတယ်။ မြေပြင်စစ်ကြောင်းလည်းထိုးနေတယ်။ ကြည့်ရတာ ရွေးကောက်ပွဲအတွက် ကြိုပြင်နေတယ်။ မြို့ပေါ်ကိုလည်း Non-CDM တွေ ပို့ပြီး ရုံးလုပ်ငန်းတွေ လည်ပတ်ဖို့လုပ်နေတယ်” လို့ သပိတ်ကျဉ်းနယ်က စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းထဲက မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျဉ်းမြို့နယ်တွေမှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေပြီး ဒေသခံတွေ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ ဖြစ်စဉ်တချို့လည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကော်မရှင်တပ်ဗုံးကြဲတာကြောင့် ဒေသခံ ၂၀ ဦးကျော် ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။
ပုံစာ – ဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရနေတဲ့ ကလေးငယ်တချို့
ဓါတ်ပုံ – MDY-PDF

