အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၂၅ (မော်ကွန်း)
သတ္တမတန်းသင်ရိုးသစ် မြန်မာစာဖော်ပြချက်တွင် အင်လေးဒေသနှင့်ပတ်သက်သည့် အချက်အလက်အမှားများကို ပြန်လည်ပြင်ဆင်ပေးမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
သတ္တမတန်းသင်ရိုးသစ် မြန်မာစာ၏ စာမျက်နှာ ၅ နှင့် ၆ တွင် ဖော်ပြထားသည့် ‘နောင်အင်းလေးကို လာဖို့ ဖိတ်ခေါ်တယ်’ ခရီးသွားဆောင်းပါး၏ သရုပ်ဖော်ပုံသည် အင်းသားတိုင်းရင်းသား ရိုးရာဝတ်စုံကွဲလွဲခြင်း၊ အင်းလေးကန်ကို ဝန်းရံလျက်ရှိသော ရွာကြီးလေးရွာဖြစ်သည့် နန်းပန်ရွာ၊ နောင်တောရွာ၊ ဟဲယာရွာမနှင့် ရွာကြီးဘန့်ပုံအမည်များ မှားယွင်းခြင်းများ ဖြစ်ပေါ် နေသည်။
ဒါအပြင် အင်းလေးကန်ပတ်ဝန်းကျင်၌ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုးတိုင်းရင်းသားများကိုသာဖော်ပြပြီး အင်းသားတိုင်းရင်းသားကို ဖော်ပြမှုမရှိခြင်း၊ ထိုနေရာတွင်လည်း ပအိုဝ်းကို ပအို့ဝ်ဟု လွဲမှားစွာဖော်ပြခြင်း၊ ဘီလူးချောင်းကို နန့်ပန်ချောင်းဟု ဖော်ပြခြင်း၊ နာမည်ကျော် ငါးဖယ်ချောင်းကျောင်းကို ငါးဖယ်ချောင်ကျောင်းဟု ဖော်ပြခြင်း၊ အင်းသားရိုးရာအစားအသောက်အမည်များ မှားယွင်းဖော်ပြခြင်းတို့ပါဝင်နေသည်။
ယင်းအတွက်ကြောင့် ထိုသင်ရိုးဖော်ပြချက်ကို ပြန်လည် ပြင်ဆင်ပေးရန် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုးက ဝန်ကြီးဌာနကို ယနေ့ အစည်းအဝးတွင် မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထိုအချက်များနှင့်ပတ်သက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သင်ခန်းစာရေးသားသူများက ဆဋ္ဌမတန်းသင်ရိုးဟောင်းမှ အချက်အလက်အချို့ကို အခြေခံခြင်း၊ အချို့ခရီးသွားဆောင်းပါးအချက်အလက်များကို မှီငြမ်းခြင်းဖြင့် ခရီးသွားဆောင်းပါးကို ခေတ်နှင့်လျော်ညီအောင် ‘နောင်အင်းလေးကိုလာဖို့ဖိတ်ခေါ်တယ်’ ခေါင်းစဉ်ဖြင့် ရသသဘောပါဝင်အောင် ပြန်လည်ပြင်ဆင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“သင်ရိုးပြုစုသူများကိုယ်စား ကျွန်တော်မှ တောင်းပန်ပါကြောင်း ပြောချင်ပါတယ်” ဟု ဦးဝင်းမော်ထွန်းက လွှတ်တော်တွင် ပြောသည်။
ကွဲလွဲချက်များနှင့်ပတ်သက်ပြီး သရုပ်ဖော်ပုံကို အင်းသားဝတ်စုံအပြည့်အစုံဖြင့် ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ပြီး ရွာကြီးလေးရွာ အမည်များနှင့်ပတ်သက်၍လည်း အများပြည်သူ လက်ခံနိုင်သည့်အမည်ကို စိစစ်ညှိနှိုင်းဖော်ပြရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။
“ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုးစတဲ့တောင်ပေါ်သားတွေဟာ အင်းသားလူမျိုးနဲ့အတူ အင်းလေးကန်ကို ခြံရံပြီး နေထိုင်ကြကြောင်း ကျွန်တော်တို့ ဖြည့်စွက်ဖော်ပြဖို့ ရှိပါတယ်၊ အင်းလေးကန်ထဲက စီးတတ်တဲ့ ချောင်းအမည်ကို ဘီးလူးချောင်းလို့ စိစစ်ညှိနှိုင်းပြင်ဆင်ရန် ကျွန်တော်တို့ ဆောင်ရွက်ပေးပါ့မယ်။ အင်းတိုင်းရင်းသားအစားအစာများကိုလည်း အခေါ်အဝေါ်မှန်ကန်အောင် ပြန်လည်ပြင်ဆင်ပေးပါ့မယ်”ဟု ဦးဝင်းမော်ထွန်းက ပြောသည်။
ညောင်ရွှေမြို့၊ အင်းလေးကန်သွားစက်လှေဆိပ်ကို တွေ့ရစဉ်။
#Dailynews