သပိတ်ကျင်း – ၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းနဲ့ ချောင်းကြီးကြားကို စစ်ကြောင်းထိုးလာတဲ့စစ်သားတွေကို မနေ့ နေ့လယ်ကနေ ညနေအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၅၀၉၊ ၅၁၀၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁ ၊ သပိတ်ကျင်း (ပ.က.ဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။
ချောင်းကြီးကျေးရွာ၊ အနောက်ဘက်တောင်ပေါ်မှာ အာဏာသိမ်းစစ်တပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ချောင်းကြီးဒေသခံတစ်ဦးကပြောပါတယ်။
” တိုက်ပွဲ ဖြစ်နေတာ၊ တက်လာတဲ့ စစ်သားတွေ ထိပြီးသေတာများတယ်၊ ဒါပေမဲ့အတိအကျတော့မသိရသေးဘူး၊ ဒီဘက်မှာတော့ထူးခြားတာမရှိသေးပါဘူး၊ ခုတောင် ဒရုန်းနဲ့ဗုံးချတဲ့အသံ ကြားလိုက်ရတယ် “လို့ ဖုန်းပြောနေချိန် ညနေ ၆း၃၀ မှာ သူကပြောပါတယ်။
ဒီဇင်ဘာ ၂၂ရက်၊ ချောင်းကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ဘက်က သေနတ်ပစ်ခတ်ခဲ့တာကြောင့်ဒေသခံတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ပြောပါတယ်။
ချောင်းကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ မနေ့ကတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပုံစာ – သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
ဓါတ်ပုံ – NUG

